တစ်ခေတ်တစ်ခါက သမဝါယမစီမံကိန်းများ

Ministry of Cooperatives and Rural Development | Jul 22, 2024

ဆောင်းပါးခေါင်းစဉ်နှင့် စပ်လျဉ်း၍

          ထိုခေတ်ထိုကာလကို မမီလိုက်၍ လှမ်းမျှော်ကြည့်မိသော တစ်ချိန်က သမဝါယမ သမိုင်းကြောင်းများ၊ လုပ်ငန်းကဏ္ဍများ၊ ငယ်စဉ်ကလေးဘဝမှစ၍ ဖြတ်သန်းခဲ့ဖူးသော သမဝါယမပုံရိပ်များ၊ မမျှော်လင့်ဘဲ လက်တွေ့ ကိုယ်တိုင်ပါဝင်ထမ်းဆောင်ခွင့်ရလာသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များ အကြောင်းကို မိမိ ဉာဏ်မီသမျှ၊ တတ်စွမ်းသမျှရေးသားတင်ပြမည်ဟု ကြံရွယ်ချက်ဖြင့် ပထမဆုံး ဆောင်းပါးကို တာလွှတ်လိုက်သောအခါ၊ ပေးလိုက်မိသော ခေါင်းစဉ်က “ထို့ကြောင့် ဤအရာကို သမ/ ကျေးလက်ဟု ခေါ်ပါသည်” ဟူ၍ဖြစ်သွားခဲ့ချေပြီတမုံ့။ နောက်ဆုံးမှ ရောက်လာမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အကြောင်းကို ခေါင်းစဉ်တပ်ရခြင်း အကြောင်းရင်းက ကျွန်တော့်မှာ ခိုင်လုံစွာရှိနေပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ (နတလ) တည်းဟူသော နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ (၂၃) နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဝန်ထမ်းဘဝကို နှုတ်ဆက်ခွဲခွာရချိန်၌ “နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ (၂၈)နှစ်တာခရီး” စာအုပ်အားရေးသားပြုစု၍ အမှတ်တရ ထားရှိနိုင်ခဲ့ပါသည်။ ယခုလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခွင့်ရခဲ့သော အချိန်ကာလတစ်ခုအတွက် အမှတ်တရစာအုပ်တစ်အုပ် ထားခဲ့ချင် ပါသည်။ ထိုသို့ရေးသားထုတ်ဝေခဲ့ဖြစ်လျှင် ကျွန်တော် ပေးချင်သောခေါင်းစဉ်မှာ “ထို့ကြောင့် ဤအရာကို သမ/ ကျေးလက်ဟုခေါ်ပါသည်” ……..ဟူ၍။

          သို့သော် ထိုစကားလုံးများ၏ မူလပိုင်ရှင်သည် ဆရာအောင်လင်းဖြစ်ပါသည်။ သူ၏ ဝတ္ထု “ထို့ကြောင့် ဤအရာကို အချစ်ဟုခေါ်သည်” ကို ရုပ်ရှင်ဇာတ်ကားကြီးလည်း ပြန်၍ ရိုက်ခဲ့ဖူး၏။ ကျွန်တော်ငယ်စဉ်ကပင် နှစ်သက်သဘောကျခဲ့သော စကားစုများဖြစ်၍ မကြာခဏ ငှား၍သုံးဖူးပါသည်။ ယခုလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အတွက် ကျွန်တော်သုံးခဲ့မိပြန်ပါပြီ။ ခွင့်ပြုတော်မူကြပါကုန် ဆရာအောင်လင်း၏ မိသားစုများ ခင်ဗျား။

ဆိုးမွေ၊ ကောင်းမွေနှင့် ကျွန်တော့်ခံယူချက်

          မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာန၊ မည်သည့်လုပ်ငန်းမှာမဆို အဆင့်ဆင့် တာဝန် လွှဲပြောင်းပေးရတာတွေ ယူရတာတွေရှိခဲ့ပါသည်။ ကိုယ်တာဝန်ယူရတော့မှ အရာရာကို အကောင်းတွေချည်းလိုချင်လို့၊ ဖြစ်ချင်လို့မရနိုင်ပါ။ ကောင်းတာတွေလည်းရမည်၊ ဆိုးတာတွေလည်းပါလာနိုင်သည်။ ဤမည်သော ဆိုးမွေကောင်းမွေကို ဆက်ခံကြရမည်မှာ လောကနိယာမ မဟုတ်ခဲ့လျှင်တောင်မှ လိုက်နာကျင့်သုံးရမည့် လူ့ကျင့်ဝတ်တစ်ခုအဖြစ် ကျွန်တော်မှတ်ယူထားပါသည်။ သည့်အတွက် တပ်မတော်သားဘဝမှာရော နယ်ဘက် ဝန်ထမ်းဘဝမှာပါ ဤခံယူချက်အတိုင်း ကျင့်သုံးခဲ့သည်။ သွားလေသူများကို အပြစ်ဖို့ခြင်း၊ အပြစ်တင်ခြင်း အလုပ်များကို ကျွန်တော် မလုပ်ခဲ့ပါ။ မိမိတို့လက်ထက်တွင် အကောင်းဆုံး ဖြစ်နိုင်သမျှဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွား ကြရန် သည်လိုပဲခံယူထားပါသည်။ သို့သော် သမိုင်ထဲက သင်ခန်းစာတွေကိုတော့ ယူရမည်။ သူတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကိုလည်း သိမှတ်နားလည်ထားဖို့ လိုပါလိမ့်မည်။ သို့ဖြစ်လေရာ ကျွန်တော်ရေးမည့် အကြောင်းအရာများသည် သမဝါယမအကြောင်း အကောင်းတွေချည်း ရေးလိမ့်မည်ဟု မမှတ်ယူစေလိုပါ။ ခေတ်အဆက်ဆက် ဖြတ်သန်း လာသူတို့၏ အတွေ့အကြုံ၊ အတွေးအခေါ် အယူအဆများကိုလည်း ရေးသား တင်ပြသွားမှာ ဖြစ်သကဲ့သို့ သမဝါယမစနစ်ကျင့်သုံးခဲ့သော ခေတ်ကာလ အပိုင်းအခြားအလိုက် အားသာ ချက်၊ အားနည်းချက်များကိုလည်း လေ့လာဖော်ပြသွားမည် ဖြစ်ပါသည်။ ထို့ပြင်တဝ အခြားသောနိုင်ငံများ၏ သမဝါယမစနစ်များ၊ အောင်မြင်နေသော သမဝါယမအသင်းများ ကိုလည်း အတုယူ အားကျဖွယ်ရာအဖြစ် ရေးသားတင်ပြသွားပါမည်။

လူသိများထင်ရှားသော သမဝါယမစီမံကိန်းများ

          ၁၉၀၅၊ ၁၉၀၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သော သမဝါယမအသင်းများသည် ၁၉၂၀-၂၁ နှစ်များထိ အားကောင်းမောင်းသန် ဖြစ်ပေါ်တိုးတက်များပြားလာကြောင်း တွေ့ရသည်။ သမဝါယမ ဝါကြိတ်စက်တွေ၊ ဆန်စက်တွေ အောင်မြင်ဖြစ်ထွန်းခဲ့သည်။ “နယ်သစ်ဖွင့် သမဝါယမအသင်းများ” အမည်ဖြင့် မြေလွတ်မြေရိုင်းများကို ခုတ်ထွင် ရှင်းလင်းပြီး လယ်ယာမြေများဖော်ထုတ်စိုက်ပျိုးခဲ့ကြသည်။ စူးအက်တူးမြောင်း ဖွင့်လှစ်ပြီး နောက် မြန်မာ့ပို့ကုန်များ မြင့်တက်လာသည်။ ၁၉၁၆ မှ ၁၉၂၀ ခုနှစ်အတွင်း သမဝါယမ အသင်းပေါင်း ၃၃၁၉ သင်း၊ ခရိုင်အဆင့် သမဝါယမအသင်း ၁၈ သင်း၊ သမဝါယမဘဏ် ၅ ခုတို့ ဖွဲ့စည်းနိုင်သည့်အပြင် မြို့မငွေစုငွေချေး သမဝါယမအသင်းများအား စုပေါင်းဖွဲ့စည်း ထားသော “မြို့မဗဟိုဘဏ်”ကို ထူထောင်နိုင်ပြီး မြန်မာ့နိုင်ငံရေးသမိုင်းစာမျက်နှာများထဲမှ လှိုင်၊ ပု၊ ကျော် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးထွန်းအောင်ကျော်ကိုယ်တိုင် ဗဟိုဘဏ်ကို ကြီးကြပ် အုပ်ချုပ်ခဲ့ကြောင်းသိရသည်။ ၁၉၂၃ ခုနှစ်တွင် ပြဌာန်းသော ဒိုင်အာခီအုပ်ချုပ်ရေး စနစ်တွင်လည်း သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာကာ ၁၉၂၃ နှင့် ၁၉၂၅ ကာလ အတွင်း သမဝါယမအသင်းများသည် အောင်မြင်မှု အမြင့်မားဆုံးထိရောက်ရှိခဲ့ကြကြောင်း၊ ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ သမဝါယမအသင်း အရေအတွက်နှင့် အသင်းသား ဦးရေ အများဆုံးနှစ်သည် ၁၉၂၄ ခုနှစ်ဖြစ်ကြောင်း၊ ၁၉၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ရှိ စာရင်းဇယားများအရ အမျိုးမျိုးသော သမဝါယမအသင်း ၅၅၆၃ သင်း၊ အသင်းသားဦးရေ ၁၅၆၈၀၃ ဦး ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

          သို့သော် ၁၉၂၅ ခုနှစ်တွင် သမဝါယမအသင်းများ၏ လုပ်ငန်းအခြေအနေများ လျော့နည်းပြီး မတည်မငြိမ်ဖြစ်လာခဲ့သည်။ အကြောင်းရင်းကို ရှာကြသောအခါ သမဝါယမ အသင်းသားများသည် သက်ဆိုင်ရာ သမဝါယမအသင်းများသို့ ချေးငွေများ ပြန်မဆပ်ကြခြင်း၊ အသင်းသားများက ကြွေးဆပ်ရန် ပျက်ကွက်သဖြင့် အသင်းများအနေဖြင့်လည်း သက်ဆိုင်ရာ ဗဟိုဘဏ်များသို့ ပြန်လည်ပေးဆပ်ခြင်း မပြုနိုင်တော့ခြင်းများ ဖြစ်ပေါ်တွေ့ရှိလာရသည်။ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သောအသင်းများကို စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့ရသည်။ ၁၉၁၂ ခုနှစ် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေဖြင့် အရေးယူနိုင်ရေး ပြင်ဆင်ရန် ဆောင်ရွက်ခဲ့ရပြီး ၁၉၂၇ ခုနှစ် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေကို ထုတ်ပြန် ပေးခဲ့သည်။ ၁၉၁၄ နှင့် ၁၉၁၂ ဥပဒေများသည် အိန္ဒိယဗဟိုအစိုးရက ထုတ်ပြန်ခြင်းဖြစ်ပြီး ၁၉၂၇ သမဝါယမအက်ဥပဒေကမူ မြန်မာပြည် ဥပဒေပြုကောင်စီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်း

          ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာစီးပွားရေး ပျက်ကပ်နှင့်ကြုံရသည်။ မြန်မာနိုင်ငံ ပြည်သူများနှင့် တောင်သူလယ်သမား၊ အလုပ်သမားများ ပြင်းထန်စွာ ခံစားခဲ့ကြရသည်။ စပါးတစ်တောင်း ငါးပဲ၊ ကုလားခေါင်းဓားဝဲ အထိဖြစ်ခဲ့ရပြီး သာယာဝတီနယ်တွင် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ယင်းကာလ အခြေအနေများကို ကျော်လွှားနိုင်ရေးအတွက် ၁၉၃၅ ခုနှစ်တွင် မြေစာရင်းဌာနမှ ဦးတင်ကြီးအား သမဝါယမမင်းကြီးအဖြစ် ခေါ်ယူခန့်ထားတာဝန်ပေးခဲ့သည်။ ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်းပေါ်ပေါက်လာခဲ့သည်။ ငွေစုငွေချေးလုပ်ငန်းနှင့် စုပေါင်းရောင်းဝယ်ရေး လုပ်ငန်းကို ခိုင်မာအောင်ပြုလုပ်ခဲ့သည်။ သီးနှံပေး ကာလတိုချေးငွေ၊ ကာလရှည်ချေးငွေ၊ အငှားဝယ် စာချုပ်ချေးငွေ သတ်မှတ်ချက်များပေါ်ပေါက်လာပြီး အစိုးရအရာရှိများကိုယ်တိုင် ကြပ်မတ်စိစစ်ထုတ်ချေးသောကြောင့် ချေးငွေလုံခြုံမှုစနစ် ပိုကောင်းလာခဲ့သည်။ သမဝါယမအသင်းသစ်များ ဖွဲ့စည်းခြင်း၊ အသင်းဟောင်းများကို ပြုပြင်ခြင်း နည်းမျာကို ကျင့်သုံးခဲ့သည်။ ကျဆင်းနေသော သမဝါယမပုံရိပ်များကို ပြန်လည်ကောင်းမွန်လာစေခဲ့ သည်။ ၉၁ ဌာန အုပ်ချုပ်ရေးကာလတွင် ဗာစီတီကွန်ကိုး (Varsity Con Co)ဟု သမိုင်းတွင် လာမည့် တက္ကသိုလ်သမဝါယမအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမှုဆောင်အဖွဲ့တွင် သခင်နုက ပထမ ဥက္ကဋ္ဌ၊ ဦးကျော်ငြိမ်းက ဒုတိယဥက္ကဋ္ဌ၊ ဦးထွန်းအုန်က မန်နေဂျင်းစက္ကရီတေရီအဖြစ် တာဝန်ယူကြကြောင်း သိရသည်။

ဆိုရန်တိုဗီလာစီမံကိန်းနှင့် သမဝါယမ(၅)နှစ်စီမံကိန်း

          ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကို ခံခဲ့ရပြီး ပြာဖြစ်ခဲ့ရသော မြန်မာပြည်အနေဖြင့် စီးပွားရေးအရ အမြန်ဆုံး ပြန်လည်နာလန်ထူဖို့ရာ သမဝါယမစနစ်သည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အထူးယုံကြည်မှတ်ယူ ထားသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလတွင် ရန်ကုန်မြို့ ပြည်လမ်း၊ (ဟံသာဝတီအဝိုင်း) အနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် ကျင်းပသော စီးပွားရေးပြန်လည်ထူထောင်မှု ကွန်ဖရင့်၌ Con - Cos Scheme (ခ) နှစ်တိုစီးပွားရေးစီမံကိန်နှင့် သမဝါယမကို အားပြုပြီး တိုင်းပြည်စီးပွားရေးပြန်လည် ထူထောင်လာဖို့ ကြိုပမ်းအားထုတ်ခဲ့သည်။ ထိုကြောင့်လည်း လွတ်လပ်ရေးရပြီးသည့်အချိန်ထိ ကွန်ကိုးအသင်းပေါင်း ၇၀၀၀ ကျော်ဖြင့် စစ်ဘေးသင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးခဲ့ကြသည်။ အဆိုပါအောင်မြင်မှု၏ နောက်ဆက်တွဲရလဒ်အဖြစ် ၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား သမဝါယမအစည်းအဝေးကြီးကို ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ကာ သမဝါယမ (၅) နှစ်စီမံကိန်းကို ရေးဆွဲအတည်ပြုခဲ့ကြသည်။ ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့၌ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး ဦးကျော်ငြိမ်းက ပထမဆုံးဝန်ကြီး ဖြစ်လာ ခဲ့သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော်သမဝါယမသင်တန်းကျောင်းကို ဖွင့်လှစ်ပြီး သမဝါယမပညာရေးစနစ်ကို အားပေးမြှင့်တင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံသမဝါယမကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ၎င်းပြင် ၁၉၅၆ ခုနှစ် သမဝါယမအသင်းများ အက်ဥပဒေကို ပြဌာန်းပြီး ယင်းဥပဒေအရ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း(လလသသ)များ ပေါ်ထွက်လာခဲ့သည်။ လလသသ ဆိုင်နာမည်သည် ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ရှိခဲ့သော အမည် ဖြစ်၏။ ယနေ့ထက်တိုင် မမေ့ခဲ့ပါ။

၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း

          ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာပြီးနောက် သမဝါယမသည် ဆိုရှယ်လစ်စီးပွားရေးစနစ်၏ ဒုတိယမဏ္ဍိုင်အဖြစ် ရပ်တည်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ၁၉၇၀ ပြည့်နှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေကို ပြဌာန်းခဲ့သည်။ ယင်းဥပဒေနှင့်အညီ သမဝါယမစီမံကိန်းအောင်မြင်ရေးသည် အဓိကဆိုသော ကြွေးကြော်သံဖြင့် ရပ်တည် ဆောင်ရွက်ခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း၏ ထူးခြားသော ဝိသေသ (၄) ခုမှာ (က) မြန်မာနိုင်ငံတွင် ယခင်ခေတ်ဟောင်းက ပြုလုပ်ခဲ့သည့် သမဝါယမစီမံကိန်းများနှင့် မတူခြင်း၊ (ခ)ယခုစီမံကိန်းအရ ဖွဲ့စည်းမည့် သမဝါယမအသင်းများသည် ယခင်ခေတ်ဟောင်း က ဖွဲ့စည်းခဲ့သည့် အသင်းများနှင့်မတူခြင်း၊ (ဂ) အရင်းရှင်နိုင်ငံများရှိ သမဝါယမအသင်းများ နှင့်မတူခြင်း၊ (ဃ) ဆိုရှယ်လစ်နိုင်ငံများရှိ သမဝါယမအသင်းများနှင့်လည်း မတူခြင်းတို့ ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသော လက္ခဏာရပ်များနှင့် သတ်မှတ်ပြဌာန်းထားသော စီမံကိန်းသည်ပင်လျှင် သမဝါယမအသင်းများအကြား ကိုယ်ကျိုးရှာမှု၊ မသမာမှု၊ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အားနည်းချက်များ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသမဝါယမအသင်းများ၏ အားနည်းချက်များ

          ဤအားနည်းချက်များသည် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသော အခြေအနေများ အပေါ် သုံးသပ်၍ သမဝါယမပညာရှင်များ၊ လက်တွေ့လုပ်ငန်းဆောင်ရွက်နေသူများက ဖော်ထုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ ယင်းအားနည်းချက်များ(သို့မဟုတ်) မြန်မာနိုင်ငံ သမဝါယမအသင်းများ၏ ပျက်စီးရသောအကြောင်းရင်းများမှာ သမဝါယမအသင်းသား များအား ပညာပေးမှုကင်းမဲ့ခြင်း၊ သမဝါယမအသင်းများကို အလျင်စလို ဖွဲ့ခြင်း၊ ခိုင်မြဲခြင်း မရှိသည့်လုပ်ငန်းများ တိုးချဲ့ခြင်း၊ သမဝါယမဌာနဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းများ နိုင်နိုင် နင်းနင်း မရှိခြင်း၊ ချေးငွေပေးဆပ်နိုင်မှု ရှိ/ မရှိ လေ့လာသုံးသပ်မှုအားနည်းခြင်း၊ ငွေများ ထုတ်ချေးရာတွင် သတိကင်းမဲ့ခြင်း၊ အသင်းဝင်ဖြစ်ထိုက်သော အင်္ဂါရပ်နှင့် မပြည့်စုံသူများကို အသင်းဝင်ခွင့်ပြုခြင်း၊ ငွေချေးထိုက်သည့် အင်္ဂါရပ်နှင့်မညီသူများကို ငွေချေးခြင်း၊ ပေးဆပ် ရန်ရှိသော ချေးငွေအတိုးအရင်း အားလုံးကို မှန်ကန်တိကျစွာ ပြန်လည်မပေးဆပ်ခြင်း၊ အသင်းသားများထံမှ ချေးငွေကြွေးများ တောင်းခံရာ၌ ထိထိရောက်ရောက် မဆောင် ရွက်ခြင်း၊ အကျိုးဆောင်လုပ်ငန်းများကို အားထားခြင်း၊ ကာလတိုပြန်ဆပ်ရမည့် ငွေများကို လက်ခံ၍ အသင်းသားများအား နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးခြင်း၊ သမဝါယမအသင်း သားများ၏ ဒေသဆိုင်ရာ ခေါင်းဆောင်မှုညံ့ဖျင်းခြင်း၊ အသင်းသားများ မရိုးဖြောင့်ခြင်းနှင့် သစ္စာမရှိခြင်း၊ သမဝါယမဌာနဆိုင်ရာ ဝန်ထမ်းများ ပြည့်စုံလုံလောက်စွာ မရှိခြင်း၊ အစိုးရ၏ သမဝါယမမူဝါဒ ပြတ်သားမှုမရှိခြင်း၊ ဆရာစံ အရေးတော်ပုံ ပေါ်ပေါက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ မတည်မငြိမ်ဖြစ်နေခဲ့ခြင်းတို့ ဖြစ်ပါသည်။

 

သမဝါယမလောကသားများ၏ သုံသပ်တွေ့ရှိအကြံပြုချက်များ

          သမဝါယမကို အကြောင်းပြု၍ ပုဂ္ဂလိကကိုယ်ကျိုးရှာမှုများသည် သမဝါယမအသင်း များအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်ကြောင်း၊ လူတိုင်း စီးပွားရေးကောင်းပြီး ကိုယ်ကျင့် တရားလည်း ကောင်းလာရမည်ဆိုသော မျှော်မှန်းချက်နှင့် တည်ဆောက်ခဲ့ကြသည့် ဆိုရှယ်လစ်စနစ်၏ ဒုတိယမဏ္ဍိုင်ခေတ်မှာလည်း အမှားများနှင့် မကင်းနိုင်ခဲ့ကြကြောင်း၊ စီမံခန့်ခွဲအုပ်ချုပ်မှု၌ အရည်အချင်းမပြည့်ဝခြင်းနှင့် လုံလောက်မှုကင်းမဲ့ခြင်းတို့သည်လည်း သမဝါယမစနစ်ကို ကျဆုံးစေသော အဓိကအကြောင်းရင်းများထဲက တစ်ခုဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းများအတွက် တာဝန်ပေးမည်ဆိုလျင် လူကောင်းရုံဖြင့် မလုံလောက်သေး၊ အလုပ်တွင်လည်း တော်သည့်တတ်သည့် လူတော်များဖြစ်ရန် လိုအပ်ကြောင်း၊ သမဝါယမ အသင်းများ ပျက်စီးရသော အကြောင်းရင်းများထဲ၌ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အစည်း အဝေးများသည်လည်း ထိပ်ဆုံးကပါဝင်နေကြောင်း၊ အစည်းအဝေးတွင် တင်ပြသည့် အစီရင် ခံစာ၊ စာရင်းရှင်းတမ်းများသည် အချက်ကျကျ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားနှင့် တိကျသေချာသော ကိန်းဂဏန်းများဖြစ်ရန် လိုအပ်ကြောင်းကို တစ်ချိန်က သမဝါယမ လောကတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်သွားခဲ့ကြသည့် သမဝါယမလောကသား များက သုံးသပ်အကြံပြုထားကြသည်ကို လေ့လာတွေ့ရှိရပါသည်။

မြင့်စိုး(နတလ)