ဒို့ကျေးရွာများဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

Ministry of Cooperatives and Rural Development | Jul 22, 2024

ကမ္ဘာကြီးသည် ရှိသမျှသောဂြိုလ်ကြီးများအနက် လူသားတို့နေထိုင်ရန်အတွက် အကောင်း ဆုံးသောနေရာဖြစ်ပြီး လူသားအားလုံးသည် မိမိတို့နေထိုင်ရာကမ္ဘာကြီးကို ပိုမိုတိုးတက်ကောင်းမွန် စေချင်ကြသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံအလိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကာလတို၊ ကာလ လတ်၊ ကာလရှည် စီမံချက်/စီမံကိန်းများ ရေးဆွဲချမှတ်၍ သူ့ထက်ငါအပြိုင် ကဏ္ဍနှင့်ဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌ အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ Top Down (အထက်မှမူဝါဒချမှတ်၍ တိုက်ရိုက်စီမံ ခန့်ခွဲသည့်စနစ်)နှင့် Bottom Up (အောက်ခြေမှအဆင့်ဆင့်ဆင့်တင်ပြဆောင်ရွက်သည့်စနစ်)ကို လိုအပ်သလို ကျင့်သုံး လျက်ရှိကြောင်းတွေ့ရှိရသည်။

မိမိတို့နိုင်ငံသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ အထက်ပါနည်းလမ်း(၂)မျိုးဖြင့် ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့်  မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးရေး (၂)ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် (Focal Department) ဖြစ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း (၆၄၀၀၀)ခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ (၇၀%)သည် ကျေးလက်  ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေ ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ကို သက်ဆိုင်သူအားလုံးပါဝင်၍ ရေးဆွဲခဲ့ပြီး အဆိုပါမူဘောင် အရ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း Village Development Plan (VDP)အား  (၂၀၁၅)ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆိုတာ

          ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေး  ရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်အပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများအား  အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့်ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

          စီမံကိန်းဆောင်ရွက်မည့်ကျေးရွာရွေးချယ်ရာ၌ ဦးစီးဌာနရန်ပုံငွေအပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ရန်ပုံငွေနှင့် ကျေးရွာမှထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသည့်ကျေးရွာ၊ လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့်နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့်ကျေးရွာများ၊ ရွာသူရွာသားများ၏ စိတ်ပါဝင်စားမှု၊ စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှုရှိသောကျေးရွာများ၊ ဖွံ့ဖြိုးရေး အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာများ၊  မိမိမြို့နယ်အတွင်း အကျိုးခံစား ရမည့်အိမ်ထောင်စုများသောကျေးရွာများကို ဦးစားပေးရွေးချယ်ပြီး  ကျေးရွာမှဖော်ထုတ်ရရှိလာ သော စီမံချက်ပါဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းရန်ပုံငွေအား ကျေးရွာတစ်ရွာလျှင် ငွေကျပ်(၁၀.၀၀)သန်းအား ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အထိ ထောက်ပံ့ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ ကျေးရွာတစ်ရွာ လျှင် ငွေကျပ်(၁၅.၀၀)သန်း တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိသည်။

စီမံကိန်းလုပ်ငန်းစဉ်တွင်ပါဝင်သည့် နည်းစနစ်များ

          စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းစဉ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစီမံချက်မူဘောင် (၅နှစ်တာ၊ ကာလလတ်စီမံချက်)နှင့် နှစ်အလိုက်ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုအစီအစဉ် (Annual Village Investment  Programme-AVIP) ဟူ၍ အဓိက နည်းစနစ်(၂)ခု  ပါဝင်သည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်မူဘောင် (၅နှစ်တာ၊ကာလ လတ်စီမံချက်)ဟုဆိုရာ၌ ကျေးလက်လူထုပါဝင် လုပ်ဆောင်သည့် ကျေးရွာလူထု ၏ လူမှုစီးပွားဘဝ အခြေအနေမှန်ကို ဆန်းစစ်နည်း (Participatory Rural Appriasals-PRA) နည်းလမ်းကို အသုံးပြု၍ ကျေးလက်လူထု၏ လက်ရှိလူမှုစီးပွားအခြေအနေ၊ သဘာဝ ပတ်ဝန်းကျင်နှင့် အခြားဖွံ့ဖြိုးရေး အခြေအနေများ၊ ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေသော အကြောင်းများနှင့် အဟန့်အတားစိန်ခေါ်မှုများကို ဖော်ထုတ်ပြီး ရရှိလာသည့် အချက်အလက်များ အပေါ်အခြေခံ၍ ငါးနှစ်တာကာလအတွက်ကျေးရွာ၏ ဦးစားပေးလုပ်ငန်း လိုအပ်ချက်များအနက်မှ လုပ်ငန်းကဏ္ဍအလိုက် ဘဏ္ဍာငွေခွဲဝေပေးရာတွင် လမ်းညွှန်အဖြစ် အသုံးပြုနိုင်စေရန် စီမံချက် စာအုပ်ပြုစုရေးဆွဲခြင်းဖြစ်သည်။

ထွက်ရှိလာသည့် အဆိုပါစီမံချက်စာအုပ်ပေါ်အခြေခံ၍ နှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ်ရေးဆွဲပြင်ဆင်ခြင်းလုပ်ငန်းအား နိုင်ငံတော်၏ဘတ်ဂျက်ပြင်ဆင်သည့် စက်ဝန်းအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးနှစ်အလိုက်ကျေးရွာများမှ ဘဏ္ဍာငွေရရှိနိုင်စေရန်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ ကျေးရွာ၏လိုအပ်ချက်များသည် များပြားသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပေးလျက်ရှိပြီး ဦးစီးဌာန၏လုပ်ငန်း တာဝန် (Mandate)တွင် ပါဝင်မှုမရှိသည့် အခြားလုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၏ ဘတ်ဂျက်တွင် ထည့်သွင်း လျာထားပေးနိုင်ရန်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

မအူပင်မြို့နယ်အတွင်း (VDP)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေ

          မအူပင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်အတွင်းတည်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ တွံ့တေးမြို့နယ်နှင့်  နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မအူပင်မြို့နယ်အား မြို့ပေါ် ရပ်ကွက်(၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၆)အုပ်စု၊ ကျေးရွာ(၄၄၂)ရွာဖြင့် ဖွဲ့စည်းထားသည်။ မအူပင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၈၆) ရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်း(၆၂)ခု၊ မြေသားလမ်း(၂)ခု၊ ကျေးလက်ဆေးပေးခန်း (၁)ခု၊ တံတား(၉)စင်း၊ ကွန်ကရစ်ဘီးလမ်း(၉)ခု၊ ကျေးလက်ရေပေးရေး(၃)ခုနှင့် Mobile Solar ရေသန့်စင်စနစ်(၁၀)ခုစုစုပေါင်းလုပ်ငန်း(၉၆)ခုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းလွှမ်းခြုံမှုမှာ(၁၉.၆) ရာခိုင်နှုန်း ဖြစ်ပါသည်။

          ထို့အပြင် (VDP)စီမံကိန်းပုံစံအတိုင်း  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မအူပင်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးသည့် ရန်ပုံငွေကျပ်သန်း(၉၀)ဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၅)ရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဌ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ်တာဝန်ယူ၍ အခြား ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းသည့် မြို့နယ်အဆင့်ကော်မတီအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

ဖွံ့ဖြိုးရေးလိုအပ်ချက်အား ဖော်ထုတ်ခြင်း

          မအူပင်မြို့နယ်အတွင်းရှိကျေးရွာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ကုန်ထုတ်လမ်း/တံတားများ အပြင် စိုက်ပျိုးရေအခက်ခဲဖြစ်ပေါ်နေသော တောင်သူများအတွက် ဆိုလာရေတင်စနစ်ဖြင့် ရေပေး ဝေခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် ကျေးရွာများ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလိုအပ်ချက်များသည် အလွန်များပြားလျက်ရှိနေသေးသည်။

          ထိုသို့ကျေးရွာများဖွံ့ဖြိုးရန် လိုအပ်ချက်များစွာရှိသည့်အနက် ကျေးရွာတွင်းလမ်းများ ပြုပြင် ရန်နှင့်အဆင့်မြှင့်တင်ရန်လိုအပ်နေမှုအခြေအနေအား နမူနာအနေဖြင့် မီးမောင်းထိုးပြလိုပါသည်။ မအူပင်မြို့နယ်ရှိ ကျေးရွာ(၄၄၂)ရွာတွင် ကျေးရွာတွင်းလမ်း ခန့်မှန်းမိုင်(၂၄၀.၅၄၁)မိုင် ရှိသည့် အနက် ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် (၅.၃၇၃)မိုင်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် (၂၃.၂၇၂)မိုင်၊ ဆယ်မားအွန်ဒုံ စီမံကိန်းဖြင့်(၀.၃၂၂)မိုင်၊ ကျေးရွာမှကိုယ်ထူ ကိုယ်ထ စနစ်ဖြင့်(၈၂.၁၃၈)မိုင် စုစုပေါင်း (၁၁၁.၁၀၅)မိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆောင်ရွက်ရန် ကျန်ရှိသည့် မြေသားလမ်းလမ်းအရှည်မှာ (၁၂၉.၄၃၆)မိုင် ဖြစ်ပါသည်။ ထိုကျေးရွာတွင်းလမ်းများ ကောင်းမွန်ရန် အတွက်(၅)နှစ်စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် မည်ဆိုပါက တစ်နှစ်လျှင်ပျှမ်းမျှအားဖြင့် (၂၅.၈၈၇)မိုင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သဖြင့် ကဏ္ဍတစ်ခုတည်း၌ပင် ရန်ပုံငွေများစွာ လိုအပ်မည်ဖြစ်ပါသည်။

ဒို့ကျေးရွာများဖွံ့ဖြိုးဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် လွန်စွာအရေးကြီး သည်။ ကျေးရွာများဖွံ့ဖြိုးတိုးတက်မှသာလျှင် ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့်ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူဗဟိုပြုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်နည်းအားဖြင့် Buttom Up စနစ်ပင် ဖြစ်ပသည်။ နမူနာအားဖြင့်ဆိုရလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စီမံကိန်းဆောင်ရွက်ခွင့်ရသည့် ကျေးရွာနေပြည်သူများမှ ကျေးရွာပကတိ လိုအပ်ချက်များကို ဖော်ထုတ်၍ နှစ်အလိုက်ဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများပါရှိသည့် စီမံချက်စာအုပ်ကို ပြုစုရေးဆွဲခြင်း၊ ဦးစားပေးလုပ်ငန်းအလိုက် (AVIP) အစီအစဉ်အရ  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့သည့် စီမံကိန်းရန်ပုံငွေကျပ်(၁၅.၀၀)သန်းအပြင် ပြည်သူထည့်ဝင်ငွေများ စုပေါင်း၍ ဌာန၏ကြီးကြပ်မှုနှင့် နည်းပညာပံ့ပိုးပေးမှုဖြင့် ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

           ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြုစုထားသည့်စီမံချက်စာအုပ်သည်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသာ အသုံးပြုရန်ရည်ရွယ်၍ ပြုစုထားခြင်းမဟုတ်ဘဲ  ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများ၊အလှူရှင်များ၊NGO၊INGO များအနေဖြင့်လည်း လိုအပ်သလို ကျေးရွာလမ်းညွှန်အဖြစ် အသုံးပြုနိုင်စေရန်ဖြစ်ပါသည်။

          သို့ဖြစ်၍ ကျေးရွာမှလိုအပ်ချက်အရ ဖော်ထုတ်တင်ပြလာသည့် စီမံချက်စာအုပ်ပါ ဦးစားပေး လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပြင်  ဆက်စပ်ဌာနများနှင့် သက်ဆိုင်သည့် လုပ်ငန်းများကိုလည်း ထည့်သွင်းလျာထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဌာနများ၏ စံနှုန်းသတ်မှတ်ချက်(Criteria)နှင့် ကိုက်ညီမှုမရှိခြင်းကြောင့်သော်လည်းကောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော်လည်း ဘတ်ဂျက်ကန့်သတ်ချက်ကြောင့်သော်လည်းကောင်း လျာထားဆောင်ရွက် ပေးနိုင်မှု အလွန်နည်းပါးနေသေးသည်ကို တွေ့ရှိရသည်။  

          ကျေးလက်ဒေသဖွံ့ဖြိုးရေးဟုဆိုရာ၌ နယ်ပယ်အလွန်ကျယ်ပြန့်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှရရှိသည့် ရန်ပုံငွေတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မလုံလောက်နိုင်သဖြင့် ကျေးရွာပြည်သူလူထုမှ တတ်နိုင်သမျှထည့်ဝင်ခြင်း၊အခြားဆက်စပ်ဌာနများမှလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက်ရန်ပုံငွေထည့်သွင်းလျာထားခြင်းတို့ ဆောင်ရွက်ပေးမှသာလျှင် ကျေးရွာများအရှိန် အဟုန်ဖြင့်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ထို့အပြင်ကဏ္ဍအလိုက်သတ်မှတ်ချက်/ကန့်သတ် ချက်များကိုလည်း တတ်နိုင်သမျှဖြေလျှော့ပေးမှသာလျှင် ကျေးရွာများ၏ပကတိလိုအပ်ချက်များကို  လျှင်မြန်စွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ၍ သက်ဆိုင်သူအားလုံး ဟန်ချက်ညီညီ ပူပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒို့ကျေးရွာများ၏ဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ဒေါက်တာကီး(ဇလပ်မြေ)