ကျေးလက်စီးပွားမြင့်မားရေး ကုန်ထုတ်လမ်းများဖောက်လုပ်ပေး

Ministry of Cooperatives and Rural Development | Jul 23, 2024

အထွေး

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်၍ နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုကြသည်။ အဆိုပါကျေးလက် ဒေသများတွင် စိုက်ပျိုးမွေးမြူထားသော ဒေသထွက်ကုန်သီးနှံမျိုးစုံကို ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လွန်စွာအရေးကြီးလှ ပါသည်။ ကျေးလက်ဒေသများရှိလယ်ယာစိုက်ခင်းများသို့ ဆက် သွယ်ထားသောလမ်းများမှာ ဒေသအလိုက်ကြုံသလိုဖြစ်သလိုသာ သွားလာအသုံးပြု နေကြသည့်အတွက်သွားလာရ အဆင်ပြေ ချောမွေ့မှု မရှိပါ။ အချို့လယ်ယာ စိုက်ခင်းများသို့ ဆက်သွယ်ထားသော လမ်း များမှာ လယ်ကန်သင်းရိုးအတိုင်း သွားလာရပြီး ဆိုင်ကယ်တစ်စီးမောင်းရရုံသာရှိ၍ ရာသီ မရွေး အသုံးမပြုနိုင်ဘဲ ပွင့်လင်းရာသီတွင် သာ  အသုံးပြုနိုင်ပါသည်။

သီးနှံများလေလွင့်ပျက်စီး

ဒေသထွက်ကုန်သီးနှံများ သယ်ယူပို့ဆောင်ရာ၌လည်း ဆိုယ်ကယ်ဖြင့် အခေါက် ခေါက်အခါခါ သယ်ယူပို့ဆောင်ရသည့်အတွက် သယ်ယူစရိတ်များပြားသည့်အပြင် သယ်ယူ နိုင်မှု ပမာဏနည်းပါးပြီး မိုးရာသီတွင် သီးနှံများသယ်ယူရန် အဆင်မပြေသည့်အတွက် သီးနှံများလေလွင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ရသည်။ အချို့လမ်းများမှာ လှည်းတစ်စီးသွားရရုံမျှ သာရှိပြီး လယ်ယာစိုက်ခင်းများသို့အသွားလှည်းနှင့်အပြန်လှည်း ဆုံကြသည့်အခါ ရှောင်တိမ်း ရန် ခက်ခဲပြီး လယ်ယာစိုက်ခင်းထဲသို့ လှည်းချ၍ ရှောင်တိမ်းရသည့်အခါ သီးနှံအချို့ အပျက်အစီး အလေအလွင့်ဖြစ်ရသည်။ ကျေးလက်ဒေသများရှိ လယ်ယာစိုက်ခင်းအများစုမှာ သွားစရာ လမ်းပင်မရှိဘဲတစ်ဦး လယ်ထဲမှတစ်ဦးနားလည် မှုဖြင့်သွားလာအသုံးပြုနေကြပြီး ဒေသထွက်ကုန်သီးနှံများသယ်ယူရာ၌လည်း လူသွားလမ်းသာရှိ၍ ခေါင်းရွက်သယ်ယူ ပို့ဆောင် ရသည့်အတွက် အချိန်ပိုကုန်သလို လူလည်း ပင်ပန်းလှပါသည်။ ထို့ပြင်တစ်ဦး လယ်ယာထဲက တစ်ဦးနားလည်မှုဖြင့် သွားလာအသုံးပြုရသည်မှာ လူမှုရေးအရ အဆင်ပြေ နေချိန်တွင် အခက်အခဲမရှိသော်လည်း လူမှုရေးပြဿနာများဖြစ်လာပါက လမ်းပိတ်လိုက် သည့်အခါ လယ်ယာစိုက်ခင်းထဲသို့ သွားစရာ လမ်းမရှိတော့ဘဲ ထွက်ကုန်သီးနှံများ သယ်ယူ ရာ၌ အခက်အခဲများဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် တိုင်ကြတောကြနှင့် လူမှုနယ်ပယ် မှာ များစွာကြုံတွေ့နေရပါသည်။ ထိုကဲ့သို့သော ပြဿနာများဖြစ်ပေါ်နေရသည့် အဓိက အကြောင်းအရင်းမှာ လယ်ယာထွက်ကုန်သီးနှံများ သယ်ယူပို့ဆောင်ရန် လမ်းမရှိ/ လမ်းမကောင်းနေခြင်းပင်ဖြစ်သည်။

တောင်သူများ၏အဓိကလိုအပ်ချက်ဖြစ်သောကုန်ထုတ်လမ်းတံတားများဆောင်ရွက်

          ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် ဒေသများရှိ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက် ကုန်သီနှံမျိုးစုံကို ရာသီမရွေးဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်သူများနှင့် ဈေးကွက်သို့ ချိတ်ဆက်ပေးရာတွင် ပထမခြေလှမ်းဖြစ်သော ကျေးရွာမှ လယ်ယာစိုက်ခင်းများသို့ ဆက်သွယ်ပေးသော ကုန်ထုတ်လမ်းတံတားများကို ၂၀၁၈-၂၀၁၉ခုနှစ်၊ (၆)လဘတ်ဂျက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်ထုတ်လမ်းဆိုသည်မှာ

ကုန်ထုတ်လမ်းဆိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာမှတာဝန်ယူ ဆောင်ရွက် သည့်(က၊ခ)အဆင့်ဝင်လမ်းစားရင်းတွင်ပါဝင်ခြင်းမရှိဘဲ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များ ကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဈေးကွက်သို့လျင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေး နိုင်သည့် ဆိပ်ခံသွားလမ်းအပါအဝင် အထောက်အကူပြုလမ်းများ၊ ခေတ်မီစက်မှု လယ်ယာအတွင်းလမ်းများ၊ မြောင်းကူးတံတားနှင့် ဆိပ်ခံတံတားငယ်များကို ခေါ်ဆို ပါသည်။ ထိုကဲ့သို့ ကုန်ထုတ်လမ်းတံတားများ ဖောက်လုပ်ဆောင်ရွက်ရာ၌ မြေပြင် တွင် အမှန်တကယ်လိုအပ်မှုရှိ/မရှိ ကျေးလက်နေပြည်သူများ၏ စီးပွားရေးတွက်ခြေ ကိုက်မှု ရှိ/မရှိ၊ ကုန်ထုတ်လမ်းတံတားဖောက်လုပ်ဆောင်ရွက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ၊ အကျိုးပြုလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဧက အနဲ အများပေါ်မူတည်ပြီး စနစ်တကျစိစစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီး

ကုန်ထုတ်လမ်းတံတားများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျေးလက်နေ တောင်သူများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီးလှပါသည်။ မူလလမ်းအူကြောင်း ရှိပြီးသောနေရာများတွင် ကုန်ထုတ်လမ်းတံတားဆောင်ရွက်ရာ၌ အခက်အခဲ မရှိသော်လည်း လမ်းအူကြောင်းမရှိ၊ လှည်းလမ်းပင် မရှိသောနေရာမျိုးတွင် ကုန်ထုတ်လမ်းတံတား ဆောင်ရွက်မည်ဆိုပါက သတ်မှတ်လမ်းအကျယ်ရရှိရေးအတွက် ဘေးဝဲ/ယာ တလျှောက်ရှိ လယ်ယာမြေပိုင်ရှင်များ၏ လမ်းနယ်မလွတ်သော မိမိတို့လယ်ယာမြေအား မိမိတို့ သဘော ဆန္ဒဖြင့် လှူဒါန်းပါကြောင်းအထောက်အထားသည် များစွာအရေးပါလှသည်။ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD)မှဝန်ထမ်း များသည် ကျေးလက်နေ တောင်သူများအား ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးပါက ရရှိလာမည့် အကျိုး ကျေးဇူးများကို ထင်သာမြင်သာရှိအောင် ထဲထဲဝင်ဝင်ချပြ ဆွေးနွေးတွေ့ဆုံ ညှိနှိုင်းပြီး ကုန်ထုတ်လမ်းတံတားများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကုန်ထုတ်လမ်း Pilot Project စတင်ဆောင်ရွက်

          ၂၀၁၈-၂၀၁၉ ခုနှစ်၊ (၆)လဘတ်ဂျက်တွင် ရေစကြိုမြို့နယ်အတွင်းရှိ ဗြိဘ(အနောက်) ကျေးရွာကုန်ထုတ်လမ်းအား Pilot Project အနေဖြင့်ဖောက်လုပ်ခဲ့ပါသည်။ အဆိုပါ ကျေးရွာမှာ ရေစကြိုမြို့၏အနောက်မြောက်ဘက် (၂၂)မိုင်ခန့် အကွာ တွင်တည်ရှိပြီး မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ ကုန်ထုတ်လမ်းကို Pilot Project အနေဖြင့် ဆောင်ရွက်ရမည်ဆိုသည့်အခါ မြေပြင် တွင် မည့်ကဲ့သို့သော အခက်အခဲများနှင့် ကြုံတွေ့နိုင်မည်ကို ကြိုတင်မှန်းဆနိုင်ခြင်း မရှိသော်လည်း အကောင်းဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေး လက်နေပြည်သူများက တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ရာနှုန်းပြည့် အဆင်ပြေနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု မဆောင်ရွက်မီ ကျေးရွာမှ ပူးပေါင်းပါဝင်မှုအားကောင်းနေလျှင် လုပ်ငန်း၏(၅၀)ရာခိုင်နှုန်းခန့်မှာ အောင်မြင်ပြီးစီးနေသလိုပင်ဖြစ်သည်။

ကျေးရွာမှ လိုလားတက်ကြွစွာပူးပေါင်းဆောင်ရွက်

အဆိုပါ ဗြိဘ(အနောက်)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ၏ လိုလား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်ထုတ်လမ်းဖောက်လုပ်ရန်အတွက် အကြို ကွင်းဆင်းတိုင်းတာခြင်း၊ မြေယာလှူဒါန်းမှုရရှိရေး လမ်းဘေးဝဲ/ယာ တစ်လျှောက်ရှိ လယ်ယာမြေပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ကုန်ထုတ်လမ်း ဖောက်လုပ်ပါက ရရှိ လာမည့် အကျိုးကျေးဇူးများအား ထဲထဲဝင်ဝင် ရှင်းလင်းဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ရာ လယ်ယာမြေပိုင်ရှင်များ၏ မြေယာလှူဒါန်းမှုရရှိခဲ့သည့်အတွက် ဗြိဘ(အနောက်) ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ရန် အထက်ဌာန အဆင့်ဆင့်သို့တင်ပြ၍ အတည်ပြုချက်ရယူခဲ့ ပါသည်။

အဆိုပါ ကုန်ထုတ်လမ်းသည် မြေပြင်တွင် အမှန်တကယ်လိုအပ်မှုရှိနေသည်မှာ လက်တွေ့ပင်ဖြစ်သည်။ လက်ရှိလမ်းမှာ လမ်းဘေးဝဲ/ယာရှိ လယ်ယာများထက် နိမ့်ကျ နေခြင်း၊ လမ်း၏အောက်ခံမြေမှာ ရွှံ့စေးများဖြစ်နေပြီး မိုးရာသီတွင်သွားလာရ ခက်ခဲခြင်း၊ ဒေသခံတောင်သူများ ကုန်စည်သယ်ယူပို့ဆောင်ရာ၌ အဓိကအားထား အသုံးပြုလျက် ရှိသောလမ်းဖြစ်ခြင်း၊ မိုးရာသီတွင် ကုန်စည်များသယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေခြင်း များကြောင့် အဆိုပါကုန်ထုတ်လမ်းအား နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေဖြင့် Pilot Project အဖြစ် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ သားများမှာ များစွာဝမ်းမြောက်ဂုဏ်ယူခဲ့ကြပါသည်။

ကုန်ထုတ်လမ်း Pilot Project ဆောင်ရွက်သည့် မြေပြင်အတွေ့အကြုံများ

ကုန်ထုတ်လမ်းလုပ်ငန်းမဆောင်ရွက်မီ လုပ်ငန်းအရည်သွေးပြည့်မီပြီး ရေရှည် အသုံးပြုနိုင်သည့် ကုန်ထုတ်လမ်းဖြစ်စေရေးအတွက် ကျေးရွာတာဝန်ရှိသူများ၊ ကုန်ထုတ် လမ်းဆောင်ရွက်ခြင်းကြောင့် တိုက်ရိုက်အကျိုးခံစားရသူများ ပါဝင်သည့် ကုန်ထုတ်လမ်း အထောက်အကူပြုအဖွဲ့၊ လုပ်ငန်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်း၍ အနည်းဆုံးတစ်ဦး လုပ်ငန်းခွင်တွင် နေ့စဉ်မပြတ်စောင့်ကြည့်ပြီး လုပ်ငန်း ဆောင်ရွက်မှု အပေါ် အားတက်တရောအကြံပြုပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဗြိဘ(အနောက်)ကျေးရွာ ကုန်ထုတ်လမ်းအား ၂၀၁၈ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်း စတင်ဆောင်ရွက်ချိန် တွင်မိုးရွာသွန်းနေသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများမှာ ဖိနပ်ပင်စီး၍မရဘဲ ဖိနပ်မပါခြေဗလာနှင့်ပင် မိုးရွာထဲတွင် ထီးဆောင်း၍ လမ်းနယ်သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

မူလလမ်းမှာ လှည်းလမ်းသာဖြစ်သည့်အပြင် လမ်းမှာ လမ်းဘေးဝဲ/ယာရှိ လယ် ယာမြေများထက်နိမ့်နေ၍ သတ်မှတ်လမ်းအကျယ်ရရှိစေရန် လမ်းချဲ့ခြင်း၊ အောက်ခံမြေ မကောင်းသည့်အတွက် မူလအောက်ခံမြေများဖယ်ထုတ်၍ ကျောက်ရောမြေ ဖြည့်ပြီး သတ်မှတ်လမ်း (Level)ရရှိအောင် ဆောင်ရွက်ခဲ့ရပါသည်။ အဆိုပါကုန်ထုတ်လမ်း အောက် ခံမြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်ခံမြေများ ပျော့ပြီး လှည်း၊ နွား၊ ဆိုင်ကယ်များပင် သွား၍မရတော့ဘဲ လမ်းလုပ်ငန်း ဆောင်ရွက်သည့် ယာဉ်စက်ယန္တရားများ ဝင်ထွက်ရန် အဆင်မပြေတော့ သည့်အတွက် လုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ရပါသည်။

          လုပ်ငန်းဆောင်ရွက်သည့်ကာလမှာ မိုးရာသီဖြစ်နေ၍ မိုးမှာရွာလိုက် ရပ်လိုက် နှင့်ပင် တနေကုန်မိုးမရွာဘဲ ရာသီဥတုသာယာသည့်ရက်ပင် မရှိသလောက်ဖြစ်ခဲ့ပါ သည်။ ထို့ကြောင့် မိုးလင်းသည့်အချိန်ကိုစောင့်၍ လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဘတ်ဂျက်တိုကာလဖြစ်၍ သတ်မှတ်ရက်အတွင်း လုပ်ငန်းမပြီးမည်မှာတစ်ကြောင်း၊ ကုန်ထုတ်လမ်းမှာ တောင်သူများ နေ့စဉ်အသုံးပြုနေသည့် လမ်းဖြစ်သည့်အတွက် လုပ်ငန်းရပ်ဆိုင်းထားပါက တောင်သူများ ကုန်ထုတ်ရန် နှောင့်နှေးကြန့်ကြာနေမည်မှာတစ်ကြောင်း စသည့်အကြောင်း အမျိုးမျိုး ကြောင့် လုပ်ငန်းကို တတ်နိုင်သလောက် တွန်းအားပေးဆောင်ရွက်ခဲ့ရပါသည်။

ဌာနမှဝန်ထမ်းများမှာ အမျိုးသမီးဝန်ထမ်းများဖြစ်၍ လုပ်ငန်းခွင်ရှိရာကျေးရွာတွင် ညအိပ်နေထိုင်ပြီး လုပ်ငန်းကြီးကြပ်ဆောင်ရွက်ရန် အဆင်မပြေသည့်အတွက် ရေစကြိုမြို့မှ (၂၂)ခန့်ကွာဝေးသော လုပ်ငန်းခွင်သို့ ကားနဲ့တစ်ဖုံ ဆိုင်ကယ်နဲ့တစ်မျိုး စိမ့်၍ရွာနေသော စွေမိုးများအကြား နေ့စဉ်သွားရောက်ဆောင်ရွက်ခဲ့ရပါသည်။ မိုးသည်းထန်စွာ ရွာသွင်းပြီး မြေသယ်ယာဉ်နှင့် လမ်းလုပ်ငန်းသုံးစက်ယန္တရားများ လုံးဝ ဖြတ်သန်းသွားလာ၍ မရသည့် အချိန်မှသာ လုပ်ငန်းခေတ္တရပ်ဆိုင်းပြီး လုပ်ငန်းဆောင် ရွက်၍ ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနတာဝန်ရှိသူ များ၊ ကား/စက်ယန္တရားမောင်းများနှင့် ကျေးရွာတာဝန်ရှိသူများမှာ လုပ်ငန်းခွင်တွင် အသင့်ရှိနေခဲ့ပါသည်။  

ထိုသို့ပင် မိုးရွာလိုက်၊ လုပ်ငန်းခေတ္တရပ်ဆိုင်းလိုက်၊ မိုးတိတ်ပါက လုပ်ငန်း ပြန်စလိုက် ဖြင့်ပင် ဗြိဘ(အနောက်)ကျေးရွာကုန်ထုတ်လမ်း (၆)ဖာလုံအား (၂)လခန့် အကြာတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ အဆိုပါကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက် နေစဉ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ်  လမ်းညွှန်မှာကြားချက်များအား စနစ်တကျ လိုက်နာခြင်း၊ ကုန်ထုတ်လမ်းအထောက်အကူပြုအဖွဲ့၏ အကြံပြုချက်များအား ဖြည့်စွက် ဆောင်ရွက်ခြင်းတို့ကြောင့် ကုန်ထုတ်လမ်းအား အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင် ခဲ့ပါသည်။

စိုက်ပျိုးရေးဧကပေါင်း(၁၁၀၀)အကျိုးပြုနိုင်ခဲ့သည့် ကုန်ထုတ်လမ်း

ထိုသို့ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဗြိဘ(အနောက်)ကျေးရွာရှိ အိမ်ခြေ (၃၀၀)၊ လူဦးရေ(၂၆၀၀)၊ ယာမြေစိုက်ပျိုးရေး ဧကပေါင်း(၁၁၀၀)တွင် နှစ်စဉ် စိုက်ပျိုး လျက်ရှိသော ပြောင်း၊ ပဲအမျိုးမျိုး၊ နှမ်း၊ ဝါ၊ ပဲစဉ်းငုံ၊ ငရုတ်၊ ဖရဲနှင့် အခြားစိုက်ပျိုး သီးနှံများအပြင် တစ်ပိုင်တစ်နိုင် ဒေသမွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်မျိုးစုံကို ရာသီမရွေး၊ အချိန်တို အတွင်း သယ်ယူစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာသည်မှာ လက်တွေ့ပင် ဖြစ်ပါသည်။

ပီတိကိုစားအားရှိပါ၏

          ဗြိဘ(အနောက်)ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်စဉ်အတွင်း မိုးရွာသွန်းမှု ကြောင့် လုပ်ငန်းဆောင်ရွက်မှုနှောင့်နှေးကြန့်ကြာမှုများရှိခဲ့၍ ထင်သလောက်ခရီး မရောက်ခဲ့ဘဲ လုပ်ငန်းဆောင်ရွက်သည့်ကာလမှာ ခန့်မှန်းချိန်ထက် ပိုကြာခဲ့သလို မြေပြင်အခက်အခဲ များစွာလည်း ကြုံတွေ့ခဲ့ရပါသည်။ လုပ်ငန်းဆောင်ရွက်စဉ် အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရသော်လည်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီးနောက် ကျေးရွာသူ ကျေးရွာသားများအတွက် လက်တွေ့အသုံးချ အကျိုးပြုနိုင်ခြင်း၊ ဗြိဘ(အနောက်)ကျေးရွာအတွက် သာမက ပတ်ဝန်းကျင်ရှိကျေးရွာများအတွက်ပါ ဒေသထွက်ကုန် သီးနှံများသယ်ပို့ရာ၌ အဓိက အားထား အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း အထက်ဌာနအဆင့်ဆင့်မှ တာဝန်ရှိသူများ၏ လမ်းညွှန်မှာကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းနှင့် ကျေးရွာကုန်ထုတ်လမ်းအထောက်အကူပြုအဖွဲ့၊ လုပ်ငန်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့မှ လုပ်ငန်းဆောင်ရွက်မှုအပေါ် လစ်ဟင်းမှုမရှိဘဲ နေ့စဉ်မပြတ်စောင့်ကြည့်၍ လိုအပ်ချက်များ ရှိပါက ဌာနနှင့်ပြည်သူတွဲလက်ညီညီ ချက်ချင်းပြုပြင်ဖြည့်စွက် ဆောင်ရွက်ခဲ့သည့်အတွက် လုပ်ငန်းဆောင်ရွက်ပြီး (၁)နှစ်ခွဲ ခန့် အကြာထိ ကုန်ထုတ်လမ်းမှာ လှည်းဘီးအရာမျှပင် မထင်ဘဲ လမ်းမျက်နှာပြင်မှာ မာကျောပြီး ကျောက်ချောလမ်းပမာ အခိုင်အခန့်တည်ရှိ နေသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် လုပ်ငန်းဆောင်ရွက်စဉ်က ပင်ပန်းသမျှအမောပြေ ခဲ့ရပါသည်။

ထိုကဲ့သို့ပင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန် ဟူသော ဌာန၏မျှော်မှန်းချက်နှင့် အညီ ပရဟိတစိတ်အပြည့်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဘက်ပေါင်းစုံမှ စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

ကိုးကား။      ။ (၁)  ကျေးလက်ကုန်ထုတ်လမ်းတည်ဆောက်ရေးလက်စွဲ

                           (၂)   စာရေးသူ၏ ကုန်ထုတ်လမ်း Pilot Project ဆောင်ရွက်ခဲ့မှုအတွေ့အကြုံများ

 

 (၂၁--၂၀၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ-၁၈/၁၉)