တို့အားများ အပေးအယူ မျှတလို့ နို့စားနွား မွေးမြူသူ သမဝါယမ ဖွဲ့ကြစို့

Ministry of Cooperatives and Rural Development | Jul 23, 2024

ကျွန်တော်တို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တော်တော်များများမှာ နို့စားနွားမွေးမြူသူတွေ ရှိကြပါတယ်။ များသောအားဖြင့် မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တွေမှာ မွေးမြူကြတာကို တွေ့ရပါတယ်။ အများစုက သမားရိုးကျနည်းဖြစ်တဲ့ လွှတ်ကျောင်းစနစ်နဲ့ပဲ မွေးမြူကြတာပေါ့။ ဒီတော့ အကျိုးအမြတ်ကလည်း ပုံမှန်လေးပဲ ရကြတယ်လေ။ ဒေသခံတွေပြောတဲ့ နို့စားနွား ဆိုတာ အမှန်တော့ ရိုးရိုးဒေသနွားမျိုးထဲကမှ နို့ထွက်ကောင်းပြီး နို့ညှစ်လို့ ရတဲ့ နွားမတွေပဲ ဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ နိုင်ငံခြားနွားမျိုးဖြစ်တဲ့ ဖရီရှန်မျိုးကို အနည်းစု တွေ့ရပါတယ်။ နို့စားနွားမွေးမြူရာမှာ လွှတ်ကျောင်းမွေးမြူသည့်စနစ်၊ ခြံလှောင်မွေးမြူသည့်စနစ်၊ လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲပြီး မွေးမြူသည့်စနစ် ဆိုပြီး စနစ်သုံးမျိုးရှိသည့်အနက် ဒေသခံ နို့စား နွားမွေးမြူသူအများစုက လွှတ်ကျောင်းမွေးမြူသည့်စနစ်နဲ့သာ မွေးမြူကြတော့ နွားမတွေဆီက နွားနို့ကို စွမ်းအားကုန် မထုတ်လုပ်နိုင်ဘူးပေါ့။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ လွှတ်ကျောင်းစနစ်ဆိုတာ အစာရေစာ ပေါများတဲ့ စားကျက်ကောင်းကောင်းရှိပြီး အစာကို ဝအောင်စားရမှ အဆင်ပြေမှာလေ။ သူတို့ဒေသတွေမှာက အများအားဖြင့် စိုက်ပျိုးမြေဧရိယာတွေများတော့ စားကျက်ကောင်းကောင်းက သိပ်မရှိဘူး ဖြစ်နေတာပေါ့။ ရှိတဲ့ စားကျက်မှာပဲ စုပြုံပြီး လွှတ်ကျောင်းကြတော့ နွားတွေခမြာ မဝရေစာနဲ့ပဲ အချိန်တန်တော့ သခင့်အိမ် ပြန်ခဲ့ရ၊ အိမ်ရောက်တော့လည်း သခင်က အစာဖိုး မတတ်နိုင်တော့ ဖြည့်စွက်စာ မကျွေးနိုင်၊ အစာကို ဝအောင်မစားရမှတော့ သတ္တဝါတွေရဲ့ ဇီဝကမ္မ သဘောအရ နို့ဖြစ်တည်မှု နည်းတော့တာပေါ့။ နွားမတွေ နို့ထွက်နည်းတော့ နို့စားနွားမွေးမြူသူတွေလည်း ဝင်ငွေနည်းပြီး အဆင်မပြေဖြစ်ကြတော့တာပေါ့။ ဒီကြားထဲ နို့ပွဲစားတွေရဲ့ လူလည်ကျတာကို ခံရသေးတယ်။

နို့စားနွားမွေးမြူသူနှင့် နို့ပွဲစား

နို့ပွဲစားဆိုတာ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဆီကနေ ငွေအရင်းအနှီးယူ၊ နို့စားနွားမွေးမြူသူတွေထံကို နို့ဖိုးကြိုတင်ငွေ တဆင့်ပြန်ပေး၊ ငွေကြိုပေးစဉ်က နှစ်ဘက် သဘောတူ သတ်မှတ်ထားတဲ့ နွားနို့ပေါက်ဈေး၊ နို့ညှစ်ယူရမယ့်ကာလအတိုင်း နွားနို့ကို ကိုယ်တိုင်ညှစ်ယူပြီး နို့ကောက် စခန်းတွေကို ပေးပို့ရောင်းချတာရှိသလို နို့ချက်စက်ရုံတွေကို တိုက်ရိုက်ပေးပို့ရောင်းချတဲ့သူ တွေကို ပြောတာပါ။ နို့ပွဲစားတွေ လူလည်ကျပုံကိုပြောပြရရင်  နို့ဖိုးငွေ ကြိုတင်ထုတ်ပေးထားရတာဆိုပြီး နွားနို့ဈေးနှုန်းကို ကာလပေါက်ဈေးအတိုင်း မပေးဘူး။ နောက်တစ်ခုက ချင်တွယ်တဲ့ ခွက်ကို နှစ်မျိုး ထားတယ်။ သူတို့ထံမှ နို့ဖိုးငွေ ကြိုတင်ယူထားတဲ့သူတွေဆီကနေ နွားနို့ညှစ်ယူတဲ့အခါ သူတို့ တစ်ပိဿာ ခွက်လို့ ပြောတဲ့ ချင်ခွက်က တစ်ပိဿာနဲ့ သုံးဆယ်ကျပ်သားလောက်ရှိတဲ့ ခွက်နဲ့ ချင်တွယ်ပြီး ယူကြတယ်။ နို့ကောက် စခန်းတို့၊ နို့ချက်စက်ရုံတို့ကျတော့ တစ်ပိဿာ အတိအကျဖြစ်တဲ့ချင်ခွက်နဲ့ ပြန်ရောင်းကြတယ်။ အဲ့ဒီမှာ တစ်ပိဿာအပေါ် သုံးဆယ်သားလောက်၊ ဆယ်ပိဿာအပေါ်ဆို သုံးပိဿာလောက် နို့စားနွားမွေးမြူသူတွေ နစ်နာကြတယ်၊ နို့ပွဲစားတွေကတော့ အမြတ်ထွက်ကြ တာပေါ့။ ဒါတောင် ရေရောတာ မပါသေးဘူး။ စီးပွားရေးလုပ်တဲ့နေရာမှာ ပုထုဇဉ်လူသားတွေဆိုတော့ လောဘနဲ့ ဘယ်ကင်းပါ့မလဲ။ ပြောချင်တာက နို့ပွဲစားတွေရဲ့ လုပ်ပုံကိုင်ပုံကို အပြစ်သဘော ပြောချင်တာ မဟုတ်ပါဘူး။ နို့စားနွားမွေးမြူသူတွေရဲ့ နစ်နာနေမှုအပေါ် ဘယ်လိုပေါင်းစပ် ကူညီပေးရမလဲဆိုတဲ့ အချက်ကို အဓိက တင်ပြဆွေးနွေး ပြောပြချင်တာပါ။

စုပေါင်းလုပ်ကိုင် ဆောင်ရွက်မှ အကျိုးအမြတ် ခံစားရ

နို့စားနွားမွေးမြူသူတွေအနေနဲ့ကလည်း ကိုယ့်အတွက် နစ်နာတယ်ဆိုတာ သိပါလျက်နဲ့ အဆင် မပြေကြတော့လည်း နို့ပွဲစားတွေဆီက နို့ဖိုးကြိုတင်ငွေကို ယူကြရတော့တာပေါ့။ နို့ပွဲစားတွေဆီက နို့ဖိုး ကြိုတင်ငွေမယူလို့ အခြားသူတွေဆီက ငွေချေးမယ်ဆိုရင်လည်း ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုသလို အတိုးကြီးကြီးပေးရတာနဲ့တင် နလန်ထူနိုင်မှာ မဟုတ်ဘူးလေ။ ဒါ့ကြောင့် နို့ပွဲစားတွေဆီက မျက်စေ့စုံမှိတ်ပြီး ယူကြရတာပေါ့။ အခုလို အခြေအနေမျိုး ကြုံတွေ့နေကြရတဲ့ နို့စားနွားမွေးမြူသူတွေ အဆင်ပြေဖို့ဆိုရင် ကျင့်သုံးရမယ့် စနစ်တစ်ခုတော့ရှိတယ်။ အဲ့ဒီစနစ်က သမဝါယမစနစ်ပဲဖြစ်ပါတယ်။ သမဝါယမစနစ်ဆိုတာ လူတွေရဲ့ အတ္တဟိတ(ကိုယ့်အကျိုးစီးပွား)၊ ပရဟိတ (အများအကျိုးစီးပွား) ဒွန်တွဲမှုအပေါ်မှာ အခြေခံပြီး ကြံဆတီထွင်ထားသည့် စနစ်တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီလို အတ္တနဲ့ ပရ ဒွန်တွဲမှုအပေါ် အခြေခံထားတာနဲ့အညီ လူတွေရဲ့ စီးပွားရေးအခြေအနေကို တိုးတက် အောင်မြင်စေရန်အလို့ငှာ လူတန်းစားမခွဲခြားဘဲ သာတူညီမျှစွာ အချင်းချင်း ဆက်ဆံပေါင်းသင်းကာ ဆန္ဒအလျောက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြတဲ့ လုပ်ငန်းစနစ် ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သမဝါယမစနစ်ဆိုတာ အတ္တကို ဗဟိုပြုခြင်းမျိုးမဟုတ်ဘဲ လိုအပ်နေသူတွေနဲ့ ရှိနေတဲ့သူတွေကို ဆက်စပ်ပေးတဲ့စနစ်လို့လည်း ဆိုနိုင်ပါတယ်။ သမဝါယမစနစ်နဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေဟာ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်တာမဟုတ်ဘဲ အတ္တ၊ ပရ ညီညွတ်မျှတစွာ ပူးပေါင်းဆောင်ရွက်ပြီး တစ်ယောက်ရဲ့လုပ်အားဟာ အများအတွက်အကျိုးကျေးဇူးဖြစ်စေသလို  အများရဲ့ လုပ်အားဟာလည်း တစ်ဦးတစ်ယောက်ချင်းစီအတွက် အကျိုးကျေးဇူးကို မျှဝေခံစားကြတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နို့စားနွားမွေးမြူသူတွေ၊ နို့ပွဲစားတွေအားလုံးက မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း ခိုင်မာစွာရပ်တည်နိုင်ဖို့အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းလက်တွဲကာ နို့စားနွား မွေးမြူရေးသမဝါယမအသင်း ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ကြမယ်ဆိုရင် အားလုံးရဲ့ အကျိုးစီးပွား တွေဟာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ်ပါတယ်။ သမဝါယမအခြေခံသဘောတရား အရ အသင်းအမှုဆောင်အဖွဲ့ရဲ့ ဦးဆောင်စီမံခန့်ခွဲမှုနဲ့ အသင်းသားများရဲ့ လိုက်ပါဆောင်ရွက်မှုတို့ကြောင့် ရရှိလာတဲ့ အကျိုးအမြတ်ကို အသင်းနဲ့ အသင်းသားအကျိုး မျှတစွာ ခွဲဝေခံစား၊ စံစားကြရမှာပဲ ဖြစ်ပါတယ်။

သမဝါယမစနစ်ကျင့်သုံးပြီး စီမံဆောင်ရွက်

နို့စားနွားမွေးမြူရေးသမဝါယမအသင်း ဖွဲ့စည်းပြီးပြီဆိုတာနဲ့ နို့စားနွားမွေးမြူသူအသင်းသားတွေ လိုအပ်နေတဲ့ နွားစာဖိုးငွေကို သမဝါယမအသင်းအချင်းချင်းကဖြစ်စေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကဖြစ်စေ တစ်နည်းနည်းနဲ့ ရရှိအောင် ဆောင်ရွက်ပြီး နို့ထွက်/နို့ညှစ်လို့ရတဲ့ နွားမတစ်ကောင်ကို ငွေငါးသောင်းကျပ်ကနေ ငွေကျပ်တစ်သိန်းနှုန်းထိ အစာဖိုးအဖြစ် ပံ့ပိုးထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ အသင်းမှာ လုပ်ငန်းသဘာဝအရ လုပ်ငန်းကျွမ်းကျင်တဲ့ နို့ပွဲစားတွေက အမှုဆောင်အဖွဲ့ထဲပါဝင်ကာ အသင်းကို ဦးဆောင်ပြီး မိမိတို့အသင်းမှ နို့စားနွားမွေးမြူသူအသင်းသားတွေဆီက နွားနို့တွေကို စုစည်းဝယ်ယူမယ်၊ ပြီးရင် နီးစပ်ရာ နို့ချက်စက်ရုံမှာ စုပေါင်းရောင်းချမယ်၊ နို့ပွဲစားတွေအနေနဲ့ အသင်း ကို ဦးဆောင်ရတဲ့ အမှုဆောင်အဖွဲ့ဝင်တာဝန်ယူထားရပြီဆိုတော့ အရင်ကလို လူလည်မကျနဲ့တော့ပေါ့။ အချင်အတွယ်မှန်မှန်၊ ဈေးနှုန်းမှန်မှန်နဲ့ ကိုယ့်အသင်းသားတွေအပေါ် စေတနာမှန်မှန်နဲ့ ဆောင်ရွက် ပေးကြပေါ့။ စေတနာမှန်ရင် အကျိုးပေးပါလိမ့်မယ်။ အဲ့ဒါမှ စုပေါင်းမွေးမြူ၊ စုပေါင်းဝယ်ယူ၊ စုပေါင်း ရောင်းချရာမှ ရရှိလာတဲ့ အကျိုးအမြတ်ကို စုပေါင်းမျှဝေခံစား၊ စံစားကြရမှာပေါ့။ ဥပမာအနေနဲ့ ဆွေးနွေးတင်ပြရရင် နို့ကောက် စခန်း/နို့ချက်စက်ရုံက နွားနို့တစ်ပိဿာကို ငွေ(၂၅၀၀)ကျပ်နဲ့ ဝယ်တယ် ဆိုရင် အသင်းအနေနဲ့ နို့စားနွား မွေးမြူသူအသင်းသားတွေဆီကနေ နွားနို့တစ်ပိဿာကို ငွေ(၂၃၀၀) ကျပ်နဲ့ စုစည်းဝယ်ယူပြီး နို့ချက်စက်ရုံတွေမှာ အသင်းက ကိုယ်တိုင်စုပေါင်းရောင်းချ၊ တစ်ပိဿာ အပေါ်က ရရှိလာတဲ့ အမြတ်ငွေ(၂၀၀)ကျပ် ကို ငွေအရင်းအနှီးစိုက်ထုတ်သူကို ၃၀ ရာခိုင်နှုန်းပေး၊ လုပ်ငန်းစရိတ်အတွက် ၃၀ ရာခိုင်နှုန်းသုံး၊ အသင်းအတွက်ရန်ပုံငွေ ၄၀ ရာခိုင်နှုန်းထည့်ဝင်ပေး၊ အသင်း အတွက် ရရှိတဲ့ ရန်ပုံငွေ ၄၀ ရာခိုင်နှုန်းထဲ ကမှ အသင်းသားတွေအတွက် ၂၀ ရာခိုင်နှုန်းဖြစ်ဖြစ် ဒါမှမဟုတ် သင့်တင့်မျှတတဲ့ ပမာဏတစ်ခုပေး လိုက်မယ်ဆိုရင် စုပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုး ကျေးဇူးကို  အားလုံးမျှဝေခံစား၊ စံစားကြရပြီပေါ့။ ဘယ်ရွေ့၊ ဘယ်မျှ ခွဲဝေဆောင်ရွက်သင့်တယ်ဆိုတာ တော့ ကိုယ့်အသင်းရဲ့ အခြေအနေပေါ်မူတည်ပြီး အမှုဆောင်အဖွဲ့နဲ့ အသင်းသားတွေ ညှိနှိုင်းတိုင်ပင် ဆွေးနွေးဆုံးဖြတ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမှာပေါ့။

ပိုမိုကောင်းမွန်ပြီး အကျိုးအမြတ် ပိုမိုရရှိစေရေး စီမံဆောင်ရွက်လျက်ရှိ

နို့စားနွားမွေးမြူသူအသင်းသားတွေအနေနဲ့ကလည်း သမဝါယမစနစ်နဲ့ မဆောင်ရွက်ခင် နို့ဖိုး ကြိုတင်ငွေ ထုတ်ယူရတုန်းကဆို နို့ပွဲစားတွေ သတ်မှတ်တဲ့အတိုင်း တစ်ပိဿာမှ အနည်းဆုံး ငွေ(၁၅၀၀)ကျပ်ကနေ အများဆုံးငွေ(၁၈၀၀)ကျပ်လောက်နဲ့ ဈေးဖြတ်ခံခဲ့ရတာ၊ ကာလ/ဒေသပေါက်ဈေး ငွေ(၂၅၀၀/ ၂၆၀၀)ကျပ်လောက် ဖြစ်နေလည်း ကြိုတင်ယူထားတဲ့ သတ်မှတ်ကာလ မပြည့်မချင်း မူလဖြတ်ထားတဲ့ ဈေးနဲ့ပဲ ကိုယ့်ဆီက နွားနို့ကို ညှစ်ယူခံခဲ့ရတာပေါ့။ အခုလို သမဝါယမအသင်းသား ဖြစ်သွားတော့ နွားစာဖိုး ပံ့ပိုးချေးငွေရလို့ နို့ဖိုးကြိုတင်ငွေ ထုတ်ယူစရာမလို့တော့ဘူးလေ။ ဒီတော့ နွားနို့ကို ကာလ/ဒေသ ပေါက်ဈေးအတိုင်း ကိုယ့်အသင်းကနေ စုစည်းပြီး စုပေါင်းရောင်းချတော့ ဈေးအနှိမ်ခံရတာမျိုးလည်း မရှိတော့ဘူးပေါ့။ နောက်ပိုင်းကျရင် နို့စားနွားမွေးမြူသူအသင်းသားတွေ လက်ရှိမွေးမြူတဲ့ လွှတ်ကျောင်း စနစ်ထက် ပိုကောင်းပြီး စနစ်တကျလည်းဖြစ်၊ အကျိုးအမြတ်လည်း ပိုမိုရရှိနိုင်မယ့် ခြံလှောင်မွေးမြူ သည့်စနစ်တို့ လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲပြီး မွေးမြူသည့်စနစ်တို့နဲ့ မွေးမြူနိုင်ဖို့ နွားခြံတွေ၊ နွား တင်းကုတ်တွေ ဆောက်လုပ်နိုင်အောင်၊ နောက်ပြီး မျိုးကောင်းမျိုးသန့် နွားမဒန်းများ တိုးချဲ့မွေးမြူနိုင်အောင် ပံ့ပိုးချေးငွေများ ထုတ်ချေးပေးနိုင်ရေး အစီအမံတွေ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ

နို့စားနွားမွေးမြူရေးလုပ်ငန်း အောင်မြင်ပြီး စီးပွားဖြစ်ဖို့ဆိုရင် ငွေကြေးပံ့ပိုးထုတ်ချေးပေးမှုအပြင် နွားတွေရဲ့ ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့်နည်းလမ်း၊ အာဟာရ မျှတတဲ့ အစားအစာ အစရှိတဲ့ နို့စားနွားမွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်အလက်များကို နို့စားနွားမွေးမြူသူ သမဝါယမအသင်းသားတွေ သိရှိအောင် ပညာပေးနည်းလမ်းပြသတာတွေ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လည်း နွားတွေရဲ့ ကျန်းမာရေးအခြေအနေကို အမြဲတမ်းစောင့်ကြည့်ပြီး ရာသီအလိုက် နွားတွေမှာဖြစ်ပွား တတ်တဲ့ ဒေါင့်တန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ခွာနာလျှာနာရောဂါ အစရှိတဲ့ ရောဂါတွေ မဖြစ်ပွား၊ မကူးစက်ရအောင် အချိန်နဲ့တစ်ပြေးညီ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နွားတွေကို ထိန်းသိမ်းစောင့်ရှောက် ရာမှာ နွားခြံကို ရေမဝပ်တဲ့ နေရာ၊ ကုန်းမြင့်တဲ့နေရာ၊ လူနေအိမ်နဲ့ သီးခြားဖြစ်တဲ့နေရာတွေမှာ ရွေးချယ် ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ နွားတစ်ကောင်အတွက် နေရာဟာ အလျား(၇)ပေ၊ အနံ(၄)ပေ၊ အမြင့်(၈)ပေ ကျယ်ဝန်းရန် လိုအပ်ကြောင်း၊ နွားတွေကို အစာကျွေးရာမှာ အာဟာရ မျှတစေဖို့ တစ်နေ့ကို နို့(၄)ပိဿာ ချပေးတဲ့ နွားမတစ်ကောင်အတွက် အစာ(၃)ပိဿာနှုန်း ကျွေးရမှာဖြစ်ကြောင်း၊ ကျွေးတဲ့အစာမှာ နှမ်းဖတ် ၂၅ ရာခိုင်နှုန်း၊ ဖွဲနု ၂၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၂၃ ရာခိုင်နှုန်း၊ ပဲခွံ ၁၇ ရာခိုင်နှုန်းနဲ့ ပဲမှုန့်ကြမ်း ၁၀ ရာခိုင်နှုန်း ပါဝင်ရန် လိုကြောင်း၊ သောက်ရေ အလုံအလောက်တိုက်ရန်နှင့် အစာကြမ်းကို တစ်နေ့လျှင် (၁၀)ပိဿာမှ (၁၂)ပိဿာလောက် ကျွေးရန်လိုအပ်ကြောင်း ပညာပေးနည်းလမ်းပြသ မှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး နေကြောင်း သိရှိရပါတယ်။

လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိ

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နို့နှင့် နို့ထွက်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုကို လျှော့ချနိုင်ရန်၊ ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေရန်နှင့် နို့စားနွားမွေးမြူသူများ၏ လူမှုစီးပွားဘဝရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း မိတ္ထီလာဇုန်၊ ကျောက်ဆည်ဇုန်နှင့် မန္တလေးဇုန်ဆိုပြီး ဇုန်(၃)ဇုန် တည်ထောင်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဆည်ဇုန်တွင် မြဘုရင်နို့ချက်စက်ရုံ နှင့် ထွန်းနို့ချက်စက်ရုံတို့ ရှိပြီးဖြစ်ကြောင်း၊ မန္တလေးဇုန်တွင်လည်း မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံ ရှိပြီးဖြစ်ကြောင်း၊ မိတ္ထီလာဇုန်တွင် နို့ချက်စက်ရုံ မရှိသေးသည့် အတွက် နို့ချက်စက်ရုံတည်ဆောက်နိုင်ရေး လိုအပ်သည့် တွက်ချက်မှုများဖြင့် တင်ပြရန် နိုင်ငံတော် အကြီးအကဲက လမ်းညွှန်ထားကြောင်း၊ အဆိုပါ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဇုန်(၃)ဇုန်အတွက် လိုအပ်သည့် နွားနို့ကုန်ကြမ်းများ ပေးသွင်းနိုင်ရေအတွက် နို့စားနွားမွေးမြူရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အမရပူရမြို့နယ်တွင် (၇)သင်း၊ ပြင်ဦးလွင်မြို့နယ်တွင်(၁)သင်း၊ ကျောက်ဆည်မြို့နယ်တွင် (၁၀)သင်း၊ စဉ့်ကိုင်မြို့နယ်တွင် (၄)သင်း၊ မြစ်သားမြို့နယ်တွင်(၁)သင်း၊ တံတားဦးမြို့နယ်တွင်(၈)သင်း၊ မိတ္ထီလာမြို့နယ်တွင်(၅)သင်း စုစုပေါင်း နို့စားနွားမွေးမြူရေးသမဝါယမ အသင်း(၃၆)သင်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အဆိုပါအသင်း(၃၆)သင်းတွင် နို့စားနွားမကောင်ရေ (၂၅၉၇)ကောင်ရှိကြောင်း၊ ထွက်ရှိသည့် နွားနို့များကို ၎င်းတို့နှင့် နီးစပ်ရာ နို့ချက်စက်ရုံများသို့ ဒေသပေါက်ဈေးအတိုင်း ပေးသွင်းရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ဆက်လက်၍ ဇုန်(၃)ဇုန်အတွင်း နို့စားနွားမွေးမြူရေးသမဝါယမအသင်းများ ထပ်မံတိုးချဲ့ဖွဲ့စည်းကာ တစ်မြို့နယ်ကို နို့စားနွားမအကောင် တစ်ထောင်နှုန်း မွေးမြူနိုင်အောင် စီမံလျာထားဆောင်ရွက်လျက်ရှိပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

အချုပ်အားဖြင့် ဆွေးနွေးတင်ပြရရင် စည်းလုံးခြင်းသည် အင်အား၊ ညီညွတ်ခြင်းသည် ခွန်အား ဆိုတဲ့ စကားအတိုင်း နို့စားနွားမွေးမြူသူတွေ တစ်ဦးတစ်ယောက်တည်းရဲ့ အားနဲ့ ရပ်တည်ဖို့ မစွမ်းသာ ဘူးဆိုရင် စုပေါင်းအားနဲ့ စွမ်းဆောင်နိုင်ဖို့ ဘဝတူ၊ လုပ်ငန်းတူ နို့စားနွားမွေးမြူသူအားလုံးက စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူနဲ့ သမဝါယမအသင်းဖွဲ့စည်းပြီး စုပေါင်းအားကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ထို့အတူ နို့ပွဲစားတွေအနေနဲ့ကလည်း နို့စားနွားမွေးမြူသူတွေအပေါ် စီးပွားရေးအရ မှီခိုရပ်တည်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်လို့ နို့စားနွားမွေးမြူရေးသမဝါယမအသင်းမှာ မိမိတို့ရဲ့ လုပ်အား၊ နည်းပညာနဲ့ ငွေကြေးအရင်းအနှီးတွေ အားဖြည့်ပူးပေါင်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့အောင် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နို့စားနွားမွေးမြူသူများအတွက် စနစ်ကျပြီး အကျိုးအမြတ်ပိုမိုရရှိစေရန်အလို့ငှာ နွားစာဖိုး၊ မွေးမြူဖို့ နွားမဒန်း ဝယ်ယူရန်၊ နွားခြံ/ နွားတင်းကုတ်များ ဆောက်လုပ်နိုင်ရန် ပံ့ပိုးချေးငွေထုတ်ချေးပေးမယ့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနရဲ့ အား၊ နွားတွေရဲ့ ကျန်းမာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းလမ်း၊ အာဟာရမျှတတဲ့ အစားအစာ အစရှိတဲ့ နို့စားနွားမွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်အလက်များကို သိရှိအောင် ပညာပေးနည်းလမ်းပြသဆောင်ရွက်မယ့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ အားတွေကိုပါ အပေးအယူမျှတစွာ ပူးပေါင်းလိုက်မယ်ဆိုရင် နို့စားနွားမွေးမြူသူတွေရဲ့ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေကာ ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေပြီး နို့နှင့် နို့ထွက် ပစ္စည်းများ ပြည်ပမှ တင်သွင်းရမှုကို လျှော့ချ သွားနိုင်မှာဖြစ်ပါတယ်။ အလားတူ ယနေ့ နိုင်ငံတော်က ချမှတ်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဆိုတဲ့ စီးပွားရေးဦးတည်ချက် ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာ ဖြစ်တဲ့အတွက် “တို့အားများ အပေးအယူ မျှတလို့ နို့စားနွားမွေးမြူသူ သမဝါယမ ဖွဲ့ကြစို့ ” လို့ နို့စားနွားမွေးမြူရေးသမဝါယမအသင်းများအား ဂုဏ်ပြုရေးသားတင်ပြလိုက်ရပေသည်။

 

မင်းခလုင်(သမ/ဦးစီး)