လူထုကိုယ်တိုင်စီမံခန့်ခွဲသော လူထုဗဟိုပြုစီမံကိန်း (Community Driven Development Project - CDD)

Ministry of Cooperatives and Rural Development | Jul 24, 2024

လူထုဗဟိုပြုစီမံကိန်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ရေးဆွဲအကောင် အထည်ဖော်ခြင်း၊ ကြီးကြပ်ကွပ်ကဲ အကဲဖြတ်ခြင်းဖြင့် ရရှိလာသော ဖွံ့ဖြိုးမှုအသီးအပွင့်များ ကို တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် ဖွံ့ဖြိုးရေးချဉ်းကပ်မှုနည်းလမ်း ဖြစ်ပါတယ်။

#ရည်ရွယ်ချက်

လူထုဗဟိုပြုစီမံကိန်း၏ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများအား လူထုဗဟိုပြုစနစ်ကို ကျင့်သုံး၍ ရယူ သုံးစွဲနိုင်စေရန်၊ ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အရေးပေါ် အခြေအနေတစ်ရပ် ပေါ်ပေါက်လာပါက ထိရောက်လျင်မြန်စွာ တုံပြန်နိုင်စေရန် ဖြစ်ပါတယ်။

လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ခုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်(၆၃)မြို့နယ် တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငွေကြေးထောက်ပံ့ပေးမှုအနေဖြင့် ကမ္ဘာ့ ဘဏ်မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၈၀)သန်းနှင့် ချေးငွေအမေရိကန်ဒေါ်လာ (၄၀၀) သန်း၊ အီတလီအစိုးရ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၃.၁)သန်းနှင့် ချေးငွေအမေရိကန် ဒေါ်လာ (၂၃.၈)သန်း၊ DFID ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၃)သန်း၊ ဂျပန်အစိုးရမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂၅)သန်း၊ မြန်မာနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၃၀)သန်းအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ(၅၆၄.၉)သန်းဖြင့် မြို့နယ် (၆၃)မြို့နယ်တွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

#ကျေးရွာအဆင့်စီမံကိန်းစက်ဝန်း

ကျေးရွာအဆင့်စီမံကိန်းစက်ဝန်းအရ ကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် ပထမအကြိမ် ကျေးရွာ အစည်းအဝေးပြုလုပ်ရန်အတွက် အနည်းဆုံး(၃)ရက် ကြိုတင်အကြောင်းကြားရပါ တယ်။ ကျေးရွာလူထုအဆင်ပြေမည့် အချိန်၊ နေ့ရက်နှင့် ကျေးရွာလူထုများနိုင်သမျှ များများ တက်ရောက်နိုင်ရေး စီစဉ်ရပါတယ်။ အိမ်ထောင်စုအရေအတွက်စုစုပေါင်း၏ အနည်းဆုံး (၅၀)% တက်ရောက်မှ အထမြောက်ပါတယ်။ အစည်းအဝေးတွင် စီမံကိန်းအကြောင်း၊ တာ ဝန်ရှိသူများနှင့် တာဝန်/ ဝတ္တရားများ ရှင်းပြပြီး ကျေးရွာစေတနာ့ဝန်ထမ်း ကျား(၁)ဉီး၊ မ(၁) ဉီး ရွေးကောက်တင်မြှောက်ပါတယ်။

ကျေးရွာစေတနာ့ဝန်ထမ်းများအနေဖြင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ ဝင်မဟုတ်ဘဲ လူထုစည်းရုံးရေးမှူးကို ကူညီပေးရန်၊ အကြံပြုချက်ဖြေရှင်းရေးအဖွဲ့ကို ကူညီ ရန်၊ လေ့လာရေးခရီးစဉ်များမှာ လိုက်ပါကူညီရန် ဖြစ်ပါတယ်။

စီမံကိန်းအထောက်အကူပြုကော်မတီများ ဖွဲ့စည်းခြင်း

ဒုတိယအကြိမ် ကျေးရွာအစည်းအဝေးတွင် ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီ ဖွဲ့စည်းပါတယ်။ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌ ၂ ဦး (ကျား-၁ ဉီး၊ မ-၁ ဉီး)နှင့် (၁)ဝယ်ယူရေး၊ (၂) စောင့်ကြည့်ကြီးကြပ်ရေးနှင့် အကဲဖြတ်ရေး (၃)လည်ပတ်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဆပ်ကော်မတီတိုင်းတွင်လည်း အနည်းဆုံး အမျိုး သမီး(၁) ဦး ပါဝင်စေရပါမယ်။

ကျေးရွာကယုံကြည်သောသူ ၂ ဦး (ကျား-၁ ဉီး၊ မ-၁ ဉီး)ကို ဝေဖန်အကြံပြုချက်ဖြေ ရှင်းရေး ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ပြီး ကျေးရွာကယုံကြည်သောသူ (၁)ဦးကို ကျေးရွာ ငွေစာရင်းကိုင်အဖြစ် ရွေးချယ်ခန့်အပ်ပါတယ်။

ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြုကော်မတီမှာ သက်ဆိုင်ရာကျေးရွာ ကော်မ တီဉက္ကဌများဖြင့် ဖွဲ့စည်းထားပြီး အနည်းဆုံး ကော်မတီဝင် (၆)ဦးရှိရန် လိုအပ်ပါတယ်။ ၎င်း တို့အနက်မှ (၃)ဦးအား ဘဏ္ဍာရေးဆပ်ကော်မတီအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး အနည်း ဆုံး အမျိုးသမီး (၁)ဦး ပါဝင်စေရပါမယ်။ ကျေးရွာအုပ်စုဝေဖန်အကြံပြုချက် ဖြေရှင်းရေးကော် မတီအား ကျေးရွာအကြံပြုချက်ဖြေရှင်းရေး ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာ အုပ်စု စီမံကိန်းအထောက်အကူပြုကော်မတီနှင့် ဆက်စပ်မှုမရှိသော လွတ်လပ်တဲ့ ကော်မတီ ဖြစ်ပါတယ်။

လူထုကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်း (VDP)

ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲထားမှုမရှိသေးသော (သို့မဟုတ်) ပြည့်စုံမှုမရှိသေးပါက စည်းရုံးရေးမှူးသည် အဖွဲ့ငယ်များခွဲ၍ ရပ်မိရပ်ဖ၊ အမျိုးသားအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ် အဖွဲ့၊ တိုင်းရင်းသားအဖွဲ့၊ ကော်မတီဝင်များအဖွဲ့ စသည် လူထုပူးပေါင်းပါဝင်သော ဆန်းစစ်မှု များပြုလုပ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲပြီး ဉီးစားပေးလုပ်ငန်းများ ရွေးချယ်ပါတယ်။ စီမံကိန်းလုပ်ငန်းခွဲများ ဖော်ထုတ်ရာတွင် အကျုံးဝင်သောစီမံကိန်းလုပ်ငန်းများအပြင် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကဲ့သို့သော အခြားလုပ်ငန်းများကိုလည်း ဖော်ထုတ်ရမှာဖြစ်ပါတယ်။

#ဆောင်ရွက်ခွင့်ရှိသော/အကျုံးဝင်သောလုပ်ငန်းများ

ကျေးလက်လမ်း/ တံတားများ၊ ပညာရေးနှင့် ကျန်းမာရေးအဆောက်အဦများ၊ ကျေး လက်ရေပေးရေးနှင့် မီးလင်းရေးလုပ်ငန်းများ၊ အများပြည်သူနှင့်ဆိုင်သောနေရာများ၊ ကျေးရွာ ဈေးများ၊ ဆည်မြောင်းငယ်များ(<၂၅ ဟက်တာ)၊ ကျန်းမာသန့်ရှင်းရေးလုပ်ငန်းများနှင့် ဆိပ်ခံ တံတားများ ပြန်လည်ပြုပြင်ခြင်းနှင့် အသေးစားတိုးချဲ့ခြင်းများမှာ အကျုံးဝင်သော စီမံကိန်း လုပ်ငန်းများ ဖြစ်ပါတယ်။

#ဆောင်ရွက်ခွင့်မရှိသော/အကျုံးမဝင်သောလုပ်ငန်းများ

ကျေးရွာအုပ်စုဖွံ့ဖြိုးရေးစီမံချက်တွင် မပါဝင်သောလုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးသူများ နှင့် အပယ်ခံအုပ်စုများကို ချန်လှပ်ထားသော လုပ်ငန်းများ၊ ကျား/မ တန်းတူလုပ်အားခ ပေး ချေမှုမရှိသောလုပ်ငန်းများ၊ ရွာသားများနေရာပြောင်းရွှေ့ရန် လိုအပ်သောလုပ်ငန်းများ၊ ကမ္ဘာ့ ဘဏ်နှင့် အစိုးရ၏ထောက်ပံ့ငွေဖြင့် လျော်ကြေးပေးရန် လိုအပ်သောလုပ်ငန်းများ၊ ကိုယ်ပိုင် ကုန်ပစ္စည်းများနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများအတွက် ငွေကြေး ထောက်ပံ့ထားသော လုပ်ငန်းများ၊ အစိုးရရုံးများနှင့် ဘာသာရေးအဆောက်အအုံများ တည် ဆောက်ခြင်း၊ နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီ မှုမရှိသော လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်(သို့မဟုတ်)လူမှုဆိုးကျိုးများ ဖြစ်ပေါ်စေနိုင် သောလုပ်ငန်းများ၊ ကလေးလုပ်သားအသုံးပြုသည့် လုပ်ငန်းများ၊ အဓမ္မအလုပ်စေခိုင်းသော လုပ်ငန်းများ၊ ဆည်တာတမံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်း မှုပြုထားသော သစ်တောဧရိယာများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ စသည့်လုပ်ငန်းများ မှာ အကျုံးမဝင်သော စီမံကိန်းလုပ်ငန်းများ ဖြစ်ပါတယ်။

#ကျေးရွာအုပ်စုဖွံ့ဖြိုးရေးစီမံကိန်းများ

ကျေးရွာများမှ ရေးဆွဲသော ဖွံ့ဖြိုးရေးစီမံကိန်းများကို ကျေးရွာအုပ်စုစီမံကိန်းအထောက် အကူပြုကော်မတီက စုစည်းဆန်းစစ်ပြီး ရရှိမည့်ရန်ပုံငွေ၊ ကျေးရွာလိုအပ်ချက်နှင့် နှိုင်းချိန်၍ ကျေးရွာအုပ်စုဦးစားပေးစီမံကိန်းကို ရေးဆွဲကာ မြို့နယ်စီမံကိန်းရုံးမှတဆင့် မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီသို့ ပေးပို့အတည်ပြုချက် ရယူပါတယ်။ အတည်ပြုသည့်လုပ်ငန်းခွဲများကို တတိယအကြိမ်ကျေးရွာအစည်းအဝေးများ ခေါ်ယူ၍ ကျေး ရွာလူထုကို ချပြဆွေးနွေးပါတယ်။ ကျေးရွာအုပ်စုဖွံ့ဖြိုးရေးစီမံကိန်းတွင် အမျိုးသမီးများက တင်ပြသော စီမံကိန်းလုပ်ငန်းခွဲ အနည်းဆုံးတစ်ခု နှစ်စဉ်ပါရှိရမှာ ဖြစ်ပါတယ်။ စီမံကိန်း တစ်နှစ် ပြီးဆုံးချိန်တွင် ကျေးရွာ/ကျေးရွာ အုပ်စုဖွံ့ဖြိုးရေးစီမံကိန်းများကို ပြန်လည်သုံးသပ် ပြီး နောက်နှစ်စီမံကိန်းတွင် ပြင်ဆင်ရေးဆွဲနိုင်ပါတယ်။ ကျေးရွာတိုင်းက ကိုယ့်ရွာအတွက် လိုချင်ကြသော်လည်း စီမံကိန်းက လုပ်ငန်းရွေးချယ်တဲ့အခါ ပိုလိုအပ်တာကို ဦးစားပေးဖို့နှင့် မျှမျှတတဆုံးဖြတ်ဖို့ လေ့ကျင့်ပေးပါတယ်။

#ကျေးရွာအုပ်စုလူဦးရေအလိုက်ရန်ပုံငွေခွဲဝေမှု

(၁)ရွာမှ (၅)ရွာရှိပြီး လူဦးရေ (၁၅၀၀) ရှိတဲ့ ကျေးရွာအုပ်စုဆို ငွေကျပ် (၂၄)သန်း၊ (၆)ရွာမှ (၁၀)ရွာရှိပြီး လူဦးရေ(၁၅၀၀) ရှိတဲ့ ကျေးရွာအုပ်စုဆို ငွေကျပ် (၃၅)သန်း၊ လူဦးရေ ၁၅၀၁ မှ ၃၀၀၀ ရှိသော ကျေးရွာ (၅) ရွာအထိ ငွေကျပ် (၃၅)သန်း၊ (၆)ရွာမှ (၁၀)ရွာအထိ ငွေကျပ် (၄၀)သန်း၊ (၁၁)ရွာနှင့်အထက်ကို (၅၅)သန်း၊ လူဦးရေ ၃၀၀၁ မှ ၅၀၀၀ ရှိသော ကျေးရွာ (၁၀)ရွာအထိ ငွေကျပ် (၅၅)သန်း၊ (၁၁) ရွာ နှင့်အထက် ငွေကျပ် (၇၅)သန်း၊ လူဦးရေ ၅၀၀၁ မှ ၉၀၀၀ ရှိသော ကျေးရွာ (၂၀)ရွာအထိ ငွေကျပ် (၈၀)သန်း၊ (၂၁) ရွာနှင့်အထက်ကို ငွေကျပ် (၉၀)သန်း၊ လူဦးရေ ၉၀၀၁ မှ ၁၃၀၀၀ ရှိသော ကျေးရွာ (၂၀)ရွာအထိ ငွေကျပ် (၁၃၀)သန်း၊ (၂၁) ရွာနှင့်အထက်ကို ငွေကျပ် (၁၆၅) သန်း၊ လူဦးရေ ၁၃၀၀၀ အထက် (၂၀)ရွာအထိ ငွေကျပ် (၁၆၅)သန်း၊ (၂၁) ရွာနှင့် အထက်ကို ငွေကျပ် (၂၂၀) သန်း စသည်ဖြင့် သတ်မှတ်ခွဲဝေဆောင်ရွက်ခဲ့ပါတယ်။

#ဘဏ်စာရင်းဖွင့်လှစ်ခြင်း

သက်ဆိုင်ရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကျေးရွာအုပ်စုကော်မတီမှ ငွေစာရင်း ရှင် ဖွင့်လှစ်ရပြီး ပြည်ထောင်စုအဆင့်စီမံကိန်းရုံး၏ ဘဏ်စာရင်းများမှ ကျေးရွာအုပ်စုဘဏ် စာရင်းသို့ ရန်ပုံငွေ တိုက်ရိုက်လွှဲပြောင်းပါတယ်။ ငွေထုတ်ယူရာတွင် ကျေးရွာအုပ်စုကော်မ တီမှ (၂)ဦး ပူးတွဲလက်မှတ်ရေးထိုးရပြီး ငွေထုတ်ယူရမည့် အကြိမ်ရေ/ပမာဏ ကန့်သတ်မှု မရှိပါ။ ကျွန်တော်တို့ နိုင်ငံမှာအစိုးရဌာနဆိုင်ရာများရဲ့ စီမံကိန်းတွေဟာ ဌာနဆိုင်ရာ ဘဏ် စာရင်းသာ ရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်တဲ့ လူထု အခြေပြု စီမံကိန်းများဖြစ်တဲ့ လူထုဗဟိုပြုစီမံကိန်း (CDD)၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းများဟာ ကျေးရွာအဆင့် ဘဏ်အကောင့်များ ထားရှိဆောင်ရွက် တာ ဖြစ်ပါတယ်။

#စီမံကိန်းအကောင်အထည်ဖော်ခြင်း

ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများကို ကျေးရွာသူ/သားများကိုယ်တိုင် လူထုပူးပေါင်းပါဝင် သော နည်းလမ်းများဖြင့် အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း များ လုပ်ဆောင်ပြီး မြို့နယ်နည်းပညာအဖွဲ့မှ စီမံကိန်းလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ကူညီ ပံ့ပိုးပေးပါတယ်။

#ဝယ်ယူရေးလုပ်ငန်းစဉ်များ

ကျေးရွာဝယ်ယူရေးဆပ်ကော်မတီသည် သက်ဆိုင်ရာအင်ဂျင်နီယာ၊ စည်းရုံးရေးမှူး တို့၏ အကြံပေးမှုဖြင့် ဆောင်ရွက်ရပါတယ်။ ဝယ်ယူရေးကော်မတီသည် ပစ္စည်းများ ဝယ်ယူ ခြင်း၊ ကန်ထရိုက်တာ/ လုပ်သားငှားရမ်းခြင်းနှင့် လုပ်အားခပေးချေခြင်းတို့ကို ဆောင်ရွက် ရပြီး ပစ္စည်းအနေဖြင့် အနည်းဆုံးဆိုင်(၃)ဆိုင်မှ ဈေးနှုန်းအဆိုပြုလွှာရယူရပါတယ်။ လုပ် သားအနေဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်မည်လား(သို့) ကန်ထရိုက်ငှားရမ်း ဆောင်ရွက်မည်လားကို ကျေးရွာလူထုနှင့် ဆွေးနွေးတိုင်ပင်ပြီး ကန်ထရိုက်တာ ငှားရမ်း ဆောင်ရွက်မည်ဆိုပါက အနည်းဆုံးအဖွဲ့(၃)ဖွဲ့ အဆိုပြုလွှာရယူပြီးရွေးချယ်ရန်နှင့် အထောက် အထား စာရွက်စာတမ်းများကို ကြော်ငြာသင်ပုန်းမှာ ကပ်ပေးရပါမယ်။

#ကျေးရွာလူထုကိုယ်တိုင်စောင့်ကြည့်စစ်ဆေးခြင်း

စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများ စောင့်ကြည့်ကြီးကြပ်ခြင်းကို ကျေးရွာလူထုကိုယ်တိုင်ကပင် ဆောင်ရွက်သည့်နည်းစနစ်ဖြစ်ပြီး ကျေးရွာစောင့်ကြည့်ကြီးကြပ်ရေးဆပ်ကော်မတီသည် ပစ္စည်းရောက်ရှိအသုံးပြုမှု၊ လုပ်သား များ လုပ်ငန်းဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ်၊ ကျား/မ တန်းတူ ညီ မျှစွာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့် လုပ်အားခပေးချေမှုတို့ကို စောင့်ကြည့်ကြီးကြပ်ပါ တယ်။

#လုပ်ငန်းလည်ပတ်ရေးနှင့်ပြုပြင်ထိန်းသိမ်းရေး

ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ပိုင်ဆိုင်မှုဆိုင်ရာ အသိစိတ်ဓါတ်များ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာလူထု တာဝန်ယူစိတ် တာဝန်ခံစိတ်များ ဖြစ် ပေါ်လာစေရန်၊ ကျေးရွာလူထုပူးပေါင်းဆောင်ရွက်မှု အလေ့အထများရရှိစေရန်၊ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက အစိုးရဌာနများ၊ အခြားအဖွဲ့အစည်းများ၏ အကူအညီ ရယူ ပြီး ပြင်ဆင်ထိန်းသိမ်းမှုများဆောင်ရွက်နိုင်စေရန် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးစီမံချက်ကို ရေးဆွဲပါတယ်။ လုပ်ငန်းခွဲတစ်ခုချင်းအလိုက် ပျက်စီးနိုင်သည့်လုပ်ငန်းများ၊ ပြင်/ထိန်း ဆောင်ရွက်မည့်သူ (ရွာလူထု/အစိုးရဌာန)၊ ရန်ပုံငွေရရှိ/သုံးစွဲမည့်အစီအစဉ်၊ လုပ်ငန်းဆောင် ရွက်မည့် အစီအစဉ်များကို (၄) နှစ်စာ အသေးစိတ် စီမံချက် ရေးဆွဲဆောင်ရွက်ပါတယ်။

#သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာအကာအကွယ်

စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် သဘာဝ/ လူမှုပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ ကြိုတင်စစ်ဆေးနိုင်စေရန်၊ ဖြစ်ပေါ်လာနိုင်သော သဘာဝ/ လူမှုပတ်ဝန်းကျင် ထိခိုက် မှုများကို လျှော့ချနိုင်စေရန် အကာအကွယ်များ ထည့်သွင်းဆောင်ရွက်ထားရှိပါတယ်။

“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်များ” အနေဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာလိုက်နာရန်ကျင့်ဝတ်များ/ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုအရင်း အမြစ်များ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ပါတယ်။

“လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်များ”အနေဖြင့် မြေသိမ်းတာ မလုပ်ဘဲ ဆန္ဒအလျောက် မြေယာလှူဒါန်းခြင်း၊ တိုင်းရင်းသားလူမျိုးစုငယ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီးများ ထိခိုက်လွယ်အုပ်စုများ ဆုံးဖြတ်ချက်ချမှတ်ခွင့်ရရှိစေခြင်းနှင့် လွတ်လပ်သော အကြံပေးမှုများ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှု မဆုံးရှုံးစေခြင်း၊ ရွှေ့ပြောင်းပေးရမှု မရှိ စေခြင်းနှင့် မလွှဲမရှောင်သာ ရွှေ့ပြောင်းစေရပါက ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးတို့ ဖြစ်စေ ရန် စီမံဆောင်ရွက်ပါတယ်။

#ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေး

စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိ စေရန်နှင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် အတွက် ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးစနစ်ကို ထည့်သွင်းဆောင်ရွက်ထားရှိပါတယ်။ ကျေးလက်လူထုအတွင်းမှ မကျေနပ်ချက်/ ဝေဖန်အကြံပြုချက်များကို ကျေးရွာနှင့် အုပ်စု ကော်မတီများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သို့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ၊ email ဖြင့်ဖြစ်စေ၊ အခြားသင့်တော်ရာနည်းလမ်းဖြင့်ဖြစ်စေ အကြံပြု/ တိုင်ကြား/ ဆွေးနွေးနိုင်သော စနစ်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ ယခု လက်ရှိအချိန်ထိ အကြံပြုချက်ပေါင်း (၃၀၀၅၅)ခု လက်ခံရရှိခဲ့ပြီး (၃၀၀၅၅)ခု (၁၀၀)% ဖြေ ရှင်းပြီး ဖြစ်ပါတယ်။

#ကျား/မတန်းတူညီမျှရေး

ကျား/မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်မှာ စီမံ ကိန်းရဲ့ ရည်ရွယ်ချက်တစ်ရပ်ဖြစ်ပြီး အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများ အများအပြား ပါဝင်ပါတယ်။ ကော်မတီဝင် ၅၀% ဟာ အမျိုးသမီးများ ဖြစ်ရမယ်။ ဆပ်ကော် မတီတိုင်းမှာ အနည်းဆုံး အမျိုးသမီးတစ်ဦး ပါဝင်ရမယ်။ တူညီသောအလုပ်အတွက် တူညီ သော လုပ်အားခကို ပေးချေရမယ်။ စီမံကိန်းလုပ်ငန်းစဉ်တိုင်း ကျား/မ တန်းတူ ညီမျှရေးကို ထည့်သွင်းစဉ်းစားရပါမယ်။ လက်ရှိအချိန်အထိ စီမံကိန်းတွင် အမျိုးသမီးပူးပေါင်းပါဝင်မှုမှာ ရာခိုင်နှုန်းအားဖြင့် ကော်မတီတွင် ၅၀%၊ သင်တန်းရရှိသူ အမျိုးသမီးဦးရေအနေဖြင့် ပြည် နယ်/ တိုင်းဒေသကြီးတွင် ၄၂%၊ မြို့နယ်တွင် ၄၈%၊ ကျေးရွာအဆင့်တွင် ၄၉%၊ အလုပ်အကိုင် အခွင့်အလမ်းရရှိသူ အမျိုးသမီးအနေဖြင့် ၄၂% ပါဝင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

#သတင်းဆက်သွယ်ပြန်ကြားရေး

စီမံကိန်းအကြောင်းအရာများအား ကျေးရွာလူထုပိုမိုသိရှိနိုင်ရန်၊ အားလုံးတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် စီမံကိန်းအချက်အလက်များကို အများပြည်သူသိရှိနိုင်စေရန် သတင်းအချက်အလက်ပြန်ကြားရေးစနစ်ကို ထည့်သွင်းဆောင်ရွက်ထားရှိပါတယ်။ စီမံကိန်း အကြောင်းအရာများအား အင်တာနက်စာမျက်နှာ၊ လူမှုကွန်ယက်၊ မီဒီယာတို့တွင် ထုတ်ပြန် ခြင်း၊ သက်ဆိုင်သူများမှတစ်ဆင့် စီမံကိန်းအကြောင်း ထပ်ဆင့်မျှဝေခြင်း၊ စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကြော်ငြာသင်ပုန်းများ/ ကျေးရွာအစည်းအဝေးများတွင် ချပြရှင်းလင်းခြင်း၊ စီမံကိန်းအချက်အလက်ပြပွဲများကျင်းပခြင်း၊ စီမံကိန်းများအချင်းချင်း၊ ဌာနများအချင်းချင်းကြား ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် Information Technology အသုံး ပြု၍ ဆက်သွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ပါတယ်။

#တိုင်းရင်းသားဘာသာစကား (၁၇) မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထား

လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သော မြို့နယ် (၆၃)မြို့နယ် အနက်(၁၈)မြို့နယ်သည် တိုင်းရင်းသားလူမျိုးစု အများစုနေထိုင်လျက်ရှိသောကြောင့် စီမံ ကိန်းမှ ဖြန့်ဝေသော ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဝေဖန်အကြံပြုစာအိတ်နှင့် စီမံ ကိန်းလက်စွဲအကျဉ်းတို့ကို တိုင်းရင်းသားဘာသာ (၁၇)မျိုးဖြင့် ဘာသာပြန်ဆို ဖြန့်ဝေ ဆောင် ရွက်ထားရှိပါတယ်။

#သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်ကိစ္စရပ်များ

ကျေးရွာဖွံ့ဖြိုးရေးစီမံချက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအား ကြို တင် စဉ်းစားထည့်သွင်းရေးဆွဲထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာသင်တန်းများ၊ အသိ ပညာပေးခြင်းများ ဆောင်ရွက်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စီမံကိန်းမြို့နယ်များတွင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခြင်း များ ရှိခဲ့ပါက ထိုပျက်စီးမှုအတွက် ရံပုံငွေထောက်ပံ့ပေးပါတယ်။ လက်ရှိအချိန်အထိ စီမံကိန်း မြို့နယ်(၃၀)တွင် သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် လုပ်ငန်းခွဲ(၂၉၄)ခုအတွက် ရန်ပုံငွေ (၁၁၁၂.၁၃) ကျပ်သန်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

#စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု

စီမံကိန်းဆိုင်ရာ အချက်အလက်များအရ (၃၀-၁၁-၂၀၂၁)ရက်နေ့အထိ စီမံကိန်းမြို့ နယ်ပေါင်း (၆၃) မြို့နယ်၊ အကျိုးပြုလူဦးရေ (၇.၅၄၁) သန်း၊ စီမံကိန်းလုပ်ငန်းခွဲပေါင်း (၃၇၈၂၅) ခု၊ အမျိုးသမီးပါဝင်မှု (၅၁.၅၆)%၊ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်ရေးဆွဲရာတွင် ကျေးရွာလူထု ပူးပေါင်းပါဝင်မှု (၆၁.၈၄)%၊ စီမံကိန်းအပေါ် ကျေးရွာလူထု၏ကျေနပ်မှု (၉၄.၀၁)%၊ ဝေဖန်အကြံပြုဖြေရှင်းမှု (၁၀၀)%၊ လူထုလုပ်အားခပေးချေနိုင်မှု (၅၃.၈၉) ဘီလီ ယံနှင့် လုပ်သားအလုပ်လုပ်ရက် (၈.၆၆) သန်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။

#၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ လူထုဗဟိုပြုစီမံကိန်း

အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုမှာ လုပ်ငန်းခွဲစုစုပေါင်း ၃၇,၈၂၅ ခုတွင် လမ်းတံတား ၂၀,၆၅၂ ခု၊ ရေပေးရေး ၄,၃၁၀ ခု၊ မီးလင်းရေး ၃,၃၄၆ ခု၊ ပညာရေးအဆောက်အဦ ၅,၂၀၆၊ ကျန်းမာရေးအဆောက်အဦ ၁၄၈ ခု၊ ကျေးရွာအဆောက်အဦ ၂၆၃၂ ခု၊ စာကြည့်တိုက်နှင့်ဈေး ၁၈၈ ခုနှင့် ကျန်းမာသန့်ရှင်းရေး နှင့် အခြားလုပ်ငန်းပေါင်း ၁၃၄၃ ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ လူထုဗဟိုပြုစီမံကိန်း စွမ်းဆောင်ရည် သင်တန်းများအား ပြည်ထောင်စုအဆင့်တွင် (၁၇၄) ကြိမ်၊ မြို့နယ်အဆင့်တွင် (၁၈၅၇)ကြိမ် နှင့် ကျေးရွာအဆင့်တွင် (၃၃၉၃၅) ကြိမ်၊ သင်တန်းအကြိမ်ရေပေါင်း (၃၅၉၆၆) ကြိမ်တို့ကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

#ရန်ပုံငွေသုံးစွဲမှု

လူထုဗဟိုပြုစီမံကိန်းအနေဖြင့် စီမံကိန်းစတင်ချိန်မှ (၃၁-၁၀-၂၀၂၁)ရက်နေ့အထိ ချေး ငွေ/ ထောက်ပံ့ငွေအလိုက် ရန်ပုံငွေသုံးစွဲမှုမှာ ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေမှ USD(၂၆၆.၉)သန်း၊ ကမ္ဘာ့ဘဏ်ချေးငွေမှ USD(၇၄)သန်း၊ အီတလီအစိုးရထောက်ပံ့ငွေမှ USD(၃.၁)သန်း၊ အီတလီ အစိုးရချေးငွေမှ ယူရို(၁၅.၁)သန်း၊ DFID ထောက်ပံ့ငွေမှ USD(၃)သန်း၊ မြန်မာနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေ (၂၈၁၇၃.၉)ကျပ်သန်းရှိပြီး စုစုပေါင်း USD(၃၄၇)သန်း၊ ယူရို (၁၅.၁) သန်းနှင့် မြန်မာနိုင်ငံအစိုးရ ထောက်ပံ့ငွေကျပ်(၂၈၁၇၃.၉)သန်းတို့ဖြင့် စီမံကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းမှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၃၇၈၂၅)ခု အပေါ်တွင် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ (Community Contribution)မှာ ကျပ် (၂၁၁၀၅)သန်း ရှိပါတယ်။

#စီမံကိန်းအကျိုးရလဒ်များ

ကျေးရွာလူထုအနေဖြင့် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည့်အပြင် အလုပ် အကိုင်အခွင့်အလမ်းများလည်း ရရှိလာခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် တန်းတူ စုပေါင်း ပါဝင်ခွင့်ရရှိခြင်း၊ လူတန်းစားမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး ပါဝင်ဆောင်ရွက်ခွင့် ရရှိခြင်း၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ တာဝန်ယူ သည့် အလေ့အထများ တိုးပွားလာခြင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်တတ်လာခြင်း၊ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ အတွေ့အကြုံနှင့် နည်းပညာများ ပိုမို သိရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

#နည်းပညာစစ်ဆေးခြင်းနှင့်စာရင်းစစ်ဆေးခြင်း

နှစ်စဉ်စာရင်းစစ်ဆေးခြင်းကို ဌာနတွင်းစစ်ဆေးခြင်းနှင့် စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေး ခြင်းတို့ ဆောင်ရွက်ပြီး တွေ့ရှိချက်များကို ကမ္ဘာ့ဘဏ်သို့ ပေးပို့ရပါတယ်။ လူထုဗဟိုပြုစီမံကိန်း (CDD) Website တွင်လည်း ပွင့်လင်းမြင်သာမှုရှိစွာ တင်ပြရပါတယ်။ နည်းပညာစစ်ဆေးခြင်း ကို Internal QC အပြင် တတိယအဖွဲ့အစည်းမှ ပြင်ပပညာရှင်များ ငှားရမ်းပြီး ဌာနမှ စီမံကိန်း တွင် မပါဝင်သော အင်ဂျင်နီယာများဖြင့် စုဖွဲ့စစ်ဆေးအစီရင်ခံရပါတယ်။ လိုအပ်ချက်တွေကို နှစ်စဉ်ပြုပြင် ဆောင်ရွက်ပါတယ်။

#နှစ်စဉ်သုံးသပ်ခြင်း

ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းတစ်ခုလုံးရဲ့ ဆောင်ရွက်ချက်များကို နှစ်စဉ်မြို့နယ် အဆင့်မှ ပြည်ထောင်စုအဆင့်အထိ သုံးသပ်ပွဲများ၊ Forum များ ကျင်းပပြုလုပ်ပြီး အားနည်း ချက်/ အားသာချက်များ ဖော်ထုတ်ပါတယ်။ ပြုပြင်ရန်ရှိသည်များကို ပြင်ဆင်ရေးဆွဲပြီး ဆောင်ရွက်ပါတယ်။ ဆုပေးစနစ်များ လည်းလုပ်ပါတယ်။ ဆုရကျေးရွာများကို ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင် ဆုပေးဆောင်ရွက်ခဲ့ပါတယ်။ နှစ်စဉ်သုံးသပ်ခြင်းဟာ ကောင်းမွန်သော လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

#လူထုအခြေပြုဖွံ့ဖြိုးရေး၏အနှစ်သာရ(သို့)ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်

ဒေသရဲ့လိုအပ်ချက်များကို ဒေသခံပြည်သူများ ကိုယ်တိုင်ဖော်ထုတ်၊ စီမံချက်ရေးဆွဲ၊ ကိုယ်တိုင်အကောင်အထည်ဖော်၊ ကိုယ်တိုင်ကြီးကြပ်/ စိစစ်အကဲဖြတ်ခြင်း၊ ကိုယ်တိုင်တာဝန် ယူ တာဝန်ခံခြင်း၊ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ပြုခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင် ခြင်းမှာ စီမံကိန်းရဲ့အနှစ်သာရပဲ ဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော လူထုအခြေပြုကျေးလက်ဖွံ့ဖြိုးရေး ချဉ်းကပ်မှုနည်းလမ်းသည် လူထု၏ အသိပညာ(Capacity)နှင့် စွမ်းရည်(Capability)တို့ကို မြှင့်တင်ပေး၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူများကိုယ်တိုင် ဆောင်ရွက်နိုင်အောင် လေ့ကျင့် သင်ကြားပေးခြင်း၊ ပြည်သူများမှ ပါဝင်ခွင့်နှင့် ဆုံးဖြတ်ခွင့် အခွင့်အလမ်း ပေးထားခြင်း ဖြစ်ပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်း၊ လူထုမှဆန်းစစ်ခံနိုင်ခြင်း၊ လူမှုနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စီမံဆောင် ရွက်ခြင်း၊ ကျား/မတန်းတူညီမျှမှုရှိစေရေး လေ့ကျင့်ပေးခြင်း၊ လူနည်းစုများကို မချန်ထားဘဲ အကျိုးရှိစေခြင်း ဖြစ်ပါတယ်။ တစ်နည်းဆိုသော် လူထုအခြေပြုစီမံကိန်းများသည် ဖွံ့ဖြိုးရေးမှသည် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ် များကို တည်ဆောက်ပေးနေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ခန့်ဇော်(ကျေးလက်)