ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၃) ( စက်မှုဝန်ကြီးဌာန )
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၃) ( စက်မှုဝန်ကြီးဌာန )
Ministry of Cooperatives and Rural Development | Mar 17, 2025
မြင့်စိုး(နတလ)
MSME ပြပွဲပြိုင်ပွဲကြီး၏ အကျိုးရလဒ်များ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီး ကျင်းပပြုလုပ်ပြီးစီးသွားသည် မှာ ရတ်သတ္တပတ်ကျော်ခဲ့ပြီ ဖြစ်၏။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စက်မှုဝန်ကြီးဌာနက ဦးဆောင်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ၏ ပူးပေါင်း ပါဝင်မှု၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကဲ့သို့ အဖွဲ့ အစည်းများ၏ ကူညီပံ့ပိုးမှုတို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ထို ပြပွဲပြိုင်ပွဲကြီးက ရလိုက်သော အကျိုးရလဒ်များကမူ နိုင်ငံအတွက်ရော လုပ်ငန်းရှင်များအတွက်ပါ အဖိုးမဖြတ် နိုင်ဟု ပြောရပေမည်။ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံစီးပွားမြင့်မား တိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းပေါများပြီး မိသားစုဝင်ငွေတိုးလေလေ ဆင်းရဲနွမ်းပါးမှုကို လျှော့ချ၍ လူမှုစီးပွား ဘဝများ မြင့်မားတိုးတက်လာလေလေ ဖြစ်လာပေလိမ့်မည်။ ပြည်ထောင်စုအဆင့် ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ တည်းဟူသော ခေါင်းစဉ်နှင့်အညီ ဒေသအသီးသီးမှ ထုတ်ကုန်များကို တစ်နေရာ တည်းတွင် တစ်စုတစ်စည်းပြသခွင့်ရရှိခဲ့ပြီး စီးပွားရေးချိတ်ဆက်မှု (Business Emgagement နှင့် Supply Chain) ကို ပိုမိုအားကောင်းစေခဲ့သည်။
ပို၍ဝမ်းမြောက်ဖွယ်ကောင်းသည်ကတော့ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်း တော်တော်များများကို ဒီဂျစ်တယ်နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်အောင် လက်တွဲခေါ်ယူ ထိတွေပြသပေးနိုင်ခြင်းပဲဖြစ်သည်။ ယနေ့ခေတ် စီးပွားရေးအခင်းအကျင်းတွင် ဒီဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်း အရွယ်အစားအမျိုးမျိုးအတွက် အရေးကြီး သော အခန်းကဏ္ဍတွင်ရှိနေသည်။ လုပ်ငန်း တိုးတက်ကောင်းမွန်လာစေရေး၊ လုပ်ငန်းတိုးချဲ့ နိုင်ရေးအတွက် အခွင့်အလမ်းများ ဆောင်ကြဉ်းပေးသလို အခြားသော စီးပွားရေးလုပ်ငန်းများ နှင့် ယှဉ်ပြိုင်ရာတွင်လည်း MSME လုပ်ငန်းရှင်များအနေဖြင့် နောက်ဆုံးပေါ်နည်းပညာများနှင့် အတူ ခေတ်ရေစီးကြောင်းကို အမီလိုက်နိုင်ဖို့ လိုအပ်ပါသည်။ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဒီဂျစ်တယ်နည်းပညာကို အသုံးချ၍ အရည်အသွေးစံချိန်စံညွှန်းပြည့်မီသော တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာဈေးကွက်အထိပါ ထိုးဖောက် ဝင်ရောက်နိုင်မည် ဖြစ်သည်။ MSME ကဏ္ဍမှထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်း သည် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သော တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံစီးပွား မြင့်မားရေးအတွက်လည်း များစွာအထောက်အကူပြုလျက် ရှိသည်။
မှတ်တမ်းကောင်းများရေးထိုးနိုင်ခဲ့
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ ပြပွဲပြိုင်ပွဲကာလ ရတ်သတ္တပတ်အတွင်း လုပ်ငန်းကဏ္ဍအသီးသီး၏ အောင်မြင်တိုးတက်မှု မှတ်တမ်းများ၊ ကိန်းဂဏန်း အချက်အလက် များအား ပြုစုရယူခဲ့ကြရာတွင် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching)သို့ MSME လုပ်ငန်းရှင်ပေါင်း ၅၆၉ ဦး၊ ဘဏ်လုပ်ငန်းရှင် ၄၈ ဦး၊ စီးပွားရေးသံမှူး ၁၆ ဦးတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု အကြိမ်ပေါင်း ၇၁၀ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ Digital Corner နည်းပညာပြခန်းတွင်လည်း နည်းပညာလေ့လာသူ ၁၉၇ ဦး၊ စံချိန်စံညွှန်း Calibration နှင့် ISO ရရှိနိုင်ရေး မေးမြန်းဆွေးနွေးသူ ၈၅ ဦး၊ မြန်မာ့စံချိန်စံညွှန်း လာရောက်ဝယ်ယူသူ ၁၄ ဦး၊ နည်းပညာများနှင့် ဝန်ဆောင်မှုများ ရယူလို ၍ လာရောက်တောင်းခံသူ ၄၂ ဦး၊ စုစုပေါင်း ၃၄၄ ဦး ရှိခဲ့သည်။ စက်မှုဝန်ကြီးဌာနပြခန်းမှ SME Member Card နှင့် ယာယီမှတ်ပုံတင်လက်မှတ်တို့ကို နေ့ချင်းပြီး ပြုလုပ်ထုတ်ပေးနိုင်မှု အခြေ အနေမှာ အသေးစားလုပ်ငန်း ၁၁ ခု၊ အလတ်စားလုပ်ငန်း ၉ ခု၊ ပေါင်း ၂၀ ခု ဖြစ်သည်။ FDA နှင့်ပတ်သက်၍လည်း Business Matching Hall သို့ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းသူ ၆၃ ဦး၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၌ ဆွေးနွေးသူ ၂၁ ဦး၊ စုစုပေါင်း ၈၄ ဦး ရှိပါသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း လာရောက်အားပေးကြည့်ရှုမှုအခြေအနေမှာ လူဦးရေစုစုပေါင်း ၁၂၂၀၇၅ ဦး၊ ယာဉ်ကြီး/ ယာဉ်ငယ် စုစုပေါင်း ၁၂၇၂၈ စီး၊ မော်တော်ဆိုင် ကယ် ၆၅၇၀ စီးတို့ဖြစ်ကြောင်း သိရသည်။
စက်ကိရိယာ၊ ဆေးဝါး၊ လူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချရမှုအခြေအနေ
ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြုပြခန်း များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်းပြခန်းများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ပြခန်းများ၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း၏ ထုတ်ကုန်ပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ပြခန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းပြခန်း၊ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း ပြခန်းများနှင့် အခြားသောပြခန်းများအပါအဝင် ၉၆ ခန်း ခင်းကျင်းပြသလျက်ရှိသည့်အနက် ပြခန်း ၇၁ ခန်းမှ စက်ကိရိယာများ၊ ဆေးဝါးများ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အမျိုးမျိုးတို့ကို လာရောက်ကြည့်ရှုလေ့လာသူ ရဟန်းရှင်လူပြည်သူအပေါင်းတို့က တစ်ခဲနက် ဝယ်ယူအားပေး ကြကြောင်း သိရသည်။ စုစုပေါင်း ရောင်းချရငွေမှာ မြန်မာကျပ်ငွေ ၃.၄၃၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာ ဖြစ်ပါသည်။ ထိုသို့လာရောက်ဝယ်ယူအားပေးကြရာတွင် Super Seven Star ပြခန်းမှ နွားနို့ ညှစ်စက်နှင့် ဆက်စပ်ပစ္စည်းများအတွက် ရောင်းရငွေကျပ် သိန်းပေါင်း ၇၀၀၆ သိန်းကျော်၊ အချိုရည်ထုတ် စက်ပစ္စည်းများအတွက် ရောင်းရငွေ ၂၁၅၉ သိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ စောင်၊ ခြင်ထောင်များ ရောင်းချရငွေ သိန်းပေါင်း ၁၀၄၃ သိန်း ကျော်၊ တနင်္သာရီတိုင်းဒေသကြီးပြခန်းမှ ပုလဲရောင်းရငွေကျပ် သိန်း ၆၉၆ သိန်းကျော်၊ မကွေး တိုင်းဒေသကြီးပြခန်းမှ ဂဠုန်မင်းညီနောင် ချည်ထည်ရောင်းရေငွေ ၄၃၂ သိန်းကျော်၊ ကချင် ပြည်နယ်ပြခန်းမှ ကချင်ရိုးရာအဝတ်အထည်များ ရောင်းရငွေကျပ်သိန်း ၄၂၀ ကျော်တို့က အများဆုံး ရောင်းချရသည့်စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။
စက်မှုဝန်ကြီးဌာနပြခန်းတွင် ပြသထားမှုများ
နိုင်ငံတော်အကြီးအကဲသည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်ကိုယူလျက် မူဝါဒများချမှတ် လမ်းညွှန်ပေးခဲ့ သည်။ ၂၀၂၂ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးခရီးစဉ် (၁၁) ခုသို့ သွားရောက်၍ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးခရီးစဉ် (၁၃) ခု သွား ရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ လမ်းညွှန် မှာကြားခဲ့ပါသည်။ ဗဟိုကော်မတီဖွဲ့စည်းပုံ၊ ခရီးစဉ်မှတ်တမ်းဓာတ်ပုံများနှင့် လမ်းညွှန်ချက် များကို စက်မှုဝန်ကြီးဌာနပြခန်းတွင် ချိတ်ဆွဲပြသထားပါသည်။ ထို့အတူ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများကိုလည်း ထုတ်နှုတ် ပြသထားပါသည်။ ၎င်းပြင် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်များ ရွေးချယ်ဆောင် ရွက်ထားရှိမှု၊ MSME ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ၊ ဒေသဆိုင်ရာအေဂျင်စီများ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကိုလည်း ခင်းကျင်းပြသထားပါသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများတွင် ကုန်ကြမ်းများ လုံလုံလောက်လောက်ရရှိရန် လိုအပ်ပါသည်။ ပြည်တွင်းကုန်ကြမ်းများအပေါ် အားထားမှီခိုထုတ်လုပ်နိုင်ရမည်။ နိုင်ငံတော်အကြီးအကဲကလည်း MSME ကုန်ကြမ်း ရယူ အသုံးပြုမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း မိန့်ကြားခဲ့သည် -
“MSME လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်(၄)ခုမှာ ကုန်ကြမ်း၊ ရင်းနှီးမြှုပ်နှံမှု၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များ ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အသုံးပြု ပြီး အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်း (MSME) များတွင် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်း ကုန်ထုတ် လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း”
MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းရရှိရေးကို ဖြည့်ဆည်း ပေးသည့်အနေဖြင့် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့် ချည်ကုန်ကြမ်းများ၊ လေးသံ နှင့် Aluminum Alloy များ ရောင်းချပေးလျက်ရှိသည်။
ဝန်ဆောင်မှုပေးခြင်းနှင့် ထုတ်ကုန်များပြသခြင်း
၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ SME လုပ်ငန်းရှင်များအား SME Member Card/ ယာယီမှတ်ပုံ တင်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ပြပွဲကာလအတွင်း ချက်ခြင်းဝန်ဆောင်မှုပေးခြင်း အစီ အစဉ်ဖြင့် လုပ်ငန်းရှင် ၂၀ ဦးကို SME Member Card/ ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပါသည်။ စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံများမှ ထုတ်လုပ်လျက်ရှိသော လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို ခင်းကျင်းပြသရာတွင်လည်း အမှတ် ၂ အကြီးစား စက်မှုလုပ်ငန်းမှ ကြွေထည်အသုံးအဆောင် ပစ္စည်း ၉ မျိုး၊ အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်း မှ ချည်လုံးများ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း ၂၅ မျိုး၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် စားဆေး၊ ထိုးဆေး၊ မြွေဆိပ်ဖြေဆေးနှင့် ကာကွယ်ဆေးများအပါအဝင် ဆေးဝါးအမျိုးအစားပေါင်း ၁၁၆ မျိုးတို့ကို ခင်းကျင်းပြသထားပါသည်။ ၎င်းပြင် ဆေးဝါး အမယ်သစ်ထုတ်လုပ်သည့် သုတေသနပြုတီထွင်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကိုလည်း ပြသ ထားကြောင်း သိရသည်။
MSME ချေးငွေလျှောက်ထားခြင်းလုပ်ငန်း
MSME လုပ်ငန်းရှင်တစ်ဦးကဖြစ်စေ၊ သို့တည်းမဟုတ် MSME လုပ်ငန်းများကို စိတ်ပါဝင် စားပြီး လုပ်ငန်းစတင်ဆောင်ရွက်လိုသူကဖြစ်စေ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် MSME ချေးငွေများ လျှောက်ထားလာပါက ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ အခြားလုပ်ငန်း စသည်ဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးရပါသည်။ ထိုသို့ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံပြီး အသေးစား၊ အငယ်စား၊ အလတ်စားဟူ၍ ခွဲခြားသတ်မှတ်ကာ အသေးစားလုပ်ငန်းအတွက် ကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းအတွက် ကျပ်သန်း ၅၀၊ အလတ်စားလုပ်ငန်းဆိုလျှင် ကျပ် ၁၀၀ သန်း သတ်မှတ်ထုတ်ချေးပေးပါသည်။ MSME ချေးငွေလျှောက်ထားမည့် လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ ရရှိရေးအတွက် စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးနေပါသည်။ လျှောက်ထားသူ သည် ချေးငွေလျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို တင်ပြလျှောက်ထား ရပါမည် -
(က) MSME ချေးငွေအဆိုပြုလွှာ
(ခ) သက်တမ်းရှိ SME Member Card (သို့မဟုတ်) ယာယီမှတ်ပုံတင်လက်မှတ်
(ဂ) သက်တမ်းရှိ လုပ်ငန်းမှတ်ပုံတင်/ လိုင်စင်များ
(ဃ) ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မိတ္တူ)၊ ဒါရိုက်တာများ စာရင်း၊ ရှယ်ယာစာရင်း၊ အစည်းအဝေးမှတ်တမ်း
(င) ချေးငွေလျှောက်ထားသူအမည်ပေါက် အာမခံပိုင်ဆိုင်မှုအထောက်အထား (ဘိုးဘွား ပိုင်မြေ၊ မြေဂရန်၊ လန (၃၉)၊ (၃)(ခ)၊ လယ(၃၀)(က)(ခ)
(စ) MSME လုပ်ငန်းရှင်များ၏ လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ
(ဆ) လုပ်ငန်းသမိုင်းကြောင်းအကျဉ်းချုပ်
(ဇ) ချေးငွေလျှောက်ထားသည့် လုပ်ငန်းဖြင့် အခြားဘဏ်၊ ငွေရေးကြေးရေး အဖွဲ့ အစည်းများမှ ချေးငွေထုတ်ချေးထားခြင်းမရှိကြောင်း ဝန်ခံကတိပြုလွှာ
(ဈ) ချေးငွေအသုံးပြုမည့်အစီအစဉ်
(ဆက်လက်ဖော်ပြပါမည်။)