ကိုကိုးကျွန်းမှ ပြန်ခဲ့သည်

Ministry of Cooperatives and Rural Development | Sep 16, 2024

ကျွန်တော်နှင့် နယ်စပ်ဒေသများ

          ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခေါင်လန်ဖူးနှင့် ပန်နန်းဒင်မြို့များသို့ ကျွန်တော် ရောက်ဖူးသွားခဲ့ဖူးပြီ၊ ကယားပြည်နယ်ထဲက မယ်စဲ့မြို့ကိုဖြတ်ပြီး နယ်ခြားမှတ် တိုင် BP-၁၃ ထိလည်းကောင်း၊ ရွာသစ်ကိုဖြတ်ပြီး ဟွေပုံလောင်းထိလည်းကောင်း ခြေဆန့် ခဲ့ပြီးပြီ။ ကရင်ပြည်နယ်ထဲက စုကလိ၊ ဝေါလေဒေသများကိုလည်း ရောက်ခွင့်ကြုံခဲ့သလို ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ်အားလုံး ရောက်ဖူးခဲ့သည်၊ တွန်းဇံမြို့နယ်၏ မြောက်ဘက် နယ်နမိတ်သည် မြန်မာပြည်မြေပုံတွင် အနောက်မြောက်ယွန်းယွန်းဆီက အထစ်ကလေး (၃) ထစ်အနက် အပေါ်ဆုံးအထစ်ကလေး၏ အနားသတ်မျဉ်းဖြစ်လို့နေပါသည်။ ရခိုင်ပြည်နယ်ထဲ မှာလည်း မောင်တောမြို့မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် အတန်ငယ် ခရီးပေါက်ခဲ့သည်။ ထိုနေရာမှာ ကားလမ်းက ပင်လယ်ကမ်းစပ်နှင့် ပူးတုံခွာတုံ ဖြစ်နေ၍ တစ်ခါတစ်ရံ ပင်လယ်လှိုင်းခေါင်းဖြူများကိုပင် မြင်နေရ၏။ ရှမ်းပြည်နယ်ထဲမှာ တော့ တောင်ပိုင်းဒေသ မြန်မာ-ထိုင်း နယ်စပ်အနီးက ဟိုမိန်းမြို့လေးကို ၁၉၉၆ ခုနှစ်တွင် စတင်ရောက်ဖူးခဲ့သည်။ နောက်ထပ်(၂)ကြိမ်ကြီးများတောင် ရောက်ခွင့်ကြုံသဖြင့် အရာရာကို မှတ်မိနေဆဲ၊ သတိရနေဆဲ။ ကိုးကန့်ဒေသမှာ တာဝန်ထမ်းဆောင်ရခိုက် မြန်မာ-တရုတ် နယ်စပ်ကိုကျော်၍ နမ့်စန်မြို့လေးထိ သွားရောက်လည်ပတ်ဖူးတာကို မမေ့ခဲ့ပါ။ ‘ဝ’ ဒေသ ပန်ဆန်းမြို့ကိုလည်း ၃/၄ ကြိမ်မက ရောက်လိုက်သေးသည်။ နယ်စပ်ဖွံ့ဖြိုးရေးကိစ္စ၊ သံလွင် အရှေ့ခြမ်း ‘ဝ’ဒေသတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်း ကိစ္စများအတွက် ရောက်ခဲ့ခြင်းဖြစ်၏။ ‘ဝ’ဒေသကို ရောက်တုန်း ရောက်ခိုက် ၁၉၈၉ ခုနှစ်အထိ ဗကပဗဟိုဌာနချုပ် ပြုလုပ်ထားသောနေရာသို့ သွားရောက် လေ့လာရင်း သခင်ဗသိန်းတင် နေသောနေရာနှင့် အစည်းအဝေးခန်းမ၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ ရဲဘော်သံချောင်း၊ ရဲဘော်သန်းရွှေတို့ နေထိုင်ရာ အိပ်ဆောင်လေးများအား လိုက်လံကြည့်ရှုခဲ့ရသည်။ သွေးချင်းတို့၏ နာဂဒေသထဲမှာတော့ လေရှီးကိုသွားရင်း အိန္ဒိယ နယ်စပ်နှင့်နီးသည့် ဆွမ္မရာမြို့လေးဆီကို ရောက်အောင်သွားခဲ့သလို နန်းယွန်းမြို့နယ်ထဲက သွားရလာရခက်ခဲသော တကားကျေးရွာသို့လည်း ရောက်ခဲ့သည်။

          ထိုသို့ ထူးထူးခြားခြား နယ်စပ်ဒေသမြို့ရွာလေးများဆီကို ကျွန်တော် ရောက်ခွင့်ကြုံ ခဲ့သည်။ အလွန်သွားချင်သော မော်ဖဒေသ၊ မက်မန်းမြို့လေးသည်ပင်လျှင် (၃) ခေါက်မြောက် ရောက်ဖို့အထိ အခွင့်အရေးရခဲ့သည်။ တစ်နည်းပြောရလျှင် စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာခရီးကို နှင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော် - မြို့လေးတစ်မြို့ကိုတော့ဖြင့် ကျွန်တော် ရောက်ဖို့ရာ ဘယ်တုန်းကမှ မျှော်လင့်မထားသလို တစ်ချိန်ချိန် ရောက်သွားလိမ့်မည် ဟုလည်း မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ပါ။ ယခုတော့ ရောက်ခွင့်ကြုံခဲ့ပြီ၊ ရောက်ခဲ့ ရပြီ၊ စိတ်ထဲမှာ အလွန်ပဲအံ့ဩခဲ့ရပါသေးသည်။ ထိုမြို့လေးကား အခြားမဟုတ်ပါ။ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့လေးပင် ဖြစ်တော့သည်။

ကိုကိုကျွန်းသို့ ခရီးနှင်

          ၂၀၂၂ ခုနှစ် ဧပြီလ (၂၁) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် တပ်မတော်လေယာဉ်ကြီး သည် ကိုကိုးကျွန်းသို့ လိုက်ပါမည့် ဝန်ထမ်းများ၊ တပ်မတော်သား မိသားစုဝင်များအား တင်ဆောင်လျက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အားယူရုန်းထ ပျံသန်းခဲ့သည်။ ကနဦး မြင်နေရသည့် ရန်ကုန်ဒေသ မြင်ကွင်းများက ကျွန်တော့်အတွက် သိပ်မထူးဆန်းလှ၊ မကြာခဏ မြင်ဖူးနေကျ မြင်ကွင်းများဖြစ်သည်၊ ထိုမှ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သော အခါ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ကို လေယာဉ်ပြတင်းပေါက်မှ လှမ်း၍မြင်နေရသည်။ နာရီဝက်ခန့်အကြာမှာတော့ လေယာဉ်က ပင်လင်ပြင်ကြီးပေါ်မှ စတင်ဖြတ်သန်းနေပေသည်။ မြင်ကွင်း သိပ်မကောင်းသေးပါ။ သို့သော် နောက်ထပ်နာရီဝက်ခန့် ပျံသန်းပြီးသည်နှင့် လေယာဉ်ဘီးချသံ ကြားလိုက်ရ၍ အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ အရှေ့ဘက်ဆီက ဖြာကျ လာသော နေရောင်ခြည်အောက်မှာ ပင်လယ်လှိုင်းကြက်ခွပ်လေးများက တစ်ဖျတ်ဖျတ် လူးလွန့်နေသည်။ မကြာမီ လေယာဉ်သည် ကိုကိုးကျွန်းလေဆိပ်သို့ ဆင်းတော့မည်။ ခရီးသည်အများစုကတော့ တပ်မတော်သား မိသားစုများ ဖြစ်သည်။ ဝန်ထမ်းထဲမှာ အခြား ဌာနမှဝန်ထမ်းများ ပါကောင်းပါပါလိမ့်မည်။ ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့်မူ ကျွန်တော်နှင့်အတူ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုညွှန်ချုပ် ဦးကျော်ဇင်လတ်၊ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ အင်ဂျင်နီယာမှူးကြီး ဦးထွန်းလင်းဦး၊ လ/ထ ညွှန်ကြားရေးမှူး ဒေါ်သိန်းဌေး၊ စက်မှုကျွမ်းကျင်-၂ ဦးဇင်မင်း၊ နည်းပြ ဒေါ်မေဇင်ခိုင်တို့ (၆) ဦး လိုက်ပါလာခဲ့သည်။

ကိုကိုးကျွန်းဒေသဆိုသည်မှာ

          ကိုကိုးကျွန်းသည် ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှ ဂျေဝက်ကုမ္ပဏီမှ အိန္ဒိယလုပ်သားများ ခြေချခဲ့ဖူးသောနေရာ၊ ၁၉၄၂-၁၉၄၅ ကာလအတွင်း ဖက်ဆစ်ဂျပန်တို့၏ အခြေစိုက်စခန်း နေရာဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှစ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာအောက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ပထဝီအနေအထားအရ ကိုကိုးကျွန်းမြို့နယ်သည် တောင်မှမြောက်သို့ ၇ မိုင်ခန့် ရှည်လျားပြီး စတုရန်းမိုင်အားဖြင့် ၁၄ ဒဿမ ၅၆ မိုင်ခန့် ရှိနေပါသည်။ မြောက်ဘက် တွင် ဘင်္ဂလားပင်လယ်အော်၊ စလစ်ပါ(ဘိနပ်)ကျွန်း၊ မင်္ဂလာ(မီးပြ)ကျွန်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အရှေ့ဘက်တွင် ကပ္ပလီပင်လယ်၊ ကြွက်ကျွန်း၊ တောင်ဘက်တွင် ကပ္ပလီ ပင်လယ်၊ ဂျယ်ရီကျွန်းနှင့် အိန္ဒိယနိုင်ငံပိုင် အက်ဒမန်ကျွန်းစုတို့နှင့် ထိစပ်နေသည်။ အနောက် ဘက်တွင်မူ ဘင်္ဂလားပင်လယ်အော်၊ ကိုကိုးလေးကျွန်းတို့ တည်ရှိနေကြောင်း တွေ့မြင် ခဲ့ရသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၁၂ ပေရှိပြီး အမြင့်ဆုံးနေရာမှာ အမြင့် ၃၆၆ ပေရှိ ရွှေရင်စို့တောင် ဖြစ်ပါသည်။ ကိုကိုးကျွန်းမြို့လေး၌ ရပ်ကွက်(၂)ခုအတွင်း အိမ်ခြေ (၃၃၄)အိမ်၊ အိမ်ထောင်စု (၃၅၁) စုရှိကာ စုစုပေါင်းလူဦးရေ (၁၂၄၄) ဦး နေထိုင်လျက်ရှိသည်။ ဗမာတိုင်းရင်းသားများ အများဆုံးနေထိုင်ကာ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား များကိုလည်း တွေ့နိုင်ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း၏ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနပေါင်း (၂၀) တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ စုစုပေါင်း ဝန်ထမ်းအင်အားမှာ (၁၈၉) ဦးဖြစ်၏။ မြို့နေလူထုသည် ရေလုပ်ငန်းနှင့် အဓိကအသက်မွေး ဝမ်းကျောင်းပြုပြီး လမ်းပန်းဆက်သွယ်ရေးအရလည်း ရေလမ်းကိုသာ အားထားကြရသည်။ အိမ်တွင်း စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံသီးနှံစိုက်ဧက (၁၂၆၀) ဧကခန့်ရှိပါသည်။ မြို့ရေပေးရေးအတွက် ကိုကိုးရေလှောင်တမံသည် ရေဝင်ဆံ့မှု (၂၄၅) ဧက ရှိပါသည်။ မြို့နှင့် ဌာနဆိုင်ရာ ရုံး၊ ကျောင်း၊ ဆေးရုံတို့အတွက် ရေလုံလောက်မှု ရှိသည့်အပြင် ဥယျာဉ်ခြံမြေ (၄၉) ဧကသို့ ရေပေးဝေနိုင်ခဲ့ပါသည်။

အုန်းထွက်ပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ်၊ သက်သာစွာရောင်းချနိုင်ရေး

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်ခရီးစဉ်အတွင်း “ကိုကိုးကျွန်းမြို့နယ်တွင် အဓိကထွက်ရှိသော အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်၍ ယခုထက်ပိုမို စီးပွားဖြစ်ထုပ်လုပ်နိုင်ရေး၊ ထုတ်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေး ဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးသိန်းတိုးက ကြီးကြပ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့တော်ခန်းမတွင် အုန်းသီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ ရက်သတ္တ(၂)ပတ်ကြာ သင်ကြား ပို့ချပေးခဲ့ပါသည်။ ကိုကိုးကျွန်းမြို့မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဆောင်ရွက်လိုသော ဒေသခံ ပြည်သူများ၊ နယ်မြေခံတပ်မှ မိသားစုဝင်များ တက်ရောက်ခဲ့ကြရာ၊ အုန်းသီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၂၁) ဦး၊ အုန်းအမာခွံ လက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၈) ဦး စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ကြပါသည်။ ဒုညွှန်မှူး ဒေါက်တာကြူကြူလှိုင်၊ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးအောင်၊ ဒေါ်လင်းလင်းသန္တာအောင်၊ လ/ထ အင်ဂျင်နီယာ ဒေါ်ဌေးဌေးဝေ၊ လက်မှုကျွမ်းကျင် ဦးလင်းပိုင်ဟိန်းတို့က အနီးကပ်ကြီးကြပ် သင်ကြားလေ့ကျင့်ပေးခဲ့ရာ ဘာသာရပ်အမျိုးမျိုးရှိသည့်အနက် ဒေသနှင့်ကိုက်ညီသော ငါးမုန့်ခြောက်၊ အုန်းသီးဝိုင်၊ အုန်းဂျယ်လီ၊ တာရှည်ခံအုန်းသီးဖျော်ရည်၊ အုန်းရှာလကာရည်၊ အုန်းသီးရေခဲမုန့်၊ အုန်းသီးပေါင်မုန့်အမျိုးမျိုး၊ အုန်းသီးကိတ်မုန့်အမျိုးမျိုး၊ အုန်းသီးကွတ်ကီး နှင့် ကိတ်ခြောက်အမျိုးမျိုး၊ အုန်းသကြား၊ အုန်းသီး syrup စသည့် တန်ဖိုးမြင့်စားသောက် ကုန်ထုတ်လုပ်နည်းများ၊ ဆပ်ပြာခဲအမျိုးမျိုး၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ပရုတ်ဆီ ကဲ့သို့သော လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းများ၊ သော့ချိတ်၊ ဓာတ်ပုံဘောင်၊ အပူခံပြား၊ ဖုန်းထည့်အိတ်၊ သောက်ရေခွက်၊ ဆံထိုး၊ ကမ်းခြေဆောင်းအုန်းလက်ဦးထုပ်၊ ရေနွေးအိုး၊ ရွက်လှေ၊ ဇီးကွက်ရုပ်စသော အုန်းအမာခွံလက်မှုထည် လုပ်ငန်းများကို သင်ကြားပေးခဲ့ ပါသည်။

          ယင်းသင်တန်းဆင်း သင်တန်းသားများသည် ဒေသအတွင်း ပေါများစွာထွက်ရှိသော အုန်းသီးများအား အခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား စနစ်တကျ ထုတ်လုပ်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်ရာ၌လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျ လုပ်ကိုင်လာနိုင်မည် ဖြစ်ပါသည်။ ၎င်းပြင် ဈေးကွက်စီးပွားရေးခန့်ခွဲမှုနှင့် ထုပ်ပိုးမှုနည်းလမ်း များ၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ လိုက်နာရမည့်အချက်များကိုပါ လေ့လာသိရှိနိုင် မည်ဖြစ်ပေသည်။ သင်တန်းဆင်းပြီး လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် လိုအပ်သော စက် ပစ္စည်းများကိုပါ ကူညီပံ့ပိုးပေးခဲ့သည်။

အုန်းဆံကြိုးသင်တန်း ထပ်မံဖွင့်လှစ်မည်

          ကျွန်တော်တို့အဖွဲ့ ကိုကိုးကျွန်းသို့ မသွားရောက်မီ ရက်အနည်းငယ်အလို၌ အုန်း ဆံကြိုးစက်ရုံအတွက် လိုအပ်သော စက်ပစ္စည်း (၄) မျိုးကို သင်္ဘောဖြင့် ကြိုတင်ပေးပို့ထား ပါသည်။ ယင်းစက်ပစ္စည်းများ တပ်ဆင်ပြီးလျှင် အုန်းဆံကြိုး အခြေခံလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်သင်တန်းကို ဆက်လက်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။ ယင်းသင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများလည်း အသင့်ရှိနေပြီဖြစ်ပါသည်။ ဆရာမကြီး ဒေါ်သိန်းဌေး၊ ဦးဇင်မင်း၊ နည်းပြ ဒေါ်မေဇင်ခိုင်တို့က သင်ကြားလေ့ကျင့်ပေးသွားပါမည်။ အုန်းဆံကြိုးစက်ရုံအတွက် တည်ဆောက်ထားသည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထိုမှ တစ်ဆင့် ယခင်သင်တန်းဆင်း ဦးမျိုးနိုင်၏ ‘ပြည့်စုံ’ စားသောက်ကုန်လုပ်ငန်းတွင် ယိုထုတ်လုပ်မှုနှင့် ရေခဲမုန့်ပြုလုပ်နေသူများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ အချိန်အနည်းငယ်ရသေးသဖြင့် ကိုကိုးကျွန်း ရေတပ်အခြေစိုက်စခန်းက ဖွင့်လှစ်ထားသော အုန်းဆံကြိုးစက်ရုံ၊ အိမ်သုံးပစ္စည်းများ၊ အလှဆင်လက်မှုပစ္စည်းများ ထုတ်လုပ်နေမှုကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

ကိုကိုးကျွန်းမှ ပြန်ခဲ့သည်

          ကိုကိုးကျွန်းမြို့လေးမှာ အချိန်ပိုင်းသာ နေခွင့်ရခဲ့သည်။ ရသည့်အချိန်လေးမှာပင် ဒေသခံများ၊ သင်တန်းတက်ရောက်မည့်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အား အကောင်အထည်ဖော်နိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ကားလမ်းဝဲယာတစ်လျှောက် မြင်တွေ့နေရသော ရုံးများ၊ လူနေအိမ်များကို ငေးမောကြည့်ရှုခဲ့၏။ ပြန်/ဆက်ရုံးတွင် စာကြည့်တိုက်တစ်ခု၊ ပညာရေးဌာနတွင် စာကြည့်တိုက်တစ်ခု ရှိကြောင်း သိရ၍ အဘဦးညွန့်ဆွေ (ဒုဝန်ကြီး-ငြိမ်း) တို့၏ မြန်မာနိုင်ငံစာကြည့်တိုက်များအသင်း ဖောင်ဒေးရှင်းနှင့် ဆက်သွယ်ကာ စာအုပ် စာစောင်များ လှူဒါန်းနိုင်မည်ဟု ဖျတ်ကနဲအတွေးဝင်မိ၏။ ကိုကိုးကျွန်းမြို့၏ တစ်ကျောင်း တည်းသော သာ့သနာ့မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းရှေ့သို့အရောက် လက်အုပ်ချီမိုး ရှိခိုးခဲ့ပါ သေးသည်။ (၄)မိုင် ကမ်းခြေနေရာလေးသည်ကား မြို့သူမြို့သားများ အပန်းဖြေရေချိုးဆိပ် နေရာလေး ဖြစ်ကြောင်းသိရသည်။ ကြည့်ရသည်မှာ သာသာယာယာ နေရာလေးတစ်ခုပါပေ။ ဂျယ်ရီကျွန်းဘက်သို့လည်း လှမ်းမျှော်ကြည့်ရှုရင်း တစ်ချိန်က အကျဉ်းကျခံရသူများ၏ ပုံရိပ်များကို ပြန်လည်မှန်းဆ သတိရမိပါသေးသည်။ ကိုကိုးကျွန်းမှ လေယာဉ်ပြန်အတက် တွင်မူ မြို့ရေပေးရေးကို အထောက်အကူပေးနေသည့် ကိုကိုးရေလှောင်တမံအား လှမ်း၍ မြင်ရ၏။ ထို့အပြင် သမိုင်းဝင် မင်္ဂလာ(မီးပြ)ကျွန်းကိုလည်း မြင်ခွင့်ရလိုက်သည်။ ပင်လယ် ရေပြင်ပေါ်မှဖြတ်၍ ပျံသန်းနေခိုက် ကိုကိုးကျွန်းမြို့လေးက ဝေး၍ဝေး၍ ကျန်ခဲ့သည်။ သို့သော် ယင်းဒေသငယ်လေးအား မျှော်မှန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေလိုသည့် ဇောစေတနာကမူ ကျွန်တော့်ရင်ထဲမှာ ငြိတွယ်လိုက်ပါလာခဲ့သည်။ ပြန်လည်ဆုံတွေ့ ကြပါဦးစို့။

မြင့်စိုး(နတလ)