မိုးခေါင်ခြင်း နှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး

Ministry of Natural Resources & Environmental Conservation | Jun 28, 2022

မိုးခေါင်ခြင်း နှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး

သစ်တောမောင်

 

တောပင်ကို တော်တော်ခုတ်ကြ

တောပြုတ်လိမ့် နောက်နောင်

တောပြုတ်လို့ တောပြောင်

မိုးခေါင်တော့မှာပဲ

မိုးခေါင်လို့ ရေမကြွယ်

သဲပင်လယ် ဖြစ်လိမ့်မလွဲ။

ဇော်ဂျီ

သဲကန္တာရဖြစ်ထွန်းခြင်း

သစ်တောများသည် လူသားများအတွက် သစ်၊ ထင်း၊ ဝါး၊ ဆေး၊ အ၀တ်အထည်၊ အစား အစာ၊ အစရှိသည့်သစ်တောထွက်ပစ္စည်းများသာမက ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ ရေနှင့် လေကောင်း လေသန့်ရရှိစေရန် သန့်စင်ပေးခြင်း၊ ကမ္ဘာ့လေထုအားပူနွေးစေပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ စုတ်ယူသိုလှောင်ပေးခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုအား တားဆီးပေးခြင်း၊ သဘာ၀ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့် ပတ်၀န်းကျင်ဆိုင်ရာဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အထောက်အပံ့ပြုလျှက် ရှိပါ သည်။ ထို့ကြောင့် ‘ သစ်တောများသည် အတိတ်ကာလ၏အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွား နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်သည် ’ ဟုဆိုနိုင်ပါသည်။

ဆရာဇော်ဂျီ၏ ကဗျာလေးသည် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖေါ်ညွှန်း နေပြီး သစ်ပင်သစ်တောများကို စည်းမဲ့ကမ်းမဲ့ခုတ်ယူမှုများကြောင့် သစ်တောများပြုန်းတီးပြီး မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မြေဆီလွှာပျက်စီးပြီး နောက်ဆုံးတွင် သဲပင် လယ်၊ သဲကန္တာရများဖြစ်သွားနိုင်ကြောင်း ထိထိမိမိ ဆုံးမညွှန်ပြထားပါသည်။ မြန်မာနိုင်ငံသည် သယံဇာတများ ပေါများသည်ဆိုသော်လည်း အကန့်အသတ်ဖြင့်သာရှိပါသည်။ သစ်တောများ၏ နှစ်စဉ်တိုးပွားနှုန်းထက် ပိုမိုခုတ်ယူသုံးစွဲပါက သစ်တောများပြုန်းတီးပြီး ရာသီဥတုပြောင်းလဲ ဖေါက်ပြန်ခြင်း၊ မိုးခေါင်ခြင်းနှင့်နောက်ဆုံးတွင် သဲပင်လယ်၊ သဲကန္တာရများ ဖြစ်ပေါ်လာနိုင်ပါ သည်။ သဲကန္တာရဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသီးနှံ အထွက်နှုန်းကျဆင်းလာခြင်း၊ မွေးမြူရေး လုပ်ငန်းများအထွက်နှုန်းနည်းပါးလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး လူမှုစီးပွား ရေး အခက်အခဲများတိုးပွားလာခြင်း၊ ဆင်းရဲနွမ်းပါးမှုမြင့်မားလာခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်း၊ ပညာရေးနိမ့်ကျခြင်း စသည့်နောက်ဆက်တွဲပြဿများစွာဖြစ်ပေါ်လာပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမည်ဖြစ်သည်။

ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD) အဖွဲ့က သဲကန္တာရဖြစ်ထွန်းလာမှု ဝိသေနလက္ခဏာများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-

  1. မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်း ခြောက်သွေ့ခြင်း၊
  2. လေထုနှင့် မြေထု အပူချိန်မြင့်မားမှုဒါဏ် ကြာရှည်စွာခံစားရခြင်း၊
  3. အပူချိန် အတက်အကျလွန်ကဲခြင်း၊
  4. မြေဆီလွှာ ရေငွေ့ပျံမှုနှုန်းမြင့်မားခြင်း၊
  5. စိုထိုင်းဆနိမ့်ခြင်း၊
  6. မြေဆီခြောက်ခမ်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်းနိမ့်ကျခြင်း
  7. ရေနှင့်လေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားမှုများခြင်း။

သဲကန္တာရဖြစ်ထွန်းခြင်း နှင့် မိုးခေါင်ခြင်း အကျိုးသက်ရောက်မှုများ

သဲကန္တာရဖြစ်ထွန်းမှုသည် အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ် သည်။ သစ်နှင့်ထင်းများ အလွန်အကျွံထုတ်ယူခြင်း၊ စိုက်ပျိုးမြေများချဲ့ထွှင်ခြင်း၊ သတ္တုတူးဖေါ် ခြင်း၊ ဆည်တာတမံများတည်ဆောက်ခြင်း၊ စားကျက်ချခြင်း၊ မြို့ရွာများ တိုးချဲ့တည်ထောင်ခြင်း စသည့်လုပ်ဆောင်ချက်များကြောင့် အပူပိုင်းဒေသ သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာ ပျက်ဆီးခြင်းများဖြစ်ပေါ်ပြီး အပူပိုင်းဂေဟစနစ်ပျက်စီးကာ သဲကန္တာရဖြစ်ထွန်း လာခြင်းဖြစ် သည်။ မြေဆီလွှာပျက်စီးခြင်း၊ မိုးခေါင်ပြီးပူပြင်းခြောက်သွေ့ခြင်းကြောင့် စားနပ်ရိက္ခာ ထုတ်လုပ် နိုင်မှုမရှိတော့သဖြင့် အဆိုပါဒေသနေပြည်သူများ လူမှုစီးပွားဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြ ရသည်။

ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်းအရ ယနေ့အချိန်တွင် သဲကန္တာရဖြစ် ထွန်းလာသော ဝိသေသလက္ခဏာများကြောင့် ကမ္ဘာတဝှမ်းစိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းခန့်ထိ အရည်အသွေးကျဆင်းခဲ့ကြောင်း သိရပါသည်။ အပူပိုင်းဒေသ များသည် သဘာဝအားဖြင့်ပူပြင်းခြောက်သွေ့ပြီး ထိရှလွယ်သော သဘောရှိပါသည်။ ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ ထုတ်ပြန်မှုများအရ သဲကန္တာရဖြစ်ထွန်း နိုင်သော အခြေ အနေများကြောင့် နောင် (၁၀) နှစ်အတွင်း လူသန်းပေါင်း (၅၀) ကျော် အပူပိုင်းဒေသ နေရပ် ဒေသမှအခြားဒေသများသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၅၀ ပြည့် နှစ်တွင် မိုးခေါင်မှုနှင့် ပူပြင်းခြောက်သွေ့မှု အကျိုးဆက်များသည် ကမ္ဘာ့လူဉီးရေ၏ လေးပုံသုံးပုံ အပေါ် သက်ရောက်နိုင်မည် ဟုလည်း ခန့်မှန်းထားပါသည်။ ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မိုးခေါင်မှု ကာလနှင့် အကြိမ်အရေအတွက်သည် ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး၊ လူပေါင်း ၅၅ သန်းသည် မိုးခေါင်မှုဒါဏ်ကို နှစ်စဉ်ခံစားရမည်ဖြစ်ကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင် ကလေး ၄ ဉီးလျှင် တစ်ဉီးနှုန်း ရေပြတ်လပ်မှုဒါဏ် ခံစားရမည်ဖြစ်ကြောင်း၊ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှုကြောင့် လူပေါင်း ၂.၇ သန်း အပေါ် သက်ရောက်ခဲ့ပြီး ၁၁.၇ သန်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖေါ်ပြထားပါသည်။

အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့

သဲကန္တာရဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံး ပျောက်ကွယ် ခြင်းများကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)” ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက်အမှတ် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန်လ (၁၇) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးနေ့” (International Day Against Desertification, and Drought”) ဟု သတ်မှတ်ခဲ့ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “မိုးခေါင်မှုမှ လွတ်မြောက်ဖို့၊ သစ်ပင်အတူစိုက်ကြစို့” (Rising Up From Drought Together) ဖြစ်ပါသည်။

အပူပိုင်းဒေသတွင် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ သစ်တောများထိန်းသိမ်းခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းနိုင်မှုများကို တိုက်ဖျက်ရန်နှင့် အပူပိုင်း‌ဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့”သည် ထင်ရှားသော အထိမ်းအမှတ်နေ့ တစ်နေ့ဖြစ်ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကုလသမဂ္ဂသစ်တောဖိုရမ် အစရှိ သည့် အဖွဲ့များက ကြီးမှူး၍ နှစ်စဉ် ဇွန်လ ၁၇ ရက်နေ့ ရောက်တိုင်း “ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း” အဖွဲ့ဝင်နိုင်ငံအသီးသီးသည် အထိမ်းအမှတ်ပွဲများ ကျင်းပကာ သဲကန္တာရတိုက်ဖျက်ရေး အသိပညာပေးရေး လုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများ၊ တိုးချဲ့ပညာ ပေးရေးလုပ်ငန်းများကို ပိုမိုအာရုံစိုက် အလေးထားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။

သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးအတွက်၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့် နှစ်အထိကို ကုလသမဂ္ဂသဲကန္တာရနှင့် သဲကန္တာရတိုက်ဖျက်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ်ပြန်လည် တည်ထောင်ရေး ဆယ်စုနှစ်အဖြစ်သတ်မှတ်ပြီး  သစ်တောဂေဟစနစ်များ ပြန်လည်တည်ထောင်ရေး အတွက် တွန်းအားပေးဆောင်ရွက်လျှက်ရှိပါသည်။ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေး အတွက် “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း” က အောက်ပါလုပ်ငန်းများ ဆောင် ရွက်ရန် တိုက်တွန်းထားပါသည်-

  1. သစ်တောများ ပြန်လည်တည်ထောင်ခြင်း ၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ဓမ္မတာ မျိုးဆက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
  2. ရေများကိုချွေတာသုံးစွဲခြင်း၊ သန့်စင်ပြီးပြန်လည်သုံးစွဲခြင်း၊ မိုးရေကို စနစ်တကျ စုဆောင်း အသုံးပြုခြင်းများအပါအဝင် ရေသယံဇာတများ ထိန်းသိမ်းခြင်းနှင့် စနစ်တကျ စီမံခန့်ခွဲခြင်း၊
  3. လေတိုက်စားမှု၊ ရေတိုက်စားမှုများ ကာကွယ်ရန်အတွက် မြေဆီလွှာ အကာအကွယ် အဖြစ်ရှင်သန်နိုင်မည့် ဒေသမျိုးရင်းအပင်များ၊ ကြီးမြန်သစ်ပင်များ၊ အပူဒါဏ်ခံနိုင်သော အပင်များစိုက်ပျိုးခြင်း၊
  4. လယ်၊ ယာ အစပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများတည်ထောင် ခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းများတည်ထောင်ခြင်း၊
  5. သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့် ကိုင်းချိုင်ခြင်းမှရရှိလာသော သစ်ရွက်၊ သစ်ကိုင်း များကို အပင်ခြေတွင်စုပုံပြီး မြေဆီလွှာအား အကာအကွယ်ပေးခြင်း။

မြန်မာနိုင်ငံနှင့် သဲကန္တာရာဖြစ်ထွန်းမှု တိုက်ဖျက်ရေး

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်းကျရောက်သော မြို့နယ်များသည် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၇.၂ ဒီကရီဆဲလ်ဆီးယပ်ထိမြင့်မားပြီး ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်ပါသည်။ မြေတိုက်စားမှုများပြီး အပေါ်ယံမြေဆီလွှာ ကုန်ခမ်းပြီးအပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှပါသည်။ သစ်ပင်သစ်တောများ နည်းပါး ခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများ (desert-like formation) ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့်လည်း မြန်မာ နိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက Focal ဌာနအဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။ ယနေ့အထိ “ကုလသမဂ္ဂ  သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၇ နိုင်ငံရှိပြီး သဲကန္တာရဖြစ်ထွန်းမှုများ ဖြစ်ပေါ်နေ သောနိုင်ငံပေါင်း ၇၀ တွင် နိုင်ငံအဆင့် သဲကန္တာရတိုက်ဖျက်ရေးစီမံချက်များရေးဆွဲပြီး အကောင် အထည်ဖေါ်နိုင်ရေး ပူးပေါင်းကူညီပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံသည် “ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း” အဖွဲ့ဝင် နိုင်ငံဖြစ် သည်နှင့်အညီ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး အတွက်နည်းလမ်း မျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များပြုစုထိန်း သိမ်းကာကွယ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ ၁၉၅၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော် ပိုရေးရှင်းက သစ်တော စိုက်ခင်းများ စတင်တည်ထောင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ သစ်တောဉီးစီးဌာနက ဆက်လက်တာဝန်ယူ စိုက်ပျိုးလုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် အထူးဒေသ (၉) ခရိုင်စိမ်း လန်းစိုပြည်ရေး၊ ၁၉၉၅ ခုနှစ်တွင် (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးအဖြစ် လုပ်ငန်းများဆောင် ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဉီးစီးဌာန ဖွဲ့စည်းတည်ထောင် ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများတစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာနအနေဖြင့် နှစ် (၃၀) အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဘက်စုံစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ) ရေးဆွဲပြီး သစ်တော စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာများတိုးမြှင့် သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖေါ်‌ဆောင်ရွက်ခြင်း တို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။ ထို့အပြင် အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်း များ၊ အပူပိုင်းဒေသတောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်ရေးသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်း များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သစ်တောထိန်းသိမ်းရေး အသိပညာပေးရေး၊ တိုးချဲ့ပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

သစ်တောဉီးစီးဌာနအနေဖြင့်လည်း နှစ် (၃၀) အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း (၂၀၁၆-၂၀၁၆ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) ရေးဆွဲလျှက် အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲထိန်း သိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊ မြို့ပြသစ်တောများ တည်ထောင်ခြင်း၊ သစ်တောဉယျာဉ်များတည်ထောင်ခြင်း၊ မြစ်ချောင်းအင်းအိုင် ပတ်ဝန်းကျင် နှင့် ကမ်းရိုးတလျောက် သဘာဝသစ်ပင်သစ်တော ဂေဟစနစ်များထိန်းသိမ်းခြင်း တို့ကိုဆောင် ရွက်ခြင်းဖြင့် အပူပိုင်းဂေဟစနစ်ပြန်လည်တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက် ရှိပါသည်။ ထို့အပြင် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား သစ်တောဉပဒေ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့်သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီစနစ် တကျစီမံအုပ်ချုပ်နိုင်ရန် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက် လျှက် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါသည်။     

“မိုးခေါင်မှုမှ လွတ်မြောက်ဖို့၊ သဲကန္တာရတိုက်ဖျက်ဖို့ သစ်ပင်အတူစိုက်ကြစို့”

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်လွယ်ဆုံး နိုင်ငံတစ် နိုင်ငံဖြစ်ပြီး ပြင်းထန်လွန်ကဲသော မိုးလေဝသအခြေအနေများကြောင့် သဘာဝဘေးအန္တရာယ် များနေရာအနှံ့ ကြုံတွေ့ခဲ့ရပါသည်။ သစ်တောထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် ပတ်ဝန်း ကျင်ဆိုင်ရာဝန်ဆောင်မှုများကို တိုးပွားစေ၍ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် စီးပွား ရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ဖေါ်ဆောင်ရန်ဖြစ်သည်။ သစ်တော များမှ အထောက်အပံ့ပြုသော သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ သာမက ငွေကြေးအားဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို အထူး အလေးထား၍ သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ကြရန်လိုအပ်သည်။

ကုလသမဂ္ဂ ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်(၂၀၂၁-၂၀၃၀) သည် ယနေ့ ရင်ဆိုင်နေရသော သဲကန္တာဖြစ်ထွန်းမှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးမှုများ၊ ရာသီ ဉတုပြောင်းလဲဖေါက်ပြန်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုများကို တားဆီး နိုင်မည့်၊ ကုစားနိုင်မည့် ထူးခြားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အကျိုးဆက်စပ် ပတ်သက်သူများ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ အပူပိုင်းဒေသ မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း နှင့် သဲကန္တာရတိုက်ဖျက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် ဒေသနှင့်ကိုက်ညီသည့် ဂေဟစနစ်ပြန် လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ပါ သည်။ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ကမ္ဘာ့အရွေ့နှှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ဖို့ အထူး လိုအပ်သည်။ မတူညီသော ဂေဟစနစ်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းဖို့၊ ပြန်လည်တည်ထောင်ဖို့ အစီအစဉ်များစနစ်တကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါ သည်။ သစ်ပင်သစ်တောများနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို နားလည်ပြီးတစ်ဦး ချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှု၊ သဲကန္တာရာဖြစ်ထွန်းနိုင်မှု အခြေအနေများ ကို တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် စိမ်းလန်းစိုပြည် သော၊ ရာသီဥတုမျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော ဒေသကြီးဖြစ် လာစေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်း ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့” အား ဂုဏ်ပြုအပ်ပါသည်။

ကိုးကား။ အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေးဉီးစီးဌာန၊ ဌာနဆိုင်ရာအချက်အလက်များ (၂၀၂၂) နှင့် နှစ် (၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်းစာအုပ် (၁၉၉၉၇-၂၀၁၇)