လင်းခေးအဝင်နှင့် ရင်ထဲကအမှတ်တရ ဟိုမိန်း
လင်းခေးအဝင်နှင့် ရင်ထဲကအမှတ်တရ ဟိုမိန်း
Ministry of Cooperatives and Rural Development | Feb 07, 2023
လင်းခေးအဝင် (သို့မဟုတ်) ကိုထီး အမှတ်တရ
သီချင်းအမည်လေးက လင်းခေးအဝင်…………..တဲ့
စိုင်းထီးဆိုင် (သို့မဟုတ်) ကိုထီးရဲ့ လက်ရာ၊ ဒီသီချင်းကိုရေးပြီး သူကိုယ်တိုင် ဆိုသွား ဖြစ်ခဲ့ရဲ့လား သေချာမသိပေမဲ့ တေးသံရှင် ဘိုဖြူနဲ့ ကိုထီးရဲ့သမီး ဆိုင်စံတို့ ဆိုထားတာတော့ ကြားဖူးနေပါတယ်။ သံစဉ်စာသားလေးတွေအားလုံး လင်းခေးမြို့အဝင် မြင်ကွင်းတွေနဲ့ လိုက်ဖက်ပါတယ်။ စိုင်းထီးဆိုင်အဖို့တော့ ဒီသီချင်းဟာ သူ့ဇာတိမြို့လေးအတွက် နှုတ်ဆက် သီချင်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
သာယာတဲ့ x x x x တိမ်လွှာတိမ်လိပ်အနားရောက်အောင်
တောင်ပြာတွေ အဆင့်ဆင့် မြင့်မားစွာ x x x x x x x
ရောက်ချင်ဇော x x x x x x
မျှော်သူရင်မော နွမ်းလှပြီ x x x x x x
အမြင်သာနီး ခရီးဝေးတဲ့တောင် x x x x
မှိုင်းညို့ဆိုင်းလို့ရယ် x x x x နှင်းမြူတွေ လွှမ်းခြုံတဲ့ကြား
ချောင်းလေးကလည်း အသာ x x x x စီးဆင်းကာ
အတန်းလိုက် အကန့်နဲ့ခြား ဝိုင်းရံကာတဲ့ မြို့အဝင် x x x x
နေညိုချိန် ပန်းချီကားအလားပမာ x x x x
ကျွန်တော်တို့ လင်းခေးမြို့လေးကို စဝင်တော့ ကိုထီးပြောတဲ့ နေညိုချိန် မရောက် သေးတာကလွဲရင် အမြင်သာနီး ခရီးဝေးတဲ့တောင်ရယ်လို့ သူတင်စားရေးဖွဲ့ခဲ့တဲ့ ဟိုအဝေး ဆီမှာ လွယ်လုံတောင်တန်းပြာကြီးက လှမ်းကြိုလို့နေပါပြီ။ လွယ်လုံတောင်ကို ဒေသအခေါ် လွယ်စလူးလို့လည်း ခေါ်ကြသေးတယ်ဆိုရဲ့။ သာသာယာယာလေး စီးဆင်းနေတယ်ဆိုတဲ့ ချောင်းကလေးက နမ့်တိန်းချောင်းပါ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများကနေ (တောင်ပိုင်း)ဒေသ မြို့ရွာများစွာကို ဖြတ်သန်းစီးဆင်းရင်း တာဆွတ်တိန်း ကူးတို့ဆိပ် အနီးမှာ သံလွင်မြစ်နဲ့ ပေါင်းဆုံပါတယ်။ ရေက ပြာလဲ့နေတယ်ပဲ ပြောရမလား၊ ကြည်စိမ်း နေတယ်လို့ပဲ ဆိုရမလား၊ အလွန်လှပါတယ်။ ကိုဘိုဖြူရဲ့ အသံကိုပဲ ကြားကြား၊ သမီးဆိုင်စံ အသံကိုပဲကြားကြား၊ တေးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ကိုစိုင်းထီးဆိုင်ကို သတိရမိ တာ အမှန်ပါပဲ။ ၁၉၈၃ ခုနှစ်လို့ ထင်ပါရဲ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချား၊ မိုင်းကိုင်၊ မိုင်းနောင်ဒေသတွေကို စစ်ဆင်ရေးထွက်ရင်း လွိုင်လင်မြို့ လမ်းမကြီးဘေးက လက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ ကိုစိုင်းထီးဆိုင် ထိုင်နေတာကိုတွေ့လို့ ကျွန်တော်တို့အဖွဲ့တွေ သွား နှုတ်ဆက်ခဲ့ကြတာကိုလည်း အမှတ်ရနေမိပါတယ်။
လင်းခေးဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေ
လင်းခေးအဝင် သီချင်းလေးအကြောင်း ပြောပြီးသကာလ ကျွန်တော်တို့အဖွဲ့ရဲ့ ခရီးစဉ် နဲ့လာရင်း ရည်ရွယ်ချက်ကိုလည်း ပြောပြရပေဦးတော့မယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းလောင်းမြို့နယ်ထဲက နောင်တရားမြို့လေးကို ရောက်ခဲ့ပြီ၊ ပအိုဝ်းတိုင်းရင်းသား ညီအစ်ကိုတွေ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်နေ တာသိရလို့ ဝင်ရောက်ကြည့်ရှုရင်း အားပေးနှုတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံက တောင်သူလယ်သမားတွေ သဘာဝမြေဩဇာ သုံးစွဲမှုကို ပစ်ပယ်ပြီး ဓာတ်မြေဩဇာတွေ နောက်ကို အသည်းအသန် လိုက်နေကြတယ်။ ရှိရင်းမြေဆီလွှာတွေ ပျက်ယွင်းကုန်တယ်။ နိုင်ငံခြားငွေလည်း မတရားသုံးရတယ် ဆိုတော့ကာ သဘာဝမြေဩဇာ သုံးစွဲဖို့ (ရောနှော သုံးစွဲဖို့) ပညာပေးနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူ များကို ကျေးဇူးတင်ပါတယ်။ ထိုနည်းတူစွာ ဒီလိုအချိန်မှာ သဘာဝမြေဩဇာ ထုတ်လုပ်သူ တိုင်းကိုလည်း လေးစားဂုဏ်ယူစွာ အားပေးပါတယ်။
တောင်ကြီးကတစ်ဆင့် နမ့်စန်နဲ့ လွိုင်လင်မြို့တွေကိုဖြတ်တော့ ခရိုင်အဆင့် မြို့တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်က ဦးစီးဌာန (၄) ခုက ဝန်ထမ်းတွေနဲ့ တွေ့ဆုံမှာကြားပါတယ်။ အဓိက မှာဖြစ်တာက ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့၊ ဦးစီးဌာန (၄) ခု ပူးပေါင်းပြီး ဝန်ကြီးဌာနရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်တွေ အောင်မြင်အောင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းတွေမှာ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လာတဲ့ လုပ်ငန်းတာဝန်တွေ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြဖို့၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲ၊ မိသားစု အခက် အခဲတွေ ရှိရင်လည်း ဒါဘာသဘောမျိုး တင်ပြကြဖို့ တွေ့ဆုံမှာကြားခဲ့ပါတယ်။ လင်းခေး အဝင် သီချင်းလေးနဲ့ လင်းခေးကို ဝင်လာပြီးတဲ့နောက် လုပ်ရမည့် အလုပ်တွေ ရှိလာပါပြီ။ ဒီခရီးကို ထွက်မလာခင်မှာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သေချာမှာလိုက်တာတွေ ရှိနေ ပါတယ်။ လင်းခေးဒေသမှာ ချောင်းပိတ်မြောင်းပိတ်နဲ့ စိုက်ပျိုးရေ ရအောင် လုပ်နိုင်မည့် နေရာတွေမှာ လုပ်ပေးဖို့ပါ။ ဒါးဆိပ်ရွာမှာ ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေ ရရှိရေးလု်ပငန်းနဲ့ သောက်သုံးရေ ရရှိရေးလုပ်ငန်းတွေကို ကြည့်ရှုပြီး လိုအပ်တာတွေ ထပ်မံညှိနှိုင်းပေးခဲ့ ပါတယ်။ အဲဒီကနေ ပန်ကျိုင်းနဲ့ ဝမ်ကွန် ကျေးရွာတွေကို သွားရောက်ပြီး နမ့်တိန်းချောင်း ထဲကနေ ရေရဟတ်ကြီးများနဲ့ ရေတင် စိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆိုင်စံ သီဆိုထားတဲ့ လင်းခေးအဝင် သီချင်းထဲက ရေရဟတ်ကြီးများပါပဲ။ လင်းခေးဒေသ စိုက်ပျိုးရေ ရဖို့ နည်းလမ်းများထဲက တစ်ခုပေါ့။ လင်းခေးမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် ပိုင်းမှာ ဟိုမိန်းမြို့လေးကို ခရီးဆက်ခဲ့ပါတယ်။
တစ်ခါက ဟိုမိန်းဒေသပုံရိပ်များ
ရှမ်းပြည်နယ် (တောင်ပိုင်း) မြန်မာ-ထိုင်း နယ်စပ်အနီးက ဟိုမိန်းမြို့လေးကို ဒီတစ်ခေါက်နဲ့ပါဆိုရင် ကျွန်တော် (၄) ခေါက်မြောက် ရောက်ခဲ့ခြင်းပါ။ ၁၉၉၆ ခုနှစ်မှာ ဦးခွန်ဆာ ခေါင်းဆောင်တဲ့ MTA (လွယ်မော်) အဖွဲ့ အကြွင်းမဲ့လက်နက်စွန့်ချိန်မှာ ဟိုမိန်း ဒေသရဲ့ အထူးအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေး စေလွှတ်ခဲ့ပါတယ်။ အဖွဲ့ဝင် (၃၅) ယောက်ထဲမှာ ကျွန်တော်က နတလ ကိုယ်စားလှယ်အဖြစ် လိုက်ပါခဲ့ရခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေထဲမှာလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲ၊ နတလ၊ ထွေအုပ်၊ တရားရေး၊ ဥပဒေ၊ အကောက်ခွန်၊ လဝက ဆိုတဲ့ ဌာနအသီးသီးက အရာထမ်း၊ အမှုထမ်းတွေ ပါဝင်လာခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့ကို ရန်ကုန် ကနေ တပ်မတော်လေယာဉ်နဲ့ နမ့်စန်ကို ပို့ပေးပါတယ်။ နမ့်စန်-လင်းခေး ခရီးကတော့ ကားနဲ့ပါ။ လင်းခေးကနေ ဟိုမိန်းမြို့လေးကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးပါတယ်။ ဟိုမိန်း ဒေသရဲ့ အထွေထွေအုပ်ချုပ်ရေးကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ၊ လဝက လုပ်ငန်းတွေ၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေက အစ ကား/ မော်တော်ဆိုင်ကယ်တွေ ယာယီမှတ်ပုံတင်ပေးတာ အဆုံး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပေးကြရင်း (၁) နှစ်တာကာလဟာ ကုန်လို့ကုန်မှန်းမသိ ဖြစ်သွားခဲ့ရတယ်။
ဒီကာလအတွင်းမှာ ဟိုမိန်းမြို့လေးရဲ့ အရှေ့ဘက် ၁၂ မိုင်အကွာက မြန်မာ-ထိုင်း နယ်စပ် နားမွန်းလုံရွာကိုလည်း ရောက်ခဲ့တယ်။ ဟိုမိန်းမြောက်ဘက် နောင်အောက တစ်ဆင့် ခန့်ပါကိုဖြတ်ပြီး မုံးထော်/ မုံးထကိုလည်း သွားခဲ့ကြရတယ်။ အဲဒီဘက်မှာတော့ မြန်မာ-ထိုင်း နယ်စပ်မှာ ပန်ကံ့ကော်ဆိုတဲ့ ရွာလေးရှိနေပါတယ်။ ရွာနာမည်လေးက ကဗျာဆန်တယ်နော်၊ ဟိုမိန်းတောင်ဘက်မှာ မယ်အောရွာနဲ့ အခြားရွာတွေ ရှိနေတယ်။ ဟိုမိန်းရဲ့ အနောက်ဘက် မှာရော၊ သံလွင်မြစ်ကြီး ရှိနေတယ်လေ။ လင်းခေးကနေ ဟန်လွိုင်ရွာ၊ ဝမ်ဟတ်ရွာ၊ မအွန်လောင်း ရွာစဉ်အတိုင်း နားကုန်းကို ရောက်ပါမယ်။ တာဆွတ်တိန်းမှာ ကူးတို့ဆိပ် မရှိခင်ကတော့ တာအွန်မူ ကူးတို့ကနေ သံလွင်မြစ်ကို ဖြတ်ကူးကြပြီး ပွိုင့် ၃၇၇၅၊ အဲဒီကမှ မယိုးယံ ရွာလေးကို ခရီးဆက်ကြရပါတယ်။ ၁၉၉၆ ခုနှစ်ကတော့ မယိုးယံဟာ ကြားစခန်း သဘောမျိုး ရွာလေးရှိနေပါတယ်။ အခုတော့ ဈေးဆိုင်လေး ၂ ဆိုင်ပဲ ကျန်နေခဲ့ပြီး ပြောင်း သွားကြပါပြီ။ ဟိုမိန်းဒေသမှ ရဟန်း သံဃာတော်များ၊ ကျေးရွာနေ ပြည်သူများအတွက် ရိက္ခာဆန်တွေ၊ ဆားအိတ်တွေ၊ ပဲအိတ်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ တပ်မတော်သား တွေက သံလွင်မြစ် တာအွန်မူ ကူးတို့ဆိပ်ကနေ ပွိုင့် ၃၇၇၅ ၊ အဲဒီကနေ မယိုးယံထိ ပင်ပန်းကြီးစွာ ထမ်းပိုးသယ်ယူပေးကြတဲ့ မြင်ကွင်းကို ဒီနေ့ထိ ကျွန်တော်မြင်ယောင်နေမိ ပါတယ်။ သူတို့ တော်တော်လေးကို ပင်ပန်းခဲ့ကြပါတယ်။
ရင်ထဲက အမှတ်တရ ဟိုမိန်း
၁၉၉၆ ခုနှစ် ဟိုမိန်းမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ ရှိနေစဉ်ကာလ နောင်လုံကန် ကြီးနံဘေး ကျင်းပပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ဟာ အတော်လေးကို စည်ကားခဲ့ပါတယ်။ တပ်မတော်သားတွေ၊ MTA ရဲဘော်တွေ၊ ကျွန်တော်တို့ ဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေ စုပေါင်း ဆင်နွှဲခဲ့ကြတာမို့ ဒီသင်္ကြန်ကို ကျွန်တော်က ငြိမ်းချမ်းရေးသင်္ကြန်လို့ အမည်ပေးခဲ့ဖူး ပါတယ်။ ရင်ထဲက အမှတ်တရ နောက်တစ်ခုကတော့ ဟိုမိန်းမြို့လေးနားက လယ်တွေကို မြေပြုပြင်ထွန်ယက်ပေးပြီး စပါးစိုက်ပျိုးဖို့ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးက သူ့ရဲ့ ခရီးစဉ်မှာ လမ်းညွှန်မှာကြားခဲ့ပါတယ်။ အမှတ် ၂၀၃ စပါးမျိုးတွေ ရောက်လာပါတယ်။ နတလကလည်း လက်တွန်းထွန်စက်တွေ ပို့ပေးပါတယ်။ စိုက်ပျိုးရေး တာဝန်ခံကတော့ ကျွန်တော် မြင့်စိုး (နတလ) ပဲပေါ့။ ရှိသမျှမြေ၊ စိုက်ပျိုးလို့ရသမျှ မြေတွေကို ထွန်ယက် ပြုပြင်ပြီး ကောက်စိုက်ပွဲကြီး ကျင်းပလိုက်တာ ဘယ်ပြောကောင်းမလဲဗျာ၊ ကောက်စိုက်သမ ၃၀၀ ကျော် တပျော်တပါး ပါဝင်စိုက်ပျိုးတဲ့ ကောက်စိုက်ပွဲတော်ကြီး ဖြစ်သွားပါရောလား။ အမှတ်တရပါပဲ။ ရပ်ကွက်လိုက် ဘောလုံးပြိုင်ပွဲတွေလည်း ကျင်းပခဲ့ကြတယ်။ ကညာပျိုနဲ့ ဇရာအို ဘောလုံးပွဲတောင်ပါသေး။ ဒိုင်လူကြီးလုပ်ပေးတဲ့ ဦးရွက်ခေးတောင် (၈၈) နှစ်နဲ့ ကွယ်လွန်ခဲ့ပြီ။ ခရီးစဉ်လာခဲ့ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်တို့လည်း မရှိကြ တော့ပြီ။
ရောက်ခဲ့ပါပြီ ဟိုမိန်းမြို့လေးဆီ
နတလဝန်ထမ်းဘဝမှာပဲ ဒုတိယ၊ တတိယ အကြိမ်မြောက် ဟိုမိန်းဒေသကို ရောက်ခဲ့ ပါသေးတယ်။ အခုတစ်ကြိမ်ကတော့ စတုတ္ထအခေါက်ပေါ့။ ဝမ်းမြောက်စရာ မြင့်ခဲ့ရတာတွေ ကတော့ လင်းခေးနဲ့ တာဆွတ်တိန်း ကူးတို့ဆိပ်ကြားက ရွာတွေဟာ လမ်းတွေကောင်း၊ မီးတွေလင်း၊ ဆက်သွယ်ရေးတိုင် ကိုယ်စီနဲ့ အိမ်တွေကလည်း တိုက်ခံအိမ်တွေက ခပ်များများ ဖြစ်နေကြပါပြီ။ တာဆွတ်တိန်း ကူးတို့ဆိပ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက သံလွင် တံတား (တာဆွတ်တိန်း) ကို စတင် တည်ဆောက်ပေးနေပါပြီ။ တာဆွတ်တိန်းနဲ့ ဟိုမိန်း အကြား ကားလမ်း ၃၂/၆ မိုင်ကတော့ တစ်ချို့နေရာတွေမှာ ပြုပြင်ရပါဦးမယ်။ ကျွန်တော် ဝမ်းအသာဆုံး မြင်ကွင်းက ဟိုမိန်းမြို့လေးဟာ နောင်လုံကန်ကြီးက ထုတ်လုပ်ပေးတဲ့ ရေအားလျှပ်စစ်နဲ့ ၂၄ နာရီ မီးလင်းနေတာကိုပါပဲ။ ရှေးကာလတွေမှာကတည်းက ရေအား လျှပ်စစ်ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြပေမဲ့ အဆင်မပြေခဲ့ပါ။ ပြီးခဲ့တဲ့နှစ်မှာ ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ပြန်လည်ရောက်တုန်း ရောက်ခိုက်မှာ ဝမ်မိုင်၊ မိုက်ပုတ်ခမ်း၊ ဝမ်မိုက်လုပ်လေ ကျေးရွာတွေရဲ့ ရေရရှိရေးလုပ်ငန်း၊ စာသင်ကျောင်းပြုပြင်ခြင်း လုပ်ငန်းများအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။ အဘဦးညွန့်ဆွေတို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဖောင်ဒေးရှင်းကနေ တင်ပြတောင်းခံလာခဲ့တဲ့ သုတရသ စာအုပ်တွေကို ဟိုမိန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များက ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းများကိုတော့ ဟိုမိန်းမြို့ အထက်တန်းကျောင်းအတွက် လှူဒါန်းခဲ့ပါတယ်။ ဟိုမိန်း-နားမွန်းလုံ လမ်းကတော့ နတလလမ်းဖြစ်ပြီး နားမွန်းလုံထိ ရောက်ခဲ့ပါသေးတယ်။ စိတ်ထဲ မှာတော့ နောင်အော-ခန့်ပါကနေ မုံးထော်/ မုံးထ ဘက်လည်းသွားချင်၊ တောင်ဘက်ခြမ်းက မယ်အောရွာတွေဘက်လည်း သွားချင်နေမိတာ အမှန်ပါပဲ။ ဟိုမိန်းဒေသဟာ သံလွင်တံတား (တာဆွတ်တိန်း) တည်ဆောက်ပြီးစီးသွားချိန်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် ဟိုမိန်းမြို့လေးရေ…….
မြင့်စိုး(နတလ)