စန္ဒကူးနံ့သာကျောင်းတော်ရာ အတွေးများနှင့် မကွေးမြို့က ပြန်ခဲ့သည်

Ministry of Cooperatives and Rural Development | Oct 13, 2023

မြင့်စိုး(နတလ)

မုန်းချောင်းရေအလျင် ရစ်ခွေဆင်းသို့

                   ကျား     ရင်ထဲမှာနွေ …..အသည်းလွှာအပေါင်း

                               ချမ်းဆောင်းမြမြ တုန်ယင်ကာလေ

                               နှလုံးသားမျက်ရည် မိုးသို့စွေခဲ့ပေ

                   မ          ရင်ထဲမှာနွေ ……အသည်းလွှာအပေါင်း

                               ချမ်းဆောင်းမြမြ တုန်ယင်ကာလေ

                               နှလုံးသားမျက်ရည် မိုးသို့မစွေနဲ့လေ

                   ကျား     ဘယ်လိုပင် ဝေးကွာဝေးအောင်

                               ပြေးကာပြေးလို့ တို့မှာမဖြေနိုင်

                               အသည်းလေးခွေယိုင် နှလုံးသားတွေကမခိုင်

                   မ          ဘယ်လိုပင် ဝေးကွာဝေးအောင်

                               ပြေးကာမပြေးကွဲ့ မေ့အသည်းညှာပိုင်

                               အသည်းလေးတူပြိုင် သစ္စာပန္နက်ဖူးအခိုင်

          စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး တည်ရှိရာ ကျောင်းတော်ရာရွာသို့ မရောက်မီကတည်းက ကျွန်တော့်နားထဲမှာ တေးသံရှင် ဗညားဟန်နှင့် စိုးစန္ဒာထွန်းတို့ သီဆို ထားသော “စန္ဒကူးအလွမ်း” သီချင်းသံလေးက ပဲ့တင်ထပ်၍ ကြားယောင်လာမိသည်။ တေးရေး လက်ရာရှင်ကတော့ ကျောင်းတော်ရာသိန်းဝင်း ဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်က၊ တိတိကျကျပြောရလျှင် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလခန့်က စန္ဒကူး အလွမ်း သီချင်းဖန်တီးရှင် ကျောင်းတော်ရာသိန်းဝင်းသည်ပင်လျှင် အသက် ၆၈ နှစ် ရှိလာ ခဲ့လေပြီ။ သူ၏ အစ်ကိုရင်းဖြစ်သူ ဦးကြည်စိုးနှင့် တွေ့ဆုံစကားပြောခဲ့သဖြင့် ၂၀၀၀ ပြည့်နှစ် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ရွှေသင်္ကန်းကပ်လှူပွဲနှင့် ထီးတော်တင်ပွဲသည် အဆို တော် ဗညားဟန်၏ အနုပညာခရီး အစဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ ကျောင်းတော်ရာ ကျေးရွာ တွဲဖက်အထက်တန်းကျောင်း ဆရာလေးကိုမြင့်ဌေးသည် ကိုသိန်းဝင်း၏ စန္ဒကူး အလွမ်းသီချင်းကို ထိုဘုရားပွဲမှာ တေးသံရှင် စိုးစန္ဒာထွန်းနှင့်အတူ တွဲ၍သီဆိုခွင့်ရခဲ့၏။ ထိုမှ ဗညားဟန် ဖြစ်လာခဲ့သည်။ ဦးကြည်စိုးကိုယ်တိုင်လည်း ထိုအချိန်က တေးသံသွင်းဆိုင် ဖွင့် ထားသောကြောင့် အနုပညာနှင့်မစိမ်းလှ။ တေးရေးဆရာ ဦးသိန်းဝင်းသည် ယနေ့ချိန်ထိ တေးသီချင်းများ ရေးဖွဲ့သီကုံးနေဆဲဖြစ်ပြီး မကြာမီတေးရေးသဟာအောင်တို့နှင့်တွဲ၍ ဖန်တီး ထုတ်လုပ်ဦးမည် ဖြစ်ကြောင်း သိခဲ့ရသည်။ ကျောင်းတော်ရာကို ရွာဟုပြောနေရသော်လည်း စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီး၏ အရိပ်အာဝါသအောက်မှာ မြို့ပြအသွင်ဆောင် နေပြီ ဖြစ်သည်။ တိုက်နယ်ဆေးရုံရှိသည်။ မီးသတ်ရှိသည်။ လူမှုရေး ဘာသာရေးအသင်းအဖွဲ့ များ ရှိနေသည်။ ဆန်စပါး၊ ပဲ ပြောင်း နှမ်း ဝါစိုက်ခင်းများနှင့် တန်ဆာဆင်ထားသေး၏။

                               တို့နှစ်ဦးစုံညီ မြင်းလှည်းလေးနဲ့

                               ငါးစာကျွေးခဲ့ တူတူပြိုင်ပြိုင်

                               မုံးချောင်းရေအလျင် ရစ်ခွေဆင်းသို့

                               တို့ချစ်ခြင်းက မပျက်ယွင်းခဲ့ပါနိုင်

          စန္ဒကူးအလွမ်းသီချင်းထဲက မုံးချောင်းဘေးသို့မူ ကျွန်တော် မရောက်ဖြစ်တော့၊ ဘုရား နှင့် ၄ ဖာလုံခန့်သာ ဝေးသည်ဆို၏။ ဝါဆိုလပြည့်နေ့ရောက်တိုင်း ဘုရားလာဖူးကြသော မုံးချောင်းထဲက ငါးထွေကြီးများအကြောင်းကိုလည်း ကြားခဲ့ရသည်။ သောင်တွေထွန်းကာ ဂေဟစနစ် ပြောင်းသွား၍ပဲလား၊ စက်တပ်မော်တော်လေးတွေ အသွားအလာ များ၍ ပဲလား တော့မသိ၊ တဖြည်းဖြည်းကောင်ရေနည်းသွားပြီး ၂၀၁၁-၂၀၁၂ နောက်ပိုင်း မလာကြတော့ ကြောင်း သိရသည်။ ငါးစာကျွေးဖူးသူများကတော့ အမှတ်တရ ရှိနေကြပါလိမ့်မည်။ စန္ဒကူး နံ့သာကျောင်းတော်ရာဘုရားမှသည် ရှင်ပင်စက္ကိန်းတဲစေတီတော်၊ မူလမြသလွန်စေတီတော်၊ မကွေးမြသလွန်စေတီတော်၊ မင်းဘူးရွှေစက်တော်ထိ ရာဇဝင်တစ်ဆက်တစ်စပ်တည်း ရှိနေခဲ့ သည့်ဘုရားသမိုင်းများကို အောက်ပါအတိုင်း လေ့လာဖတ်ရှုခဲ့ရပါသည်။

စန္ဒကူးနံ့သာ ကျောင်းတော်နေရာနှင့် စေတီတော်

          ဘုရားရှင်လက်ထက် သုနာပရန္တတိုင်း မုံးကမ်းပါးဘေးရှိ ဝါဏိဇ္ဇဂါမရွာ (ယခုသစ်တော်ရွာ နေရာ) မှ ကုန်သည်သူကြွယ်၏ သား မဟာပုဏ္ဏသည် မဇ္ဈိမတိုင်း သာဝတ္ထိပြည်သို့‌ ရောက်ရှိကာ ဇေတဝန်ကျောင်းတော်တွင် ဘုရားရှင်အား ဖူးတွေ့ပြီး ရဟန်းပြုခဲ့သည်။ ဘုရားရှင်ထံခွင့်ပန်၍ နေရပ်သို့ ပြန်ခဲ့ရာတွင် စတုတ္တသီတင်းသုံးရာနေရာဖြစ်သော မကုလကာရာမဝိဟာရ နေရာ၌ ဝါဆို သီတင်းသုံးတရားဓမ္မ အားထုတ်ခဲ့ရာ ရဟန္တာဖြစ်တော်မူခဲ့သည်။ ထိုနေရာသည် ယခုကျောင်းတော် ရာ စေတီတော်မြတ်ကြီးနှင့် မဝေးလှသော တောကျောင်းကုန်းအရပ် (ရေသနုပ်ကုန်း) ဟု ခေါ်ကြောင်း သိရသည်။ ရဟန္တာ မဟာပုဏ္ဏ၏ ညီဖြစ်သူ စူဋ္ဌပုဏ္ဏသူကြွယ် ဦးဆောင်သောကုန်သည် ၅၀၀ တို့သည် မလ္လာယုမည်သော မလယကျွန်းမှ စန္ဒကူးနံ့သာသစ်တို့ကို ခုတ်ယူ၍ အပြန်ခရီး၌ လှိုင်းကြီးလေထန်ဖြစ်ပြီး ဘေးဒုက္ခတွေ့နေချိန် မဟာပုဏ္ဏမထေရ်က ကယ်တင်လိုက်ရသည်။ မဟာ ပုဏ္ဏမထေရ်၏ တိုက်တွန်းမှုဖြင့် မြတ်စွာဘုရားရှင်အား ဖူးမြော်ခွင့်ရကြရန်အတွက် ပါလာသော စန္ဒကူးနံ့သာသစ်တို့ဖြင့် ကျောင်းဆောက်လုပ်ကြသည်။ ဘုရားရှင်ကလည်း နောက်ပါရဟန္တာ ၅၀၀ ဖြင့် ကြွရောက်တော်မူလာပြီး ၇ ရက်ပတ်လုံး သီတင်းသုံးနေထိုင်တော်မူကာ နောင်သောအခါ အရိ မဒ္ဒနပေါက္ကာရာမပြည်ကို အစိုးရသော မင်းလက်ထက် ငါ၏သရက္ခန်ကျောင်းနေရာ၌ စေတီတည်၍ ကြီးစွာသော ပူဇော်ခြင်းကို ပြုလတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားကာ ပြန်လည်ကြွမြန်းသွားခဲ့သည်။

          စန္ဒကူးကျောင်းတော်မှ သစ်များကို လောဘ ဒေါသ မောဟ ဖုံးလွှမ်း၍ ဖျက်ဆီးယူငင်သုံးစွဲ ကြသော် သတ္တဝါတို့ အပါယ်လားမည်ဖြစ်၍ မဟာပုဏ္ဏ ရဟန္တာမထေရ်သည် အဓိဌာန် ၄ ချက်ကို ပြုတော်မူခဲ့သည်။ ယင်းအဓိဌာန်အရ စန္ဒကူးနံ့သာကျောင်းတော်ကြီး ကွယ်ပျောက်သွားခြင်း၊ သေလာမယကျောက်စေတီ ပေါ်ပေါက်လာခြင်း၊ ကျောင်းတော်ကြီး မရှိတော့သော်လည်း အကျယ် အဝန်းမှတ်တိုက် ၄ ချက် ပေါ်ထွက်လာခြင်း၊ ဘုရားရှင် သီတင်းသုံးခဲ့သောနေရာဟူ၍ လူအပေါင်း တို့က မပြတ်ယုံကြည်ဆည်းကပ်ကိုးကွယ်ကြခြင်းတို့ ဖြစ်ပါသည်။ ဘုရားရှင်၏ ဗျာဒိတ်တော်လာ အတိုင်းပင် သာသနာသက္ကရာဇ် ၁၆၃၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်တွင် နန်းတက်သော အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရင်း သေလာမယကျောက်စေတီကို တွေ့ရှိခဲ့သည်။ ကျောက်ဂူအတွင်း၌ ဘုရားရှင်၏ဗျာဒိတ်တော် ကြေးပုရပိုက်ကိုလည်း တွေ့ရှိကြရ၍ လွန်စွာဝမ်းမြောက် ဝမ်းသာ ဖြစ်တော်မူကာ သေလာမယကျောက်စေတီကို ဌာပနာပြုလျက် စေတီတော်ကြီးအား တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ထိုစေတီကား ယနေ့ဖူးတွေ့နေရသော ကျောင်းတော်ရာ စေတီတော်ကြီး ဖြစ်ပေတော့သတည်း။

ရှင်ပင်စက္ကိန်းတဲ စေတီတော်

          မြတ်စွာဘုရားရှင်သည် ကေလာသဖတောင်ထိပ်တွင် သိကြားမင်း ဆပ်ကပ်လှူဒါန်းသော မြသားသလွန်ပေါ်၌ ဖလသမာပတ်ကို ဝင်စားလျက် ကိန်းစက်တော်မူသည်ကတစ်ကြောင်း၊ ဤ ကေလာသဖတောင်သည် အဝိဇဟိတဗ္ဗဌာနဖြစ်၍ ဘုရားရှင်တို့ မစွန့်ပယ်အပ်သောနေရာဖြစ်ပြီး အဆူဆူသော ဘုရားရှင်တို့ ကြွရောက်ကိန်းစက်တော် မူကြသည်ကတစ်ကြောင်းတို့ဖြင့် စက္ကိန်းတဲ တောင်ဟု ခေါ်ဝေါ်ကြကြောင်း သိရသည်။ မြတ်စွာဘုရားရှင် ကိန်းစက်တော်မူခဲ့သည့် တည်းကျောင်းမဏ္ဍပ်ကို ဌာပနာပြု၍ စေတီတည်ခဲ့သောကြောင့် ရှင်ပင်စက္ကိန်းတဲစေတီဟု ခေါ်တွင် ခဲ့ကြသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းလက်ထက် ရှိရင်းစွဲစေတီကို ငုံလျက် ပြုပြင်တည်ထားခဲ့ပြီးနောက် ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ အင်းဝဘုရင် ပထမမင်းခေါင်၊ နရပတေ့စည်သူမင်းတို့ လက်ထက်တွင်လည်း ဆက်လက်ပြုပြင် တည်ထားကိုးကွယ်ခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ရှေးမင်းအဆက်ဆက်တို့တွင် စကု မြို့ဝန်က ကြီးကြပ်၍ နှစ်စဉ်တော်သလင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့ထိ ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲ များ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆို၏။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ် လက်ထက် မင်းဘူးမြို့သည် ခရိုင်မြို့ဖြစ်လာပြီး စေတီကုန်းမှာ တပ်စွဲခဲ့ကြသည်။ ဂျပန်ခေတ်တွင် လည်း စစ်ဘေးစစ်ဒဏ်သင့်ခဲ့သေး၏။ ၁၃၂၀ ပြည့်နှစ်တွင်မှ ရွှေဘိုဆရာတော်ဦးမုနိန္ဒက ဦးဆောင်၍ စေတီတော်ကြီးကို ပြန်လည်ပြုပြင်တည်ထားခဲ့ကြောင်း၊ ဂန္ဓကုဋီတိုက်တွင် မုခ်ဦး ၈ ပေါက်နှင့် ကမ္ဘာအေးဘုရား ပုံတော်ကဲ့သို့ တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။

ဖန်ခါးမြေက မူလမြသလွန်စေတီတော်

          သက္ကရာဇ် ၁၂၃ ခုနှစ်၌ မြတ်စွာဘုရားရှင်သည် နောက်ပါရဟန္တာ ငါးရာနှင့် စန္ဒကူးကျောင်း တော်သို့ ကြွရောက်တော်မူခဲ့ပြီး (၇) ရက်ပတ်လုံး သီတင်းသုံးကာ ထိုမှ စက္ကိန်းတဲတောင်ထိပ်သို့ ကြွရောက်သီတင်းသုံးခဲ့သည်။ ထိုနေရာသည်လည်း ရှေးကဘုရားအဆူဆူ ကြွရောက်တော်မူသည့် နေရာ ဖြစ်သည့်အားလျော်စွာ ဘုရားရှင်များ ကြွလာတိုင်း သိကြားမင်းသည် ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်၍ မြသားအတိပြီးသော သလွန်တော်မြတ်ကို ဆက်ကပ်ပူဇော်ခဲ့သည်။ ဧရာဝတီမြစ် အရှေ့ဘက် ယူဇနာဝက်မျှဝေးကွာသော တောအုပ်တွင် နေကြသည့် ဘောကျော်၊ ဘောသော၊ ဘောသူရ၊ ဘောရသ၊ ယက္ခသာဂီ၊ ယက္ခဒါလီ ဘီလူးမောင်နှမ ၆ ယောက်တို့အနက် ညီအစ်ကို ၄ ယောက်တို့သည် ကြစုဖန်းခါးသီးများ ဆွတ်ယူပြီး မြတ်စွာဘုရားထံ ဝပ်တွားညွတ်ခ ဘေသဇ္ဇ အမှတ်ဖြင့် ကပ်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် လောကတ္တအကျိုးငှာ ကိုးကွယ်ရာကို တောင်းပန် လျှောက်ထားကြရာ ဘုရားရှင်က မြသလွန်တော်အား ပေးအပ်တော်မူခဲ့သည်။ ၎င်းပြင် ငါဘုရား သလွန်တည်ရာ နောင်အခါဝယ် သာသနာပွင့်လင်း၍ ဟောတော်မူရင်းဌာန မာကရဒေသ၌ နာဂရ မြို့ကြီးဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်။ ဘီလူးညီနောင် ၄ ယောက်တို့သည် မြသလွန်တော်ကို ထမ်းယူပင့်ဆောင်၍ မိမိတို့နေရင်း တောအုပ်အတွင်း၌ စေတီတစ်ဆူ တည်တော် မူခဲ့သည်။ သလွန်တော်ကို ဌာပနာပြီး တည်ခဲ့သော ယင်းစေတီတော်သည် ယခု မကွေးမြို့အနီး ဘုရားပျိုကျေးရွာတွင် တည်ရှိကာ ဉာဏ်တော်အမြင့် ၃၅ တောင်ဖြင့် မူလမြသလွန်စေတီတော်ဟု ဘွဲ့အမည်နာမ ပေးထားပါသည်။

မကွေးမြို့က မြသလွန်စေတီတော်

          ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ယူဇနာဝက်ခန့်ရှိ တောအုပ်နေရာ၌ ဘီလူးညီနောင် ၄ ဦးတို့ တည်ထားသော စေတီနေရာသည် မြတ်စွာဘုရား၏ ဗျာဒိတ်တော်နှင့် မညီသောကြောင့် သိကြား မင်းက သလွန်တော်ကို ပြန်လည်ပင့်ဆောင်ခဲ့ပြီး နဂုတ္တမတောင်ထိပ်တွင် ဌာပနာတိုက်ဖြင့် ခေတ္တ ထားရှိကာ ထိုမှတစ်ဆင့် ကဿပမြတ်စွာဘုရားရှင်၏ ရွှေသားသလွန်နှင့်အတူ ဖောင်တော်ပေါ်သို့ ပင့်ဆောင်လျက် အကာအရံများ စီမံဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဘီလူးညီနောင် ၄ ဦးထဲမှ လူသား စင်စစ် ဧကန်ဖြစ်လာသူသာ သလွန်တော်ကို ဌာပနာ၍ စေတီတည်ခွင့်ရမည်ဖြစ်ကြောင်း ရှင်ရသေ့ တို့ကို လျှောက်ထားခဲ့သည် ဆို၏။ မဟာဂါမအမည်ရ ဇနပုဒ်ရွာကြီးမှ သုဘောဂအမည်ရှိ သူဌေးကြီး သည် နဂုတ္တမတောင်တော်၌ စေတီတည်ထားကိုးကွယ်ခွင့်ပြုရေး ရသေ့တို့ထံ လျှောက်ထားခဲ့သော် လည်း အခွင့်မရခဲ့ပေ။ ဘီလူးညီနောင် ၄ ဦးထဲမှ ဘောကျော်နှင့် ဘောသောတို့ လူဖြစ်လာကြပြီး ဘောကျော်သည် သူဌေးကြီးသုဘောဂ၏ သမီး ရတနာပုဏ္ဏဝတီနှင့် ဖူးစာဆုံ၍ ထိမ်းမြားစုံဖက်ခွင့် ရခဲ့သည်။ ရှင်ရသေ့တို့၏ ခွင့်ပြုချက်အရ သုဘောဂသူဌေးကြီးနှင့် ဘောကျော်အပါအဝင် သားသမီး ဆွေတော်မျိုးတော်တို့သည် နဂုတ္တမတောင်တော်၌ ရွှေသားသလွန်တော်၊ မြသလွန်တော်တို့ကို ဌာပနာပြုလျက် ဉာဏ်တော်အမြင့် ၃၅ တောင်ရှိ စေတီတော်ကို တည်ထားခဲ့ကြကြောင်း သိရှိ ရပါသည်။

          အနော်ရထာမင်းလက်ထက်တွင် မြသလွန်စေတီတော်ကို ပြင်ဆင်ခြင်းငှာ မထိုက်ခဲ့ပေ။ သားတော် စောလူးမင်းလက်ထက် ရှင်အရဟံထံမှ ဩဝါဒခံယူကာ မြသလွန်စေတီတော်ကြီးကို ဉာဏ်တော်အမြင့် ၅၅ တောင်ဖြင့်လည်းကောင်း၊ ပန်းရစ်တောင်စေတီတော်၊ ဆုတောင်းပြည့်စေတီ တော်၊ ရသေ့ကျောင်း ၃ ကျောင်းနှင့် စေတီ ၃ ဆူ၊ သိမ်တော်ကြီးတစ်ဆောင်၊ သိကြားမင်းနတ်ကွန်း တစ်ဆောင်၊ ပုဏ္ဏဝတီတည်ခဲ့သော လင်လျာမျှော်စေတီနှင့် မကွေးမြို့တည်းဟူသော ရှစ်ဌာနကို တစ်ပြိုင်တည်း တစ်ချိန်တည်း နရီအမြောက်သံပေး၍ ပြုပြင်မွမ်းမံတည်ထားခဲ့သည်။ ကျန်စစ်သား မင်းနှင့် အလောင်းစည်သူမင်းတို့လက်ထက်၌လည်း ထပ်မံပြုပြင်တည်ထားခဲ့ကြသည်။ ကောဇာ သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသော မြသလွန်စေတီတော်ကြီးအား မကွေးမြို့သူကြီး မင်းထင်မင်းလှကျော်ခေါင်က ဉာဏ်တော် ၆၆ တောင် ၂ မိုက်ထိ ပြန်လည်တည်ထားကိုးကွယ်ခဲ့ သည်။ မင်းတုန်းမင်းလက်ထက် မကွေးမြို့စား သတိုးမင်းကြီး မဟာမင်းလှသီဟသူ ကြည်ညိုသဒ္ဒါ ပွားကာ သုဝဏ္ဏစီဝရံ အလျှံကူးသန်း ရွှေသင်္ကန်းတော်ကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

 

မင်းဘူးက ရွှေစက်တော်

          မင်းဘူးကရွှေစက်တော် ဖူးချင်ပါတယ် မောင်လိုက်ပို့ပါဆိုသည့် သီးချင်းထဲကလိုတော့ ရွှေစက်တော်ကို ကျွန်တော်မဖူးခဲ့ရပါ။ ယနေ့ချိန်ထိလည်း ဖူးခွင့်မကြုံသေးပါ။ ရွှေစက်တော် မဆို ထားနှင့် ဧရာဝတီတိုင်းသား လုပ်နေပြီး မော်တင်စွန်းဘုရားကို ယခုထိ မဖူးဖူးသေးသောကြောင့် ရိုးသားကြိုးစား ဧရာဝတီသား ဆိုသည့် ဆောင်ပုဒ်ကို ကျွန်တော် ရဲရဲကြီးမအော်ရဲသေးပါ။ မင်းဘူး မြို့ကို ဖြတ်သွားခိုက် ဖျတ်ကနဲလှမ်းတွေ့လိုက်ရသော ခန်းမကြီးတစ်ခု၏ အမည်မှာ မင်းပူး ဦးဩဘာသခန်းမဟူ၍ ဖြစ်ပါသည်။ မင်းဘူးဟု ရေးမထားကြောင်း သတိပြုမိ၏။

          မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်အကွာမှာ စကုမြို့ရှိမည်။ စကုမှ အရှေ့ဘက် ၉ မိုင်ခန့်အကွာ တွင် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တည်ဆောက်ခဲ့သော အိုင်းမဆည်နှင့် ဆည်တော် ရှင်မ နတ်ကွန်းရှိမည်။ ထိုမှ ရှေ့သို့ ခရီးအနည်းငယ်ဆက်လျှင် ရွှေစက်တော် ဘုရားဖူးကားများ အနားယူရာ မန်းချောင်းဆည်တော်စခန်းသို့ ရောက်မည်။ ၎င်းနောက် သပြေတန်း၊ ရိုးကြီးစခန်း၊ ကံပေါက်စခန်း၊ လုပ်ဆေးချောင်းစခန်း၊ တည်ပင်ကျောစခန်း၊ ကင်းမိတ်စခန်း၊ သမုံးချောင်းစခန်း၊ ကျောက်တန်းစခန်း၊ လှေတင်စခန်းနှင့် ဘုးရားရွာတို့ကို ဖြတ်ကျော်ပြီးသကာလ ဆည်တော်စခန်းမှ ၇ မိုင်အကွာတွင်ရှိနေသော မြန်မာပြည်၏ အထင်ကရ မန်းရွှေစက်တော်သို့ ရောက်မည်ဆိုတာကို တော့ ကျွန်တော် လေ့လာမှတ်သား သိရှိထားပါသည်။

          မြတ်စွာဘုရားရှင်သည် ကေလာသဖတောင်တွင် တန့်နားကိန်းစက် သီတင်းသုံးပြီး သာဝတ္တိ ပြည် ဇေတဝန်ကျောင်းတော်သို့ ပြန်အကြွ နမ္မဒါမြစ်(မန်းချောင်း)အနီးသို့ ရောက်ရှိချိန် နမ္မဒါနဂါး မင်း၏ လျှောက်ထားတောင်းပန်ချက်အရ မြစ်အနောက်ဘက်ကမ်း ကျောက်ဖျာပေါ်တွင် ၁၀၈ ဖြာ စက်လက္ခဏာနှင့် ပြည့်စုံတော်မူသော ဝဲဘက်ခြေတော်ရာကို ချထားတော်မူခဲ့ရာ “အောက် စက်တော်ရာ”ဟု ခေါ်တွင်လာခဲ့ကြောင်း၊ တစ်ဖန် သစ္စဗန္ဓကတောင်ထိပ်သို့ ရောက်ရှိတော်မူစဉ် သစ္စဗန္ဓကမထေရ်၏ လျှောက်ထားတောင်းပန်ချက်အရ ခြေတော်ရာချခဲ့ရာ “အထက်စက်တော်ရာ” ဟု ဘွဲ့အမည်နာမတွင်ခဲ့ကြောင်း မှတ်သားသိရှိခဲ့ရပါသည်။

စိတ်ကူးမှသည် လက်တွေ့အကောင်အထည်ဖော်နိုင်ရေးသို့

          ပြီးခဲ့သည့် ဩဂုတ်လ ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ကျွန်တော်မကွေးမြို့သို့ ရောက်ခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ရာသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ဖူးပွင့် မျိုးသန့်စိုက်ပျိုး ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အထွက်တိုးမျိုးစပါး စိုက်ပျိုးထုတ်လုပ် နေမှုများကို ကြည့်ရှုအားပေးပြီး လာမည့်နှစ်မိုးစပါးရာသီ၌ သမဝါယမအသင်းအဖွဲ့များ၏ မိုးစပါး စိုက်ဧကများအတွက် အထွက်တိုးမျိုးစပါးများ ပံ့ပိုးကူညီပေးရေး ညှိနှိုင်းဆွေးနွေးရန် ဖြစ်သည်။ စိုက်ပျိုးရေးသမဝါယမအသင်းအဖွဲ့များက ယခုနှစ်မိုးစပါးရာသီတွင် ၁၃၆၆၉၂ ဧက ပါဝင်စိုက်ပျိုး လျက်ရှိသည်။ လာမည့်နှစ် မိုးရာသီ၌ ယခုထက်ပိုမို၍ စိုက်ဧကတိုးချဲ့ပြီး ဆာဖိုးသာ-၁၊ GW-11 နှင့် အခြားအထွက်တိုး စပါးမျိုးများ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

          ဩဂုတ်လ ၂၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများက မိုးစပါးစိုက်ဧက ၁၀,၃၃၀ ဧက စိုက်ပျိုးနေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို တင်ပြခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ဧက ၁၀ သိန်းကျော်ရှိကြောင်း၊ ရိတ်သိမ်းပြီး ချိန်တွင် ၁ ဧကလျှင် နှမ်းရိုး ၁ တန်ခွဲခန့် ကျန်ခဲ့ကြောင်း၊ ယင်းနှမ်းရိုးများကို တောင်သူများက သဘာဝမြေဩဇာအဖြစ် စနစ်တကျ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးလိုကြောင်း မှာကြား ပါသည်။ မှန်ပါသည်။ ကျွန်တော် ဩဂုတ်လ ၃၀ ရက်နေ့က ဆင်ပေါင်ဝဲမြို့နယ်ဘက်သို့ ခရီးဆက်ခဲ့ စဉ် လမ်းဘေးဝဲယာစိုက်ခင်းများထဲမှာ နှမ်းရိုးပုံကြီးများကို တွေ့မြင်ခဲ့ရသည်။ ဝန်ကြီးချုပ်၏ လိုလားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းသမဦးစီးမှူးမှ စီမံချက် ရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းလုပ်ငန်း စတင်အကောင်အထည်ဖော်နိုင် ရေးအတွက် အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ကိုးပင်ရွာမှ “အောင်ကောင်းမြတ်” လယ်ယာကုန်ထုတ်လုပ်မှုနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းသည် အသင်းသား ၅၅ ဦး၊ နှမ်းရိုးစင်းစက်၊ ဖြတ်စက်များဖြင့် နှမ်းရိုး၊ တင်လဲရည်၊ EM၊ နွားချေး၊ ဖွဲနု ပစ္စည်းများအသုံးပြု၍ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက် နေပြီ ဖြစ်သည်။ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ရေနံချောင်းမြို့က သဘာဝ မြေဩဇာထုတ်လုပ်နေသည့် ပညာရှင်များကလည်း လာရောက်သင်ကြားပြသပေးပါမည်။ အဆင် ပြေစွာ ထုတ်လုပ်သုံးစွဲနိုင်ပါက သမဝါယမအသင်းအနေဖြင့် တောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားကာ နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ဘုရားလည်းဖူး၊ မိုးစပါးလည်းစိုက်

          မကွေးခရီးစဉ်မှာ ဘုရားပျိုကျေးရွာရှိ မူလမြသလွန်စေတီတော်ကို စတင်ဖူးမျှော်ပြီး သကာလ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်၊ ရှင်ပင်စက္ကိန်းတဲ စေတီတော်၊ မကွေးမြသလွန်တို့ကို ဖူးခွင့်ရခဲ့သည်။ မကွေးမြသလွန်စေတီတော်ကြီးကို ၂ ကြိမ် ၃ ကြိမ်ခန့် ဖူးခွင့်ရသည်ကလွဲ၍ ကျန်စေတီများကို ကျွန်တော်မဖူးသေးဘူးပါ။ ဘုရားဖူးခွင့်ရခဲ့သော ခရီးစဉ်ဖြစ်သကဲ့သို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများကို အားပေးကြည့်ရှုခွင့်လည်း ရခဲ့ပါသည်။ မကွေးမြို့နယ် သဖန်းဆိပ်ကျေးရွာတွင် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ပံ့ပိုးငွေကျပ် သိန်း ၁၀၀ ဖြင့် သဖန်းဆိပ်စိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်က ဧရာပဒေသာ စပါးမျိုး ၄၉ ဧက စိုက်ပျိုးနေမှုကို လည်းကောင်း၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာရှိ မိုးစပါး စိုက်ခင်းများ အောင်ရေရှိရေးအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာရှိ အောင်ကောင်းမြတ် လယ်ယာ ကုန်ထုတ်သမဝါယမအသင်း၏ နွားမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရန် စီစဉ် ဆောင်ရွက် နေမှု အခြေအနေများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ကျေးရွာတွင် ဆောင်ရွက်ပေးထားသည့် ၁၃၇ ကီလိုဝပ် ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းတို့ကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးကာ ရာသီအလိုက် သီးနှံစိုက်ဧကများ စွမ်းအားပြည့် စိုက်ပျိုးရေး မှာကြားခဲ့ပါသည်။ ၎င်းအပြင် မြို့သစ်မြို့နယ်ထဲက ဆူးတပ်ကြီးကျေးရွာအုပ်စုအတွင်း စိုက်ဧက ၅၀၀၀ ကျော်အား စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ လာမည့် နွေစပါး၊ မိုးစပါး ရာသီအတွက် အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ ပါသည်။

အတွေးများနှင့် မကွေးမြို့က ပြန်ခဲ့သည်

          စန္ဒကူးနံ့သာကျောင်းတော်ရာစေတီ ကို ဖူးရင်း မင်းဘူး ရွှေစက်တော်ထိ အာရုံပြုလျက် ဘုရားသမိုင်းများနှင့်အတူ အတွေးများစွာ ရက်ယှယ်သွားခဲ့သည်။ ထိုမှတစ်ဖန် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သော မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံစိုက်ပျိုးရေးကို သမဝါယမအသင်းအဖွဲ့ များက ပါဝင်ဆောင်ရွက်ကြဖို့၊ ဆန်စပါးစိုက်ပျိုးရေးမှာလည်း အထွက်တိုးမျိုးများ အသုံးပြုလျက် ပန်းတိုင်အထွက်နှုန်း ရရှိစေဖို့၊ သဘာဝမြေဩဇာများထုတ်လုပ် သုံးစွဲကြဖို့၊ စိုက်ပျိုးရေရရှိကြစေဖို့၊ ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနိုင်ဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်းမွန်ဖို့…. စသည်….. စသည် ဖြင့် အတွေးပေါင်းများစွာကလည်း ပါလာခဲ့ချေပြီတမုံ့။