ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟု ခေါ်ပါသည်

Ministry of Cooperatives and Rural Development | Jul 22, 2024

ယခင်နှင့်ယခု မှတ်တမ်းပြုရာကအစ

          ကျွန်တော် မြင့်စိုး(နတလ)သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပေရာ နယ်စပ်ဒေသများ၏ ယခင်မဖွံ့ဖြိုးသေးသော အခြေ အနေ၊ ယနေ့ဖွံ့ဖြိုးတိုးတက်ပြီး အစစအရာရာ ကွာဟပြောင်းလဲလာခဲ့သော အခြေအနေ တို့ကို လက်တွေ့ မြင်ခဲ့ဖူးကြုံခဲ့ဖူးသည်။ မှတ်တမ်းမှတ်ရာလည်း ပြုခဲ့ဖူးပါသည်။ ယခင် ပန်ဆန်းကျေးရွာ (၁၉၈၉) နှင့် ယနေ့ ပန်ဆန်းမြို့၊ ယခင် လောက်ကိုင်ကျေးရွာ (၁၉၈၉) နှင့် ယနေ့ လောက်ကိုင်မြို့ မြင်ကွင်းများ သည်လည်းကောင်း၊ ယခင် ပန်ဝါကျေးရွာနှင့် ယခု ပန်ဝါမြို့၊ ယခင် နမ့်တစ်ကျေးရွာနှင့် ယခု နမ့်တစ်မြို့၊ ယခင် မိုင်းလားကျေးရွာ (၁၉၈၉) နှင့် ယခု မိုင်းလားမြို့ မြင်ကွင်းများသည်လည်းကောင်း၊ အလားတူ သံလွင်တံတား (တာကော်အက်) မတည်ဆောက်မီ သံလွင်မြစ်ကို ပွန်တွန်းလှေဖြင့် ဖြတ်ကူးခဲ့ရပုံ၊ မိုင်းလား အ.ထ.ကကျောင်းကြီး ဖြစ်မလာမီ ရှေးနှစ်ပေါင်းများစွာက မိုင်းလား အ.မ.ကကျောင်းလေးကို သက်ငယ်မိုးထရံကာ၊ ဝါးစာသင်ခုံလေးများဖြင့် ဆောက်လုပ်ဖွင့်လှစ် သင်ကြားပေးခဲ့ရပုံများ ကိုလည်းကောင်း နှလုံးသားကင်မရာဖြင့် ပြက်ပြက်ထင်ထင် ရိုက်ထားမိသကဲ့သို့ မှတ်တမ်း ဓာတ်ပုံများကိုလည်း နှောင်းလူတို့ သိရှိစေရန်အလို့ငှာ ထုတ်ဝေခဲ့ဖူးသည့် စာအုပ်အမျိုးမျိုး တွင် ဖော်ပြပေးထားပါသည်။ ထို့ပြင်တဝ နတလလုပ်ငန်းများ၏အစ ၁၉၈၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဝန်ကြီးတာဝန်၊ ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်သွားခဲ့သူများ၊ နတလ ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူများကိုလည်း မှတ်တမ်းပြုပေးခဲ့ဖူးသည်။ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူများ၏ ဓာတ်ပုံများကို ထမ်းဆောင်ခဲ့သည့် ကာလနှင့်တွဲ၍ အစည်းအဝေးခန်းမ၌ ချိတ်ဆွဲဂုဏ်ပြုပေးခဲ့သည်။ ကျွန်တော်ရှိနေစဉ် ကာလ၌ ဒုတိယဗိုလ်ချုပ်ကြီးမောင်သင့် (ကွယ်လွန်) (၂၄-၉-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇) မှသည် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် (၃-၃-၂၀၁၆ မှ စတင်သည်) ထိဖြစ်ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏နောက် လက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ထမ်းဆောင် လျက်ရှိပါသည်။

          ထိုကဲ့သို့ မှတ်တမ်းပြုခဲ့ဖူးသဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရချိန်မှာလည်း ပြည်ထောင်စုဝန်ကြီးအဆက်ဆက်၏ ဓာတ်ပုံများ ချိတ်ဆွဲ ထားရှိရန် အကြံပြုပေးခဲ့ပါသည်။ ထိုသို့ အကြံပြုချက်အရ ဝန်ကြီးရုံးအစည်းအဝေးခန်းမ တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ချစ်ဆွေ (၁၉၈၈-၁၉၈၉)၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ရဲကျော်(၁၉၈၉-၁၉၉၂)၊ ဗိုလ်ချုပ်မြသင်း(၁၉၉၂-၁၉၉၃)၊ ဦးသန်းအောင် (၁၉၉၃- ၁၉၉၈)၊ ဦးအောင်စန်း(၁၉၉၈-၂၀၀၂)၊ ဒုတိယဗိုလ်ချုပ်ကြီးတင်ငွေ(၂၀၀၂-၂၀၀၃)၊ ဗိုလ်ချုပ် ဌေးဦး(၂၀၀၃-၂၀၀၄)၊ ဗိုလ်မှူးကြီးဇော်မင်း (၂၀၀၄-၂၀၀၆)၊ ဗိုလ်ချုပ်တင်ထွတ် (၂၀၀၆-၂၀၁၁)၊ ဦးအုန်းမြင့် (၂၀၁၁-၂၀၁၂)၊ ဦးကျော်ဆန်း (၂၀၁၂-၂၀၁၅) တို့၏ မှတ်တမ်း ဓာတ်ပုံများကိုလည်းကောင်း၊ သမဝါယမဝန်ကြီးဌာနကြီး (၅)နှစ်တာ ပျောက်ကွယ်သွားပြီး နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့၌ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းပေးသောအခါ ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့ရသည့် ဦးလှမိုး၏ ဓာတ်ပုံကိုလည်းကောင်း ချိတ်ဆွဲထားရှိ မှတ်တမ်းပြုပေးခွင့် ရခဲ့ပါသည်။

အတိတ်ကာလဆီက သမဝါယမနိဒါန်း

          ကျွန်တော်က ဤသို့ဆိုလိုက်သဖြင့် သမဝါယမဆိုသည်မှာ နဝတ၊ နယကခေတ်ကစခဲ့ သလားဟူ၍ သို့လောသို့လော တွေးစရာဖြစ်သွားနိုင်ပါသည်။ မဟုတ်ပါ။ သမဝါယမ၏ လာရာကို ပြန်လည်မှန်းဆကြည့်လိုက်လျှင် ရှေးနှစ်ပေါင်းများစွာကတည်းက သန္ဓေတည်ခဲ့ သော၊ အစဉ်အလာကောင်းများနှင့် ခရီးနှင်ခဲ့သော သမဝါယမအခန်းကဏ္ဍ၏ နိဒါန်းအစထိ လှမ်း၍တွေ့မြင်ရပါလိမ့်မည်။ အဆိုပါကာလများ၌ သမဝါယမမင်းကြီး၊ သမဝါယမဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူများကို ခေတ်အလိုက် ခွဲခြားဖော်ပြပေးလိုပါသည်။ ကိုလိုနီခေတ် ကာလဖြစ်သော ၁၉၀၄ ခုနှစ်မှ ၁၉၀၆ ခုနှစ်များအတွင်း သမဝါယမမင်းကြီးတာဝန်ကို Mr. Fielding Hall ၊ Mr. English၊ Mr. Clayton Mr. C.Wc Dumm၊ Mr. C.R.p Cooper၊ Mr. F.H Fergaty၊  Mr. R.K. Hamper၊ ဦးဘိုတင်၊ ဦးတင်ကြီး၊ ဦးကြင်၊ ဦးတင်၊ ဦးအောင်စိုးတို့ ထမ်းဆောင်ခဲ့ကြသည်။ ပါလီမန်ခေတ်တွင် ဦးကျော်ငြိမ်း၊ ဦးထွန်းဝင်း၊ ဦးသာခင်နှင့် ဗိုလ်မှူးချုပ်တင်ဖေတို့က ဝန်ကြီးများ ဖြစ်ခဲ့ကြပြီး ဦးစိုးတင့်၊ ဦးညီညီနှင့် ဦးစောစံရွှေတို့က သမဝါယမမင်းကြီးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ ဆိုရှယ်လစ်ခေတ် သမဝါယမ ဝန်ကြီးများမှာ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်လွင်၊ ဦးဘညိမ်း၊ ဗိုလ်မှူးကြီးစိန်လွင်၊ ဗိုလ်မှူးကြီးထွန်းတင်၊ ဗိုလ်မှူးကြီးစိန်ထွန်းနှင့် ဦးသန်းလှိုင်တို့ ဖြစ်ကြပါသည်။

Co-operation မှ သမဝါယမသို့

          အိန္ဒိယနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲအပြီး ၁၈၈၆ ခုနှစ်၌ ဗြိတိသျှနယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ ကျရောက်ခဲ့သည်။ ၁၈၉၇ ခုနှစ် မေလ ၁ ရက်နေ့၌ မြန်မာနိုင်ငံကို အိန္ဒိယအင်ပါယာ၏ တစ်စိတ်တစ်ဒေသ အဖြစ် ထားရှိကာ အိန္ဒိယဗဟိုအစိုးရ ကွပ်ကဲမှုအောက် ဒုတိယဘုရင်ခံတစ်ဦး ထားရှိ၍ အုပ်ချုပ်ခဲ့သည်။ အိန္ဒိယဗဟိုအစိုးရသည် ဥရောပတိုက်ရှိ ဂျာမဏီ၊ အီတလီနိုင်ငံများ၌ အောင်မြင်မှုရရှိနေသော သမဝါယမလုပ်ငန်းများကို စံနမူနာယူ၍ သမဝါယမအက်ဥပဒေ တစ်ရပ်ရေးဆွဲကာ ၁၉၀၄ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ယင်းဥပဒေသည် ထိုစဉ်က အိန္ဒိယ လက်အောက်ခံ မြန်မာနိုင်ငံအတွက်လည်း အလိုအလျောက် သက်ရောက်စေခဲ့သည်။ သည့် အတွက် မြန်မာနိုင်ငံ၌ ၁၉၀၅ ခုနှစ်မှစ၍ သမဝါယမအသင်းများ ဖွဲ့စည်းတည်ထောင် ခဲ့သည်။ တစ်နည်းဆိုရသော် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံတွင်း စီးပွားရေးကျပ်တည်း မှုပြဿနာကို ဖြေရှင်းရာတွင် ဆောင်ရွက်ခဲ့သော ဂျာမဏီ၊ အီတလီတို့၏ နည်းလမ်းကို အတု ယူခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ စီးပွားရေးကျပ်တည်းမှုပြဿနာကို ဖြေရှင်းသည့်နည်းလမ်း မှာ လူအများစုပေါင်း၍ အသင်းများဖွဲ့စည်းလုပ်ကိုင်သည့် နည်းစနစ်ဖြစ်သည်။ Co-operation ဟု ခေါ်ဝေါ်ခဲ့ပြီး “အတူတကွပူးပေါင်း၍ ဆောင်ရွက်ခြင်း” ဟု အဓိပ္ပါယ်ရပါသည်။

          မြန်မာနိုင်ငံအတွက်မူ Co-operation ဆိုသည့် အင်္ဂလိပ်စကားလုံးအား ဘာသာပြန် ဆိုရန် လိုအပ်လာသဖြင့် အစိုးရဘာသာပြန်ဌာန (Government Translation Department) က ပါဠိစကားလုံး သမနှင့် အခြားစကားလုံး ဝါယမတို့ကို ယူ၍ “သမဝါယမ”ဟူသော ပါဠိပျက်ဝေါဟာရ အသစ်တစ်ခု တီထွင်ပြန်ဆိုပေးခဲ့ပါသည်။ သမဆိုသည့် ပါဠိစကားသည် မျှမျှတတ၊ ညီတူညီမျှ ဟူသော အနက်ကိုပေးသည်။ ဝါယမ(ဝါယာမ)က လုံ့လပြုသည်၊ ကြိုးပမ်းသည်၊ အားထုတ်သည်ဟု အဓိပ္ပါယ်ရသည်။ Co-operation က အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဟု ယေဘုယျအဓ္ဓိပါယ်ကိုသာ ဖော်ဆောင်သော်လည်း သမဝါယမအဓိပ္ပါယ် ကမူ ပို၍လေးနက်သည်။ လုပ်ငန်းတစ်ခုခုကို လူအများစုပေါင်း ဆောင်ရွက်ကြရာ၌ ပါဝင်သောပုဂ္ဂိုလ်တိုင်းသည် မိမိ၏ ကာယ၊ ဉာဏလုပ်အားများဖြင့် မိမိစွမ်းဆောင်နိုင်သည့် နေရာအသီးသီးမှ ရေသာမခို လှေကြုံမလိုက်ဘဲ အများနှင့်ညီတူညီမျှ တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ (တွဲဖက် သမဝါယမမင်းကြီး ဦးလှမောင် ရေးသားသော သမဝါယမနိဒါန်းမှ)။ ထိုအချက်အလက်များ ကို ထောက်ရှု၍ သမဝါယမဟူသော စကားရပ်သည် မြန်မာနိုင်ငံ၌ သမဝါယမအသင်းများ တည်ထောင်ခဲ့သည့် ၁၉၀၅ ခုနှစ်ကပင် စတင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

သမဝါယမဝေါဟာရကို တီထွင်ခဲ့သူ ဦးမောင်မောင်ပြား

          ဦးမောင်မောင်ပြားသည် မြန်မာဘုရင်သီပေါမင်းလက်ထက် မြင်းတပ်ကို တာဝန်ခံ အုပ်ချုပ်ရသော မင်းကြီးမဟာမင်းလှကျော်ထင်ဘွဲ့ရ မြင်းစီးဝန်ကြီး ဦးသောကြာ၏ သား ဖြစ်သည်။ ဦးမောင်မောင်ပြားသည် ဘုန်းကြီးကျောင်းထွက်တစ်ဦးဖြစ်ပြီး ကျောက်ကန်ထရိုက် လုပ်ငန်းများ ဆောင်ရွက်၍ သမဝါယမစည်းရုံးရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၀၅ ခုနှစ်၌ သမဝါယမလုပ်ငန်းများ စတင်ခဲ့ရာ ပထမဦးဆုံး သမဝါယမမင်းကြီး Mr. Fielding Hall နှင့်အတူ သမဝါယမအသင်းများ ဖွဲ့စည်းရန်အတွက် စေတနာ့ဝန်ထမ်း စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့အပြင် ဦးမောင်မောင်ပြား သည် Co-operation စကားရပ်အား “သမဝါယမ”ဟူသော ပါဠိပျက်စကားရပ်သို့ ဘာသာ ပြန်ဆိုပေးခဲ့သူဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ၁၉၁၆ ခုနှစ်၌ သမဝါယမ အသင်းစည်းကမ်း အမေးအဖြေစာအုပ်ကို မြန်မာဘာသာဖြင့် ပထမဆုံး ရေးသားပြုစုခဲ့သူ လည်းဖြစ်သည်။ သမဝါယမဝန်ထောက်မင်းအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပြီး အမှုထမ်း ကောင်းဆုတံဆိပ် (A.T.M, C.I.E, M.B.E) ဘွဲ့တံဆိပ်များ အပ်နှင်းခြင်းခံရသည်။

          ၁၉၁၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်နေ့ထိ မန္တလေးမြို့တွင် ကျင်းပခဲ့သော တတိယအကြိမ် စိုက်ပျိုးရေးနှင့် သမဝါယမနှီးနှောဖလှယ်ပွဲ၌ လက်ထောက်ဘုရင်ခံချုပ် တက်ရောက်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း၊ ထိုသို့ပြောကြားရာ၌ ကျွန်ုပ်တို့ မနာလိုလောက်အောင် ဖြစ်စေသည်အထိ သမဝါယမရည်းမှန်းချက်၊ ရည်ရွယ်ချက်များနှင့် ပတ်သက်သော ဗဟုသုတများစွာရှိသည့်အပြင် ၎င်းဗဟုသုတများကို ဝေမျှပေးရာ၌ စကားပြော ကောင်းပြီး စွမ်းအားအပြည့် ဆောင်ရွက်ခဲ့သော သမဝါယမဝန်ထောက် ဦးမောင်မောင်ပြား အား အထူးပင်ကျေးဇူးတင်ပါသည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ သမဝါယမဝန်ထောက် ဦးမောင်မောင်ပြား၏ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့ကြောင့် ၁၉၁၉ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း မလှိုင်သမဝါယမဝါကြိတ်စက်ရုံကို တည်ထောင်ခြင်း၊ စစ်ကိုင်းသမဝါယမဆန်စက် ပေါ်ပေါက်လာရခြင်းတို့အပြင် မန္တလေးသမဝါယမအသင်းကို လည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် သမဝါယမနှီးနှောဖလှယ်ပွဲများ

          စိုက်ပျိုးရေးနှင့် သမဝါယမနှီးနှောဖလှယ်ပွဲကို ၁၉၁၁ ခုနှစ်တွင် မန္တလေးမြို့တော် ရွှေနန်းတော် တောင်စမုခ်၌ စတင်ကျင်းပခဲ့ပြီး ဘုရင်ခံကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။ ၂ နှစ် လျှင် တစ်ကြိမ် ကျင်းပရန် သတ်မှတ်ပြီး ၁၉၂၅ ခုနှစ်အထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်း နှီးနှောဖလှယ်ပွဲများတွင် ကုန်စည်ပြပွဲများလည်း ပါဝင်ခဲ့ပေရာ ဆောင်းဒါးရက်ကန်း ပညာသင်တန်းကျောင်း (ယခု ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ)၊ အမရပူရနှင့် မန္တလေးမြို့တို့မှ ပရိဘောဂအမျိုးမျိုး ထုတ်လုပ်သော သမဝါယမအသင်းများ ပါဝင်ပြသ သကဲ့သို့ မြင်းခြံ ဝါကြိတ်စက်ရုံထွက် ပစ္စည်းများ၊ ဝါနှင့် သိုးမွှေးချည်အိတ်များ၊ ထီးအမျိုးမျိုး၊ ယွန်းထည်နှင့် ပိုးထည်ပစ္စည်းများ၊ ပန်းပုလက်ရာအမျိုးမျိုး၊ ငွေထည်ပစ္စည်း အမျိုးမျိုး၊ ကျေးရွာထွက်ကုန် လက်မှုအနုပညာပစ္စည်းအမျိုးမျိုးတို့ကိုလည်း ထည့်သွင်းပြသခဲ့ကြောင်း လည်း သိရသည်။

ဆက်ရန်ရှိပါသေးသည်

          ဤသည်တို့မှာ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်သမဝါယမလုပ်ငန်းများ၏ အစောပိုင်း ပုံရိပ်အချို့ကို ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့်် ဥရောပနိုင်ငံများ၊ အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများမှ အောင်မြင်နေသော သမဝါယမအသင်းများ၊ လုပ်ငန်း များကို စံနမူနာယူလျက် ပါလီမန်ခေတ် ဆိုရှယ်လစ်ခေတ်နှင့် ဈေးကွက်စီးပွားရေး ကျင့်သုံး သောခေတ်တစ်လျှောက် သမဝါယမစနစ်နှင့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ သည့်အတွက် အာရှ၊ ဥရောပနိုင်ငံများရှိ အောင်မြင်နေသော သမဝါယမအသင်းများ အကြောင်းကိုလည်းကောင်း၊ မိမိတို့နိုင်ငံ၏ ခေတ်စနစ်အလိုက် ဖြတ်သန်းခဲ့သော သမဝါယမပုံရိပ်များကိုလည်းကောင်း၊ ယနေ့ မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းစဉ်များကိုလည်းကောင်း အလျဉ်းသင့်သလို ဆက်လက်ရေးသား တင်ပြသွားပါဦးမည်။

မြင့်စိုး(နတလ)