ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နောင်တရားရဲ့ အားမာန်တွေ

Ministry of Cooperatives and Rural Development | Feb 23, 2023

မဲနယ်တောင်လွမ်းချင်း

          ပအိုဝ်းဒေသဟု စဉ်းစားလိုက်သည်နှင့် လွန်ခဲ့သည့်နှစ်ပေါင်း(၄၈)နှစ်တာအချိန်ကာလ၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ ပရဟိတကျောင်း၏ အရိပ်အာဝါသကို မှီခိုရင်း ၉ တန်း၊ ၁၀ တန်း ကျောင်းသားဘဝ ကြမ်းတစ်ပြေးတည်း အတူနေထိုင်စားသောက် ပညာ သင်ကြားခဲ့ကြသော ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး ဒေသများက ကျောင်းနေဘက် သူငယ်ချင်း များကို အမှတ်ရမိသည်။ ထိုမှ ၁၉၈၁-၁၉၈၂ ပတ်ဝန်းကျင် တပ်မတော်သားဘဝ စစ်ဆင်ရေး တာဝန်ဖြင့် ဝင်ရောက်ခဲ့ဖူးသော မဲနယ်တောင်တန်းကြီးပေါ်က ပချားကလို့၊ ကျောက္ကချား ကျေးရွာများ၊ ပွန်ချောင်းနှင့် သံတံတား၊ ဆီဆိုင်ကနေ ရိက္ခာပို့လျှင် တစ်ဝက်ကြိုစနစ်ဖြင့် စောင့်ဆိုင်းခဲ့ရသော နောင်ထော်ကျေးရွာ၊ ဗကပနှင့် ရလလဖ(ပအိုဝ်းအနီ) ပူးပေါင်းအင်အား အချို့နှင့် ထိတွေ့မှုဖြစ်ခဲ့ပြီး အလောင်းလက်နက်များလည်းရ၊ တပ်ခွဲမှူး(ဗိုလ်မှူး) ဗိုလ်ကြီး ချစ်သွင်နှင့် စစ်သည်အချို့ကျဆုံးခဲ့သည့် မိရဲကျေးရွာ၊ ဟိုပုံးမြောက်ဘက်ခြမ်း ကျောက်တန်း ကျေးရွာနှင့် ပွန်ချောင်းအကြား နယ်မြေများမှာ သွားလာလှုပ်ရှားခဲ့ရသည်များက TV ဖန်သား ပြင်မှာ ပြန်ကြည့်နေရသလို အစီအရီ ပေါ်ပေါက်လာသည်။ ဟော……နယ်ဘက်ဝန်ထမ်းဘဝ နတလဦးစီးဌာန၌ တာဝန်ထမ်းဆောင်ရချိန်မှာ ပအိုဝ်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ဆောင်ရွက်ခွင့်ရခဲ့ပြန်ပါသည်။

          ပအိုဝ်းဒေသသည် ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၌ ဦးအောင်ခမ်းထီ ဦးစီး သည့် PNO (ပအိုဝ်းအဖြူ)အဖွဲ့၊ ၁၉၉၄ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့၌ ဦးတာကလယ် ဦးစီးသည့် ရလလဖ(ပအိုဝ်းအနီ)အဖွဲ့တို့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာချိန်မှစ၍ နယ်မြေတည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ဝေဆာလျက် ငြိမ်းချမ်းရေး ၏ အကျိုးရလဒ်ကို ထင်ဟပ်ပေါ်လွင်စေသော ဒေသတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာခဲ့သည်။ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး ခင်ညွန့်-ငြိမ်း)အား ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီက ဒေသထွက်ငှက်ပျောခိုင်ကြီး လက်ဆောင်ပေးနေသည့် ဓာတ်ပုံ၊ အတွင်းရေးမှူး (၁) နှင့် ရလလဖအဖွဲ့ခေါင်းဆောင် ဦးတာကလယ် (ကွယ်လွန်)တို့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်နေသည့် မှတ်တမ်းဓာတ်ပုံ များကို ကျွန်တော် မမေ့ခဲ့။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန် ထမ်းဆောင်ခွင့်ရရှိပြီးနောက် ၂၀၂၂ ခုနှစ်၊ မေလ (၁၁) ရက် ပအိုဝ်းဒေသခရီးစဉ်၌ အဘ ဦးအောင်ခမ်းထီ နေထိုင်ရာ ကျောက်တစ်လုံးကြီးသို့ သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ ပါသေးသည်။

ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်

          ၂၀၁၁ ခုနှစ်မှစ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့သော အဆိုပါ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်က ရပ်တန့်မသွား၊ ပို၍ပို၍ ဖွံ့ဖြိုးစည်ပင်လာခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက လမ်း/ တံတားလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေးကိစ္စများ၊ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းများ၊ နိုပွန်ဖောင်းဒေးရှင်း၏ ရန်ပုံငွေဖြင့် (စေတနာ) အဖွဲ့က တည်ဆောက်ပေးသော စာသင်ကျောင်းများ၊ အခြားသော ပညာရေးနှင့် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီဆိုင် မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေး သည်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း၊ ကျေးရွာ ပေါင်း ၄၀ မှ စိုက်ဧက (၁၁၀၀၉) ဧကအတွက် ကုန်ထုတ်လမ်း ၅၀ မိုင် ၃ ဖာလုံကိုလည်း ကောင်း၊ တံတားငယ် ၈၉ စင်းကိုလည်းကောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများတွင် အသေးစား ဓာတ်အားပေးစနစ်၊ တစ်အိမ်သုံးဆိုလာစနစ် တို့ဖြင့်လည်းကောင်း၊ ကျေးလက် ရေပေးရေးလုပ်ငန်းများတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာပေါင်း ၄၅၅ ရွာ၌ တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းအပါအဝင် စုစုပေါင်း လုပ်ငန်း ၄၇၆ ခုကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်း

          ယင်းကဲ့သို့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ စိုက်ပျိုးရေးလုပ်ငန်းများ သိသာစွာ တိုးတက်လာခဲ့သည်။ ဘိုးစဉ်ဘောင်ဆက် သနပ်ဖက်လုပ်ငန်းကို အားပြုစိုက်ပျိုးလာခဲ့ရာမှ ဝင်ငွေတိုးပွားစေမည့် ထောပတ် စိုက်ပျိုးရေး၊ ကော်ဖီစေ့ စိုက်ပျိုးထုတ်လုပ်ရေး၊ လက်ဖက်နှင့် သစ်တော်၊ လိမ္မော် နှစ်ရှည်ပင်များကိုလည်းကောင်း၊ ရာသီသီးနှံ အာလူး၊ ဂေါ်ဖီထုပ်၊ ငရုတ်သီး၊ ခရမ်းချဉ်၊ ပန်းမုံလာ၊ ရွှေပဲသီး၊ နနွင်း၊ ဂျင်း၊ ဆီထွက်သီးနှံ မြေပဲနှင့် ပန်းနှမ်း၊ နေကြာ၊ ဆီမုံညှင်း တို့ကိုလည်းကောင်း စိုက်ပျိုးလျက်ရှိကြသည်။ အာလူးစိုက်ပျိုးရေးနှင့်ပတ်သက်၍ မူလက ဒေသထွက်မျိုးရင်းများနှင့် နှစ်ပေါင်းများစွာ စိုက်ပျိုးလာရာမှ ၂၀၁၄ ခုနှစ်တွင် ကလော မြို့နယ်၊ ဟဲဟိုးမြက်ဆက်ဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းဒေသများ၌ နယ်သာလန်မျိုးဟု ပြောရမည့် MARKIES ၊ CAROLUS အာလူးမျိုးများ စတင်စမ်းသပ်စိုက်ပျိုးခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ဟဲဟိုး၊ နောင်တရားဒေသများမှ အာလူးစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၀) ဦး နယ်သာလန်နိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့ ကြသည်။ ယင်းခရီးစဉ်နှင့်ဆက်စပ်၍ HEHO Potato Co.,ltd မှ MARKIES နှင့် CAROLUS အာလူးမျိုးများ တင်သွင်းကာ ဟဲဟိုး၊ ပင်လောင်း၊ နောင်တရား ဒေသများတွင် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးခဲ့သည်။ ယင်းအာလူးမျိုးများကို ၂၀၁၅ ခုနှစ်မှ ယနေ့ချိန်ထိ စိုက်ပျိုးလျက် ရှိကြသည်။ အိမ်နီးချင်းနိုင်ငံများ၏ အာလူးဈေးကွက် ထိုးဖောက်လာမှုကို ကြုံတွေ့လာရ ခြင်း၊ နိုင်ငံခြားမှ အာလူးမျိုးများ နှစ်စဉ်မှာယူရာတွင် ဈေးနှုန်းမြင့်မားလာခြင်း၊ မျိုးကောင်း များ မရနိုင်ခြင်းတို့ကြောင့် ယခုအခါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အာလူးအစုအဖွဲ့ များအနေဖြင့် အာလူးတစ်ရှူးကာချာ မျိုးပွားခြင်းလုပ်ငန်းကို (၃) နှစ်အတွင်း အောင်မြင် အောင် ငွေအား၊ လူအား ရင်းနှီးမတည်၍ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။

သဘာဝမြေဩဇာစက်ရုံတည်ဆောက်နေ

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောင်တရားဒေသ ခရီးစဉ်၌ အာလူးစိုက် တောင်သူများ အား သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်ရေး လမ်းညွှန်မှာကြားချက်အရ ဦးဆောင် ကော်မတီဝင် ၇ ဦး၊ အမှုဆောင် ၂၁ ဦး၊ အသင်းသား ၁၅၃၂ ဦးဖြင့် စန္တားခမ်းနောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းကို ဖွဲ့စည်းခဲ့ကြ သည်။ နောင်တရားဒေသတွင် အာလူးအပါအဝင် နှစ်တိုသီးနှံများ စိုက်ပျိုးရာ၌ ဓာတ် မြေဩဇာများ အလွန်အကျွံ သုံးစွဲမှု၏ ဆိုးကျိုးများကို တွေ့ကြုံလာခဲ့ကြရသည်။ မြေဆီလွှာ ခမ်းခြောက်ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကျဆင်းလာခြင်း၊ ဘက်တီး ရီးယား ပိုးရောဂါများ ပိုမိုဖြစ်ပွားလာခြင်း၊ သဘာဝပတ်ဝန်းကျင် ရေ၊ မြေများ ပျက်စီးခြင်း၊ စားသုံးသူများ၏ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှု လျော့နည်းလာခြင်း စသည်တို့မှာ အဓိကရင်ဆိုင်လာရသော ပြဿနာများ ဖြစ်ကြရသည်။ သည့်အတွက် သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲရန် စိတ်ဆန္ဒ ပြင်းပြလာခဲ့ကြသည်။

          ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဦးဆောင်လျက် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ လေသာရွာအနီးရှိ စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို လာရောက်လေ့လာ ခဲ့ကြရာ ကျွန်တော်ကိုယ်တိုင် စောင့်ကြိုနှုတ်ဆက်၍ စက်ရုံတာဝန်ခံ ဦးမျိုးထက်ဝင်းက လိုက်လံ ရှင်းလင်းပြသသည်။ ထိုခရီးစဉ်မှ အပြန်တွင် နောင်တရားဒေသ၌ သဘာဝမြေဩဇာ စက်ရုံ တည်ဆောက်ရန် နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း တာဝန်ရှိသူများနှင့် အသင်းသားများက သဘောတူဆုံးဖြတ်ခဲ့ကြပြီး တစ်ရက်လျှင် တန် ၄၀ ကျ သဘာဝမြေဩဇာစက်ရုံကို စတင်တည်ဆောက်နေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က နောင်တရားဒေသသို့ ကျွန်တော်တို့အဖွဲ့ သွားရောက်ခဲ့ပြီး သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု အားပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့၌ စတင်တည်ဆောက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိကြသည်။

နောင်တရား အာလူးအအေးခန်းစက်ရုံ

          ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ် များအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများဖြစ်သော ဟဲဟိုး၊ အောင်ပန်း ဒေသများ သည် အာလူးစိုက်ဧကများစွာ စိုက်ပျိုးလျက်ရှိသော ဒေသများဖြစ်ကြသည်။ ရာသီအားဖြင့် ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် တစ်နှစ်လျှင် (၃) ကြိမ် စိုက်ပျိုးလျက်ရှိကြရာ အာလူးမျိုးများ စနစ်တကျထိန်းသိမ်းရန်အတွက် နောင်တရား ဒေသ၌ အအေးခန်းစက်ရုံ တည်ဆောက်အသုံးပြုနေကြပြီ ဖြစ်သည်။ ယင်းစက်ရုံအနေဖြင့် တန်ချိန် ၂၀၀၀ အထိ သိုလှောင်ထိန်းသိမ်းနိုင်ကြောင်း သိရသည်။ စန္တားခမ်း နောင်တရား အာလူး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက ကျွန်တော်တို့အဖွဲ့အား စက်ရုံအတွင်းသို့ ဖိတ်ခေါ်၍ လိုက်လံရှင်းလင်း ပြသသည်။ “ကျွန်တော်တို့ ယခုလို အာလူးမျိုးရင်းတွေကို အအေးခန်းသိုလှောင်ရုံထဲ ထည့်ပြီး စနစ်တကျ စိုက်ပျိုးနိုင်အောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှု ပေးခဲ့ တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း လာရောက် ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်မှာ ဒီလုပ်ငန်းတွေကို အစပျိုးလုပ်ဆောင်ဖို့ အအေးခန်း Container တစ်လုံး ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီကနေစတင်ပြီး ဒီကနေ့အခြေအနေထိ အောင်မြင်ဖြစ်ထွန်းခဲ့ကြတာမို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးအထူး တင်ရှိ ပါကြောင်း” ဦးခွန်ဆန်းဦးက ပြောကြားခဲ့သည်။

နောင်တရားရဲ့ အားမာန်တွေ

          ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းက နောင်တရား မြို့လေး၊ တစ်ချိန်က မြို့နယ်ခွဲအဆင့်ထိ သတ်မှတ်ခဲ့ဖူးသည်။ လူမှုစီးပွားဘဝ အခြေအနေ များ မြင့်မားတိုးတက်နေကြပြီး စိုက်ပျိုးရေးလုပ်ငန်းများလည်း အထူးအောင်မြင်နေကြောင်း တွေ့ရသည်။ တစ်ဖက်က အဆင့်မြင့် အအေးခန်းသိုလှောင်ရုံများ တည်ဆောက် အသုံးပြုနေ သကဲ့သို့ တစ်ဖက်ကလည်း စိုက်ပျိုးရေးကဏ္ဍမှာ မဖြစ်မနေ လိုအပ်လာသည့် သဘာဝ မြေဩဇာစက်ရုံ မကြာမီကာလအတွင်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများတွင် နောင်တရားဒေသသည် တစ်တပ်တစ်အား ပါဝင်ထမ်းရွက် နေသည့်သဘော။ နောင်တရားဒေသ၏ ကြိုးပမ်းအားထုတ်မှုများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်အတူ အခြားသော ဒေသများကိုပါ အကျိုးပြုလျက်ရှိသည်။ ကျွန်တော်တို့အဖွဲ့ နောင်တရားမှ ပအိုဝ်းမိတ်ဆွေများကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ကြသည်။ ဆက်လက် သွားရောက်မည့် ခရီးစဉ်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ မြန်မာ-ထိုင်း နယ်စပ် အနီးက မြို့လေးတစ်မြို့ဖြစ်သော ဟိုမိန်းမြို့လေးရှိရာကို………….။

မြင့်စိုး(နတလ)