စိုက်ပျိုးကဏ္ဍဖွံ့ဖြိုးဖို့ သမဝါယမအားဖြင့် စုပေါင်းဆောင်ရွက်ကြပါစို့

Ministry of Cooperatives and Rural Development | Jul 22, 2024

ကမ္ဘာတစ်လွှားတွင် သမဝါယမစီးပွားရေးစနစ်သည် ပိုမိုလူသိများအောင်မြင်လာ ခဲ့သည့် အဓိကအကြောင်းအရင်းတစ်ချက်မှာ (၂၀၀၉)ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ဘဏ္ဍာရေး နှင့် စီးပွားရေးအကြပ်အတည်းကာလအတွင်း သမဝါယမစနစ်သည် မပြိုလဲဘဲ ကြံ့ကြံ့ခိုင် ရပ်တည်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ အရှုပ်အထွေးများနှင့် အကြပ်အတည်းဖြစ်ပွားနေသည့် ကာလများအတွင်းတွင် သမဝါယမလုပ်ငန်းများကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ထွက်ပေါက် တစ်ရပ်အဖြစ်မြင်ခဲ့ကြပါသည်။ လေ့လာမှုများအရ သမဝါယမအဖွဲ့အစည်းများ၏ ကောင်းမွန် သောလုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ အမှတ်လက္ခဏာကို ပိုမိုသတိမူလာစေခဲ့ပါသည်။ သမဝါယမအဖွဲ့အစည်းဆိုင်ရာလုပ်ဆောင်ချက်များကို ပိုမိုစိတ်ဝင်စားမှုဖြစ်လာအောင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည်(၂၀၁၂) ခုနှစ်ကို အပြည်ပြည်ဆိုင်ရာသမဝါယမနှစ်အဖြစ် ကြေညာခဲ့ပြီးနောက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သမဝါယမလုပ်ငန်းများ၏အရေးပါမှုကို ကမ္ဘာတစ်ဝှမ်းလုံးတွင် အသိ အမှတ်ပြုလာကြပါသည်။

               ၁၉၀၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အိန္ဒိယနိုင်ငံအစိုးရ၏ သမဝါယမငွေစုငွေချေးအသင်းများဆိုင်ရာအက်ဥပဒေအမှတ်(၁၀)အရ အိန္ဒိယနိုင်ငံ၏ပြည်နယ် တစ်နယ်ဖြစ်သော မြန်မာနိုင်ငံသည်လည်း အကျုံးဝင်ခဲ့ပါသည်။ ၁၉၀၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့သမဝါယမသည် အထူးသဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများ၏ ပကတိအရှိတရား(Reality)အရ ၎င်းတို့၏ လိုအပ်ချက်(Needs)နှင့် ကိုက်ညီလျက်ရှိပါသည်။ (၃-၁-၁၉၀၅) ရက်နေ့၊ စစ်ကိုင်းခရိုင်၊ မြင်းမူငွေစုငွေချေးသမဝါယမအသင်း ကို အသင်းသား(၉၀)ဦးဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၎င်းအချိန်မှစ၍ မြန်မာနိုင်ငံတွင် သမဝါယမအသင်းအဖွဲ့များ စတင်ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာ့သမဝါယမသမိုင်းသည် ယနေ့ထိ နှစ်ပေါင်း(၁၂၀)နီးပါးသက်တမ်းရှိပြီဖြစ်သော်လည်း ခေတ်အဆက်ဆက်၊ စနစ်အသီးသီးဖြတ်ကျော် ခဲ့ပြီး အားသာချက်၊ အားနည်းချက်များရှိခဲ့သော်လည်း အားနည်းချို့ယွင်းချက်များသောကြောင့် ပြည်သူအများက သမဝါယမစနစ်အပေါ်ယုံကြည်မှု အားနည်းခဲ့ပါသည်။ မည်ကဲ့သို့ ဆိုစေ -

အတိတ်ကအရိပ်မည်း စိတ်စွဲလို့ထား..

အရင်လို မကြိုးစား ဒုံရင်းပါလား..

မနေ့ကပြဿနာ..  ဒီနေ့သင်ခန်းစာ..

ပြုပြင်ကာ ဆောင်ရွက်…

လက်တွဲကာ ပူးပေါင်းလို့ သမဝါယမပန်းတိုင်ဆီသို့…..

               ခေတ်အဆက်ဆက် သမဝါယမ…သမဝါယမ..ဆိုပြီးအပြုသဘောဆောင်တဲ့ လူတွေကတစ်မျိုး...အပြုသဘောမဆောင်တဲ့လူတွေကတစ်ဖုံ……အမျိုးမျိုးပြောဆိုနေကြတာကို အားလုံးအသိပဲဖြစ်ပါသည်။ သမဝါယမဆိုတာ လူအချင်းချင်း ပူးပေါင်းပြီး၊ ပါဝင်သူများ၏ လူမှုရေးနှင့် စီးပွားရေးကိုမြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်သည့်အသင်းအဖွဲ့ဖြစ်လို့ လူကိုအခြေခံ ထားပြီး လူ၏တန်ဖိုးများကို အလေးထားသည့် လူ့ကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာစေသည့် လူမှုစီးပွားရေး (Socio Economy) ပူးပေါင်းဆောင်ရွက်မှုအသင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်း လည်းဖြစ်ပါသည်။ ဒါပေမယ့် သမဝါယမကတော့ပြည်သူတွေရဲ့ လိုအပ်ချက်များ(Need)ကို စဉ်းစားတွေးခေါ်အ‌မြော်အမြင်ကြီးစွာနဲ့ဆောင်ရွက်နေတာကို မိမိသိသမျှ မျှဝေခြင်းဖြစ်ပါသည်။      

               သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ သမဝါယမဦးစီးဌာန၏အကောင်အထည်ဖော်မှုဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး နှင့် အသင်းသားတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား ပိုမိုလုပ်ကိုင်လာနိုင်အောင်၊ အထွက်တိုးလာအောင် ကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။ ဒီလိုလုပ်ကိုင်ရာမှာ သမဝါယမစနစ်ဖြင့် အမှန်တကယ်အလုပ်လုပ်သူများ၊  ဆန္ဒတူသူများ လုပ်ငန်းတူရာအလိုက် ကျေးရွာအလိုက် စုပေါင်းပြီး သမဝါယမအသင်းများ ဖွဲ့စည်းပြီး တောင်သူများ၏ လိုအပ်ချက်များကိုအလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ သီးနှံ အထွက်တိုးဖို့လုပ်ဆောင်ရာမှာလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နဲ့ အညီ မျိုး၊ မြေ၊ ရေ၊ နည်း ဒီ(၄)မျိုးလုံး ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပြီးတဲ့ အသင်းတွေမှာ အသင်းသား တောင်သူတွေ လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာတဲ့သီးနှံတွေကို ဈေးကွက်ဈေးနှုန်း ခိုင်မာမှုရရှိအောင် ပေါင်းစပ်လုပ်ဆောင်ပေးလျက်ရှိပါသည်။

               နိုင်ငံတကာအတွေ့အကြုံရရှိပြီး လက်တွေ့ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံရှိ အောင်မြင်နေသော သမဝါယမအသင်းနှင့် လုပ်ငန်းဆောင်ရွက်နေသော နည်း စနစ်များကို လေ့လာနိုင်ရန်အတွက် မိမိအပါအဝင် သမဝါယမဦးစီးဌာမှ အရာထမ်း(၈)ဦးကို လည်းလေ့လာရေး သွားရောက်စေခဲ့ပါသည်။

               ဗီယက်နမ်နိုင်ငံရှိ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်တွင်ရှိပြီး သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် သမဝါယမအသင်းများအား သတင်းအချက်အလက်နှင့် နည်းပညာများမျှဝေပေးကြောင်း၊ အသင်းများမှ အကူအညီတောင်းခံလာပါက ညှိနှိုင်းပေါင်းစပ် ချိတ်ဆက်ဆောင်ရွက်ပေးကြောင်း၊ သမဝါယမအသင်းများအနေဖြင့် ICA မူများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် သမဝါယမအသင်း(၃၀၀၀၀)ကျော်ရှိသည့်အနက် အသင်း (၂၀၀၀၀)ကျော်မှာ စိုက်ပျိုးရေးသမဝါယမအသင်းများဖြစ်ကြောင်း၊ သမဝါယမအသင်းများမှ စိုက်ပျိုးထုတ်လုပ်သည့်လူသုံးကုန်၊စားသောက်ကုန်များအား ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တွင် ရောင်းချနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဆန်စပါးတို့ကို  ပြည်ပသို့အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး ဗီယက်နမ် နိုင်ငံအနေဖြင့် လယ်သမား(၉)သန်းကျော်ရှိရာ (၃.၇)သန်းသည် သမဝါယမအသင်းသားဖြစ် ကြောင်းသိရှိခဲ့ရပါသည်။

          ဗီယက်နမ်နိုင်ငံရှိ Binh Dinh Agricultural Cooperative အသင်းသည် ၁၉၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး Rural Development Multi Purpose business အသင်းအဖြစ် ဆောင်ရွက်လျက်ပြီး အသင်းသားဦးရေ(၃၁၅၆)ဦးဖြင့် အသင်း၏လုပ်ငန်းများကို မတည်ငွေ ဗီယက်နမ်ဒေါင်(၁၁၅၀၀)ဘီလီယံဖြင့် အသင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အသင်းမှ နိုင်ငံတော်သို့ ဗီယက်နမ်ဒေါင်(၁၅၇.၉၈)သန်းအခွန်အခပေးသွင်းနိုင်ခဲ့ ကြောင်း၊ အမှုဆောင် (BOD)(၃)ဦး၊ Supervisory(၂)ဦး နှင့် ငွေကြေးကော်မတီ(၃)ဦးဖြင့် ဖွဲ့စည်း ထားရှိပြီး အသင်းဝန်ထမ်း(၃၃)ဦးနှင့် ကျန်းမာရေးနှင့်လူမှုရေးအာမခံလုပ်ငန်းအတွက်(၁၆)ဦး တို့ရှိကြောင်း သိရှိခဲ့ရပါသည်။ အသင်းမှရရှိလာသည့် အမြတ်ငွေများအား အသင်းသားများသို့ ခွဲဝေပေးခြင်းမပြုဘဲ အသင်းတွင် ရင်းနှီးမြှုပ်နှံမှုတွင်ထည့်သွင်းစေပြီး အသင်းသားများ၏ ထည့်ဝင်ငွေအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ အသင်းသားများအနေဖြင့် စက်ပစ္စည်းများအား ရောင်းဈေးထက် (၅၀%)လျော့နည်း သက်သာစွာဖြင့်ဝယ်ယူခွင့်ရရှိခြင်း၊ အသင်းက ဝန်ဆောင်မှု ပေးခြင်းများကို ခံစားရရှိခြင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာများ၊ ရိတ်သိမ်းခြင်း နည်းပညာများ၊ စက်မောင်းနည်းပညာများ အခမဲ့သင်ယူခွင့်ရရှိခြင်း၊ စိုက်ပျိုးသည့် သီးနှံများမှ ထွက်ရှိသည့်ပစ္စည်းများအား ပြည်တွင်းစားသုံးခြင်းအပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်း၊ မျိုးစေ့ထုတ်လုပ်ရောင်းချနိုင်ခြင်း၊ မျိုးစေ့များအား တစ်နှစ်လျှင်(၁.၃)တန် ပြည်ပသို့တင်ပို့နိုင် ခြင်း၊ စိုက်ပျိုးမြေဧက (၅၅၀)ဟက်တာရှိပြီး စပါးနှင့် အခြားသီးနှံများကို တစ်နှစ်(၂) ကြိမ်စိုက်ပျိုး ကြောင်း၊ မြေဩဇာအသုံးပြုမှုအနေဖြင့် သဘာဝမြေဩဇာကိုသာ အဓိကထားသုံးစွဲကြောင်း၊ အသင်းသားများ၏ စိုက်ပျိုးရေးထုတ်ကုန်များအား ဈေးကွက်အထိရောက်အောင် အသင်းမှ ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ စိုက်ပျိုးစဉ်ကာလမှပင် ဈေးကွက်တင်ပို့နိုင် သည့်ထုတ်ကုန်များဖြစ်စေရေး စနစ်တကျစိုက်ပျိုးထုတ်လုပ်ကြောင်း၊ Science and Technology လုပ်ငန်း၊ Agriculture Product Marketing လုပ်ငန်း၊ Market Management လုပ်ငန်း၊ Plants and Production          လုပ်ငန်း၊ Water Resource လုပ်ငန်း၊ Material Supply လုပ်ငန်း၊ Farming Machine လုပ်ငန်း၊ Internal Credit လုပ်ငန်း ၊ Veterinary လုပ်ငန်း၊ Collection Management လုပ်ငန်း၊ Cultivation လုပ်ငန်း၊ Land for Rent လုပ်ငန်းစသည့် အမျိုးအစား(၁၂)မျိုး ဆောင်ရွက်လျက်ရှိပြီး အသင်းသားများအတွက် အမှုဆောင်အဖွဲ့ဦးဆောင် မှုဖြင့် လုပ်ငန်းအလိုက်ကြီးကြပ်သူများဖြင့် အောင်မြင်စွာဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ ရပါသည်။

          စိုက်ပျိုးရေးနည်းပညာ Value Chain နှင့် ကုန်ပစ္စည်းများဈေးကွက်သို့ တိုက်ရိုက် ရောင်းချခြင်းထိပါ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ စပ်မျိုးစပါးများအား စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧက အထွက်နှုန်းတင်း(၂၀၀)ကျော်ရှိပြီး တစ်နှစ်တွင်(၃)သီးစိုက်ပျိုးနိုင်ခြင်း လယ်ယာမြေများအား Soil Test ပြုလုပ်၍ လယ်မြေအခြေအနေနှင့်ကိုက်ညီသော သဘာဝမြေဩဇာနှင့် ဓါတ်မြေ ဩဇာတို့ကို ထည့်သွင်းအသုံးပြုလျက်ရှိပြီး စိုက်ပျိုးထားသည့်အချိန်တွင် အချိန်နှင့်တစ်ပြေးညီ အပင်များအားပြုစု၍ စနစ်တကျစိုက်ပျိုးနိုင်ခြင်း၊ စပ်မျိုးစပါးအမျိုးအစား(၁၀၀)ကျော်အား စိုက်ပျိုးရေးသုသေသနမှ တောင်သူများသို့ ဖြန့်ဝေပေးလျက်ရှိပြီး ရင်းမျိုးများအနက် လယ်မြေ အခြေအနေနှင့်ကိုက်ညီသည့် မျိုးများရယူသုံးစွဲလျက် သဘာဝမြေဩဇာများကိုသာအသုံးပြုခြင်း၊ ထွက်ရှိလာသည့် သီးနှံများကိုလည်း ဈေးကွက်ရအောင် စုပေါင်းရောင်းချသည့်စနစ်၊ စုပေါင်း လုပ်ကိုင်သည့်စနစ်ဖြင့် သမဝါယမပုံရိပ်ကိုအောင်မြင်စွာဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါ သည်။

               လက်ရှိအချို့သမဝါယမအသင်းများသည် စုပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား တစ်ဦးတစ်ယောက်အတွက် နစ်နာသည်ဟုယူဆခြင်း၊ မိမိကိုယ်ကျိုးအတွက်ကြည့်ခြင်း၊ ပရဟိတ စိတ်မရှိခြင်းစသည့်အချက်များကိန်းအောင်းနေမှုကိုဖယ်ရှား‌ပေးရမည်ဖြစ်ပါသည်။ သမဝါယမ ဦးစီးဌာနသည် သမဝါယမအသင်းများအား စည်းရုံးဆောင်ရွက်ခြင်း၊ ပညာပေးခြင်းနှင့် ထိန်း ကျောင်းတည့်မတ်ခြင်းလုပ်ငန်းများကို ယခင်ကထက်ပို၍ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအတွင်းရှိ အသင်းသားတောင်သူများ၊ အမှုဆောင်အဖွဲ့များ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ စာရင်းရှင်းခံနိုင်ခြင်း၊ စွန့်စားမှုများအတွက် စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း၊ထိန်းချုပ်ကွပ်ကဲခြင်း၊ ပိုင်ဆိုင်မှုနှင့်စီမံခန့်ခွဲမှုကို ပိုင်းခြားထားခြင်း၊ ငွေကြေးပိုင်ဆိုင်မှုအပေါ်တွင် အခြေမခံဘဲ အသင်းသားဖြစ်ပေါ်မှုပေါ်တွင် အခြေခံခြင်း၊ ပိုင်ဆိုင်မှုနှင့်စီမံခန့်ခွဲမှုပိုင်းခြားထားခြင်းကို ခိုင်မာစေခြင်း၊ လူမှန်နေရာမှန် ထားရှိစေခြင်း စီမံခန့်ခွဲသူများ၏ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိခြင်း၊ အသင်းသားများ၏ အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်များချမှတ်ရန် စီမံခန့်ခွဲခြင်း စသည့်အချက်များကို အလေးထား ဆောင်ရွက်သင့်ပါကြောင်းနှင့် ဗီယက်နမ်နိုင်ငံရှိသမဝါယမအသင်းကဲ့သို့ စုပေါင်းဆောင်ရွက်၍ အင်းအားတောင့်တင်းသည့် သမဝါယမအသင်းများအဖြစ် အတုယူဆောင်ရွက်သင့်ပါသည်။ သမဝါယမအသင်းများသည် Social Business, Social Enterprise များဖြစ်သည့် အားလျော်စွာ စီးပွားရေးလုပ်ငန်းဆောင်ရွက်ပြီး လူမှုရေးတာဝန် ကျေပွန်သောအဖွဲ့အစည်းများဖြစ်၍ လွတ်လပ် သောဆန္ဒနှင့် အများအကျိုး၊ အသင်းသားများ၏အကျိုးအတွက် ဦးထိပ်ထားပြီး ဆောင်ရွက် သောအသင်းများအဖြစ် ပြုပြင်ပြောင်းလဲဆောင်ရွက်မည်ဆိုပါက အနာဂါတ်သမဝါယမများ လှပနိုင်မည်မှာ မလွှဲဧကန်ဖြစ်ပါကြောင်းနှင့် သမဝါယမအသင်းများအား နိုင်ငံတော်၏ပံ့ပိုးမှု၊ အသင်းသားတောင်သူများ၏ဆန္ဒအရ လက်တွေ့ပါဝင်မှု၊ အမှုဆောင်များ၏ ခိုင်မာသောဝန်ဆောင်မှုများပူးပေါင်းကာ ခိုင်မာအားကောင်းသည့် သမဝါယမများပေါ်ပေါက်စေနိုင်ရန် ရည်ရွယ်လိုက်ရ ပါသည်။

ဆိုဖီယာ