ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၂) (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

Ministry of Cooperatives and Rural Development | Feb 24, 2025

မြင့်စိုး(နတလ)

ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြခန်းကို MSME လုပ်ငန်းရှင်များ ပြည်တွင်းဈေးကွက်ရရှိစေရေး၊ ပြည်ပဈေးကွက် ထိုးဖောက်နိုင်စေရေး၊ ရင်းနှီးမတည်ငွေ ချိတ် ဆက်ရရှိနိုင်စေရေး၊ အစိုးရဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် One Stop Service ပေးနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ပြသထားခြင်း ဖြစ်သည်။

          အဆိုပါပြခန်းတွင် ပြည်တွင်းဈေးကွက်ရရှိစေရန်အတွက် MSME လုပ်ငန်းရှင်များမှ ဈေးကွက်တွင် ဖြန့်ချိလိုသော ထုတ်ကုန်နမူနာများအား ယူဆောင်ပြသပြီး လက်လီလုပ်ငန်း ရှင်များနှင့် ချိတ်ဆက်ပေးသည့်အတွက် တစ်ချိန်တည်းတွင် မိမိတို့ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့နိုင်ပြီး ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် သွင်းကုန် အစားထိုးလာနိုင်ခဲ့ကြောင်း တွေ့ရသည်။

          ပြည်ပဈေးကွက်ထိုးဖောက်နိုင်စေရန်အတွက် တရုတ်-ဟောင်ကောင်၊ တရုတ်-ကူမင်း၊ တရုတ်-နန်နင်း၊ တရုတ်-ပေကျင်း၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်္ကာပူ၊ အိန္ဒိယ-ဒေလီ၊ အိန္ဒိယ-ကာလကတ္တား၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ရုရှား အမေရိကန်၊ UAE နိုင်ငံတို့ရှိ စီးပွားရေးသံမှူး (၁၆) ဦးတို့မှ ပြည်ပစီးပွားဈေးကွက်ထိုးဖောက်လိုသော MSME လုပ်ငန်းရှင် များနှင့် Zoom Application ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့်အတွက် ပြည်ပဈေးကွက်၏ လိုအပ်ချက်များအားသိရှိစေခြင်း၊ MSME လုပ်ငန်းရှင်များ စီးပွားရေးအမြင် ကျယ်လာပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် နည်းလမ်းများ ရရှိစေခဲ့ပါသည်။

          ရင်းနှီးမတည်ငွေချိတ်ဆက်ရရှိနိုင်စေရန်အတွက် MEB ၊ MCB ၊ SME Development ၊ A Bank ၊ KBZ ၊ AYA ၊ uab ၊ Shwe Bank စသည့် ဘဏ် (၈) ဘဏ်နှင့် MSME လုပ်ငန်း ရှင်များအား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်လိုသော MSME လုပ်ငန်းရှင်များအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများ ချေးယူနိုင်သည့်လုပ်ငန်းစဉ် များကို သိရှိစေနိုင်သည်။

ဦးစီးဌာနအလိုက် ဝန်ဆောင်မှုများ

          အစိုးရဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် One Stop Service တွင် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်၊ ဒီဇိုင်း၊ တီထွင်ဆန်းသစ်မှုဖော်မြူလာ များကို မူပိုင်ခွင့်တင်နိုင်ရေး အသိပညာပေးခြင်းနှင့် မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားမည် ဆိုပါက မှတ်ပုံတင်လက်မှတ် ရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လုပ်ငန်းရှင်များ၏ ကုမ္ပဏီအသစ်များ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

          ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့်လည်း ပို့ကုန်/သွင်းကုန်များ တင်ပို့/သွင်းနိုင်ရေး မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးထုတ်ကုန်များ Export လုပ်မည်ဆိုပါက ဆောင်ရွက်ရမည့်နည်းလမ်း၊ နိုင်ငံများ၏ ကန့်သတ်ချက်များ၊ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးချက်ထုတ်ယူရမည့် နေရာများ အစရှိသည်တို့ကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်များနှင့်ပတ်သက်ပြီး အကောက်ခွန်နှင့်သက်ဆိုင်သည့် အခွန်နှုန်းထားများ၊ အခွန်သက်သာခွင့်များကို ရှင်းလင်းဆွေးနွေးပေးလျက် ရှိပါသည်။ FDA အနေဖြင့် စားသောက်ကုန်မှတ်ပုံတင် ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးပေးလျက် ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်/ သွင်းကုန်များနှင့်ပတ်သက်ပြီး online စနစ်ဖြစ်သည့် ကုန်သွယ်မှုဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်စနစ် (TradeNet 2.0) မှလျှောက်ထားရမည့် လုပ်ငန်းစဉ်များကို သိရှိနိုင် စေရန်နှင့် online sale များမှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာ ပေးလျက် ရှိပါသည်။

          MSME နှင့် ဒီဂျစ်တယ်နည်းပညာချိတ်ဆက်မှုအနေဖြင့် E-commerce Platform ထားရှိပြီး လုပ်ငန်းရှင်များ၏ထုတ်ကုန်များကို Platform တွင်အခမဲ့တင်ပေးပြီး ပြည်ပ ဈေးကွက်များ ချိတ်ဆက်ရှာဖွေပေးလျက် ရှိပါသည်။ ထို့ပြင် ကိုရီးယားနှင့်ပူးပေါင်း၍ Myanmar Pavilion ဈေးဝယ် website တွင်လည်း SME ထုတ်ကုန်များကို ကြော်ငြာထားပြီး ကိုရီးယားလုပ်ငန်းရှင်များမှ ဝယ်ယူအားပေးခြင်းဖြင့်လည်း MSME ပြည်ပဈေးကွက်ကို ထိုးဖောက်ဆောင်ရွက်ပေးလျက် ရှိပါသည်။

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲမှတဆင့် (၁၀-၂-၂၀၂၅) ရက်နေ့မှ (၁၆-၂-၂၀၂၅) ရက်နေ့အထိ ပြည်တွင်းဈေးကွက်ချိတ်ဆက်ပေးနိုင်မှုအနေဖြင့် လုပ်ငန်းရှင် (၂၀၂) ဦး၊ ပြည်ပဈေးကွက်ချိတ်ဆက်ပေးနိုင်မှုအနေဖြင့် လုပ်ငန်းရှင် (၆၄) ဦး၊ ဘဏ်လုပ်ငန်း ချိတ်ဆက်ပေးနိုင်မှုအနေဖြင့် လုပ်ငန်းရှင် (၇၂) ဦး၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပေးနိုင်မှု အနေဖြင့် လုပ်ငန်းရှင် (၃၀၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်း (Business Matching Hall)

          လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းတွင် MSME လုပ်ငန်းများအတွက် အကျိုးကျေးဇူး ရရှိ စေမည့် ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ဘဏ္ဍာငွေ ရရှိရေး အတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနများမှ သတင်းအချက်အလက်များကို မျှဝေပေးမည့် အစီအစဉ်များ ပါဝင်ပါသည်။ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှုအနေဖြင့် MSME လုပ်ငန်းများမှ ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းရှိ Modern စတိုးဆိုင် များ၊ လက်လီ/လက်ကားဆိုင်များဖြစ်ကြသော City Mart ၊ AERON ၊ Makro ၊ G and G စသည့် ဆိုင်များတွင် ရောင်းချနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ အတွင်း မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းပေးခဲ့သည်။

          ထို့အတူ ပြည်ပဈေးကွက် ချိတ်ဆက်မှုအနေဖြင့် ပြည်ပတင်ပို့နေသော Exporters များ၊ နိုင်ငံ ၁၂ နိုင်ငံမှ စေလွှတ်ထားသော စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်ပေးခဲ့သည်။ ဘဏ္ဍာငွေရရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ် ၈ ခုမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရရှိရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များက Business Matching Hall တွင် မျက်နှာချင်းဆိုင် တွေ့ဆုံရှင်းလင်း ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

          စီးပွားရေးသံမှူးများနှင့် အဆင်ပြေစွာ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးခဲ့သည်။ MSME လုပ်ငန်းများ၏ ထုတ်ကုန်များ FDA လက်မှတ်ရရှိရေးအတွက် လိုအပ်ချက်များနှင့် FDA လက်မှတ်ရရှိရေးလုပ်ငန်းစဉ်များ၊ ကုမ္ပဏီထူထောင်လိုသည့် MSME လုပ်ငန်းများအတွက် DICA အရာရှိက ကုမ္ပဏီထူထောင်ရေး လုပ်ငန်းစဉ်များ၊ စာရွက် စာတမ်းများ၊ လိုအပ်ချက်များကို ရှင်းလင်းဖြေကြားပေးခဲ့သည်။

လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူး

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖြစ်သည့်အတွက် တစ်နေရာတည်း မှာပင် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ထုတ်ကုန်များကို တွေ့ရှိနိုင်ပြီး သတင်းအချက် အလက်များ ရရှိနိုင်ပြီ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံချိတ်ဆက်မှုများ ကြောင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာနိုင်မည် ဖြစ်သည်။ ယခု ပြပွဲပြိုင်ပွဲကြီးတွင် နိုင်ငံတော်မှ ချီးမြှင့်သည့်ဆုငွေများ ရရှိမည်ဖြစ်ပြီး MSME လုပ်ငန်းရှင်များအတွက် လက်မ လွှတ်သင့်သော အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် MSME လုပ်ငန်းများ အတွက် ပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက် အလက်များ အသုံးပြုနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အဓိကဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဈေးကွက်ဝင်ရောက်ခွင့် GACC လက်မှတ်ရရှိရေး ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းအပါအဝင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအတွက် သိသင့်သိထိုက်သော အချက်များ၊ ကုန်သွယ်မှု အပိုင်းမှတဆင့် MSME လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေမှုများကို ဝန်ကြီးဌာနပြခန်း၌ ပင် ဆောင်ရွက်ပေးလျက် ရှိသည်။

လုပ်ငန်း/ စီးပွား ချိတ်ဆက်မှုဆပ်ကော်မတီ ဖွဲ့စည်းဆောင်ရွက်

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရာတွင် လုပ်ငန်း/ စီးပွား ချိတ်ဆက်မှု ဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက တာဝန်ယူဆောင်ရွက်ပြီး အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဘဏ် များအသင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ကြပြီး အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်။)