လှပသောကျေးရွာနှင့် ခေတ်မီစံပြကျေးရွာ
လှပသောကျေးရွာနှင့် ခေတ်မီစံပြကျေးရွာ
Ministry of Cooperatives and Rural Development | Jan 14, 2025
စာရေးသူအနေဖြင့် (၂၉.၁၀.၂၀၂၄)ရက်နေ့ မှ (၁.၁၁.၂၀၂၄)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သလို တရုတ်နိုင်ငံအပါအဝင် ဖိုရမ်တက်ရောက်လာတဲ့ (၁၁) နိုင်ငံရဲ့ဆောင်ရွက်ချက်များကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ အထောက် အပံ့နဲ့ ကျေးရွာအဆင့်ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ မင်းပြင်စံပြကျေးရွာတွင် ရှေ့ပြေး စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီမံကိန်း အောင်မြင်စွာပြီးစီးခဲ့ပါတယ်။
ဒီစီမံကိန်းဒီဇိုင်း အတွေ့အကြုံကိုယူပြီး ခေတ်မီစံပြကျေးရွာ (SMART VILLAGE) စီမံကိန်းကို ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ မြို့နယ်ပေါင်း (၁၀၄)မြို့နယ်၊ စုစုပေါင်း (၁၂၈)ရွာ ဆောင်ရွက်နိုင်နေပြီဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ မိသားစုဝင်ငွေတိုးပွားရေး တစ်ခုတည်းသာ မဟုတ်ဘဲ အစိုးရ က ပေးရမယ့် အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ လမ်း၊ ရေ၊ မီး တို့အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အဦ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးရန်လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှု၊ သဘာဝဘေး အန္တရာယ်စတာတွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရပါတယ်။
SMART VILLAGE အတွက် ဒီဇိုင်းလုပ်တော့ ဘက်စုံ၊ ကဏ္ဍစုံလိုအပ်ချက်များ ဖော်ထုတ်၍ (၅)နှစ် စီမံကိန်းလျာထားပြီး လိုအပ်ချက်များကို ပြည်ထောင်စုဘတ်ဂျက်/ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်တို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန်စဉ်းစားခဲ့ပါတယ်။ ဌာနတစ်ခုတည်း အကောင်အထည်ဖော်တာ မဟုတ်ဘဲ၊ ဝန်ကြီးဌာနအားလုံးက မိမိတို့ဌာနနဲ့ဆိုင်တာအားလုံးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တဲ့ဒီဇိုင်း ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။
ခေတ်မီစံပြကျေးရွာစီမံကိန်းရဲ့အဓိကလုပ်ငန်းများကတော့-
(က) ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး။ ကျေးရွာချင်းဆက်လမ်း၊ ကျေးရွာတွင်းလမ်း၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအဆောက်အအုံများ၊ ကျေးရွာ ခန်းမများ၊ စာကြည့်တိုက်များ၊ စိုက်ပျိုးရေရရှိရေး ဆည်မြောင်းတမံပြုပြင် မွမ်းမံခြင်းများ၊ စိုက်ပျိုးရေဆိုလာစနစ် တပ်ဆင်ပေးခြင်း၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံတည်ဆောက် ခြင်းများ၊ စနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်းများနဲ့ မီးသင်္ဂြိုလ်စက် တည်ဆောက် ပြု ပြင်ခြင်းများ ဆောင်ရွက်ပါတယ်၊
( ခ ) သွင်းအားစုနှင့် ငွေးကြေးဝန်ဆောင်မှုကဏ္ဍ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများအတွက် အရင်းအနှီးရရှိစေရေး၊ ကျေးရွာ မတည်ရန်ပုံငွေ ထူထောင် ပေးခြင်း၊ သွင်းအားစုများထောက်ပံ့ခြင်း၊ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ငွေကြေး ဝန်ဆောင်မှုတွင် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ပေးခြင်း၊ Digital Service ၊ Digital Payment စနစ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်၊
( ဂ ) ကျေးရွာအသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးမြင့်မားရေးကဏ္ဍ။ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ၊ အိမ်တွင်းမှုလက်မှုပညာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စားသောက်ကုန်/ လူသုံးကုန်အတွက် Value Added ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးလုပ်ငန်းများ၊ စက်မှုလယ်ယာအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်အချက်အလက် စုဆောင်းခြင်းနှင့် ဈေးကွက် ချိတ် ဆက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပါတယ်။
(ဃ) အသင်းအဖွဲ့များခိုင်မာအားကောင်းစေရေးကဏ္ဍ။ ကျေးရွာသမဝါယမအသင်းများ၊ စိတ်တူ ကိုယ်တူ(Self-Help groups-SHG)အဖွဲ့များ ထူထောင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး အသိပညာပေး အမြင်ဖွင့် သင်တန်းများပို့ချခြင်း၊ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြန်လှန် လေ့လာရေးအစီအစဉ်များ ဆောင်ရွက်ခြင်းများ ပါဝင်ပါတယ်။
( င ) လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ။ ထိခိုက်လွယ်အုပ်စုများအတွက် Cash for Work အစီအစဉ်များ ဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးခြင်း၊ ကျား-မရေးရာအသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီး ရွယ်အိုများအားငွေကြေးထောက်ပံ့ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြည်သူ လူထု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးပါတယ်။
( စ ) သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကဏ္ဍ။ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်း၊ အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်း၊ ကျေးရွာတွင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြေသာယာ လှပရေးဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာ ပေးခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို SMART Village စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ထားရှိပါတယ်။
ဖိုရမ်မှာ Liaoning Universityမှ ဥက္ကဌဖြစ်သူ Professor Yu Miaojie က တရုတ်နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှသည် ခေတ်မီလှပသောကျေးရွာများထူထောင်ခြင်းခေါင်းစဉ်ကို Power-Point ဖြင့် ရှင်းလင်းတင်ပြပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ခေတ်မီ လှပသောကျေးရွာတည်ဆောက်ခဲ့တဲ့လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာခွင့်ရရှိခဲ့ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ခေတ်မီလှပသောကျေးရွာတည်ဆောက်ခြင်း
(၁) နေထိုင်စရာပတ်ဝန်းကျင်ကောင်းဖန်တီးခြင်း။ ယင်လုံအိမ်သာသုံးစွဲမှုစနစ်ကို တိုးမြှင့် ဆောင် ရွက်ခဲ့ရာ ကျေးလက်ယင်လုံအိမ်သာ သုံးစွဲမှုနှုန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ၇၀%ကျော်လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်ခြင်း၊ သူနာပြုဦးရေ(၁.၅)သန်းခန့်ရှိသည့် မြို့နယ်ကျန်းမာရေး စင်တာပေါင်း (၃၃,၉၁၇)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အနည်းဆုံးရှိရမည့် လူမှုဖူလုံမှုအဆင့် ရရှိသည့်ကျေးလက်နေလူဦးရေ ၃၃.၄၉၆ သန်းရှိ၍ စုစုပေါင်းယွမ် ၁၄၆.၃၆ ဘီလီယံ ကျခံ သုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။
(၂) စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု။ စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာနှင့် အကြီးစားစက်ယန္တရားများအသုံးပြုနိုင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးသုံး စက်ယန္တရားများ၏ စွမ်းအင်အသုံးပြုမှု ၁.၁ ဘီလီယံ မဂ္ဂါဝပ်ကျော်ထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
(၃) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒစနစ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်အနေဖြင့် အိမ်သုံးဇီဝဓာတ်ငွေ့ဖိုပေါင်း ၁၅.၁၇ သန်းရှိပြီး ဇီဝဓာတ်ငွေ့စီမံကိန်းအရေအတွက် ၇ သောင်း ကျော်၊ ဆိုလာစွမ်းသုံးရေပူစက်များ တပ်ဆင်ထားရှိသည့် ဧရိယာသန်းပေါင်း ၇,၇၉၁.၈ စတုရန်းမီတာ၊ ဆိုလာစနစ်တပ်ဆင်ထားရှိသည့်အခန်းများ ဧရိယာသန်းပေါင်း ၁၃၉၇.၈ စတုရန်းမီတာနှင့် ဆိုလာစွမ်းအင်သုံးမီးဖိုပေါင်း ၈၀၁,၈၂၅ ခန့် ရှိလာခြင်း၊ ရေကြီးရေလျှံမှု လျော့ချနိုင်ခဲ့သည့်ဧရိယာ ဟတ်တာပေါင်း ၂.၄ သန်း၊ မြေဆီလွှာတိုက်စားမှု ထိန်းသိမ်းရေး ဧရိယာ ဟတ်တာပေါင်း ၁၅၆ သန်းခန့်ရှိပြီး တာတမံများ၏အရှည်သည် ကီလိုမီတာပေါင်း ၃၃၁,၀၀၀ နှင့် ကာကွယ်ထားရှိသည့်စိုက်ပျိုးမြေယာ ဟတ်တာပေါင်း ၄၁၉၇.၂ သန်းရှိ တယ်လို့ ဆိုပါတယ်။
ကျေးလက်ဒေသရှိ စက်မှုလက်မှုဆိုင်ရာမူဝါဒများဖြင့် သာယာလှပသော ကျေးရွာအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း
တရုတ်နိုင်ငံအနေဖြင့် အောက်ဖော်ပြပါစက်မှုလက်မှုဆိုင်ရာမူဝါဒများဖြင့် ကျေးရွာ သာယာလှပအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်-
(၁) စိုက်ပျိုးရေးကဏ္ဍတွင် စက်မှုစွမ်းအား ထွန်းကားရေး။ လုပ်သား၊ မြေယာ၊ အရင်းအနှီးနှင့် အခြားသောသွင်းအားစုအချက်များ ဖြည့်ဆည်းပေးခြင်း၊ ကျေးလက်ဒေသများတွင် ပြောင်း ရွှေ့ နေထိုင်လုပ်ကိုင်နိုင်ကြစေရန် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊
(၂) ဦးဆောင်အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်နိုင်ရန် ပံ့ပိုးခြင်း။ စိုက်ပျိုးရေးလုပ်ငန်းများ ပေါင်းစည်းဆောင်ရွက်သည့် စီမံကိန်းများတွင် ပါဝင်သော ဦးဆောင်အဖွဲ့အစည်းများကို စီမံကိန်းရန်ပုံငွေများအား ဦးစားပေးခွဲဝေပေးခြင်း။
(၃) ကျေးလက်ဒေသတည်ဆောက်ရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်အသုံးပြုခြင်း။ ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးဌာနပေါင်း (၈)ခုမှ “ခရိုင်၊ မြို့နယ်နှင့် ကျေးရွာ အီလက်ထရွန်နစ်ကူးသန်း ရောင်းဝယ်ရေးစနစ်(E-commerce)များနှင့် အမြန်ထောက်ပံ့ပို့ဆောင်ရေး/ ဖြန့်ဖြူးရေး စနစ်များကို ပေါင်းစည်း၍ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဆိုင်ရာကြေငြာချက်” ထုတ်ပြန် ခဲ့ခြင်း၊
(၄) ခေတ်မီစံပြစိုက်ပျိုးရေးစနစ်။ ခေတ်မီစံပြစိုက်ပျိုးရေးစနစ်ကို (၅)နှစ်စီမံကိန်း၏ အမှတ် စဉ် ၁၃ နှင့် ၁၄ တွင် ဖော်ပြထားပြီး ကျေးလက်ဒေသများ ပြန်လည်ထူထောင်မြှင့်တင်ရေး ဥပဒေမှာလည်း ထည့်သွင်းထားရှိခြင်း၊
(၅) ဒေသတွင်းကျေးလက်စက်မှုလုပ်ငန်းများ၏နှိုင်းရအားသာချက်။ ကျေးလက်ခရီးသွား လုပ်ငန်း၊ အနားယူအပန်းအဖြေစခန်းများနှင့် တွဲဘက်ထားသည့်စိုက်ပျိုးရေးလုပ်ငန်းတို့တွင် သရုပ်ပြဆောင်ရွက်မည့်ခရိုင်များအား ၂၀၁၀ ခုနှစ်ကတည်းက ကြေငြာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ“အနားယူအပန်းအဖြေစခန်းများနှင့် တွဲဘက် ထားသည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်ရေး လှုပ်ရှားမှု” ဆိုင်ရာ ကြေငြာချက်များကို ထုတ်ပြန်ခဲ့ခြင်း၊
(၆) ဒေသထွက်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကဏ္ဍ။ ၂၀၁၇ ခုနှစ်တွင် ဒေသအခြေအနေနှင့် လိုက်ဖက်ပြီး ထူးခြားမှုရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များ ဖွံ့ဖြိုးလာစေရန် စိုက်ပျိုးရေး ထုတ်ကုန်ဆိုင်ရာအားသာချက်ရှိသည့်ဒေသများ သတ်မှတ်တည်ထောင်ခဲ့ခြင်း၊
(၇) စက်မှုလုပ်ငန်းများပေါင်းစည်းရေးကဏ္ဍ။ အရည်အသွေးမြင့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ် လုပ်ပြီး ရောင်းဝယ်ဖောက်ကားခြင်း၊ စက်ရုံအလုပ်ရုံများ ပေါင်းစည်းလုပ်ကိုင်ခြင်း၊ စက်မှု လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပါတယ်။
ဝင်ငွေတိုးရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့်ချိတ်ဆက်ဆောင်ရွက်သင့်မှု
နိုင်ငံတိုင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ကြိုးစား ဆောင်ရွက်နေ ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်အစိုးရရဲ့တာဝန်နဲ့ နိုင်ငံသားတာဝန်ဆိုပြီး (၂)ပိုင်းရှိပါတယ်။ အစိုးရတာဝန်ကတော့ ဦးတည်ချက်၊ မျှော်မှန်းချက်တွေ ချမှတ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ အခြေခံအဆောက်အဦများ တည်ဆောက်ပေးခြင်းအပြင် နိုင်ငံသားတိုင်း ပညာ သင်ယူ ခွင့်ရအောင် ဆောင်ရွက်ပေးခြင်း စသည်တို့ဖြစ်ပြီး နိုင်ငံသားတာဝန်ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ဖို့နဲ့ စည်းလုံးညီညွတ်မှုရှိရှိ တာဝန်သိသိနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ပညာသင်ယူရမယ့်အရွယ်မှာ ပညာတတ်မြောက်အောင် သင်ယူကြဖို့ပဲဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ပညာတတ်မှ ၎င်းတို့ကိုယ်တိုင် အတွက်၊ ကိုယ့်မိသားစုအတွက်၊ စားဝတ်နေရေးအတွက် အလုပ်လုပ်နိုင်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားမှုမှတစ်ဆင့် နိုင်ငံစီးပွားမြင့်မားရေးဆီ ဦးတည်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံတော်အတွင်း နေထိုင်ကြတဲ့လူအားလုံးမှာ တာဝန်ရှိပါတယ်။
လုပ်ရမယ်ဆိုတဲ့အသိနဲ့ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံသားတိုင်း အမှား/အမှန် ခွဲခြား သိမြင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်သလို မိမိကိုယ်ကို ဖွံ့ဖြိုး တိုးတက်(Self-Development)ဖြစ်အောင် ကြိုးစားကြဖို့လည်း လိုအပ်ပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားမှ အစုအဖွဲ့အလိုက်၊ ရွာအလိုက်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ လုပ်နိုင်စွမ်းကို လုပ်သာကိုင်သာရှိမှု၊ လုပ်နိုင်အောင် ဖန်တီးပေးမှုတွေနဲ့ ပံ့ပိုးပေးဖို့ လိုပါတယ်။ အစိုးရများအနေနဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးအပါအဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်လာအောင်၊ လုပ်သာကိုင်သာရှိအောင် ဥပဒေ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေချမှတ်ထားရှိပြီး စီမံဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာ နဲ့တရုတ်နိုင်ငံရဲ့အတွေ့အကြုံတွေအရ မြန်မာနိုင်ငံမှာ ဆောင်ရွက်သင့်တဲ့လုပ်ငန်းတွေကတော့-
(က) ပုဂ္ဂလိကဦးဆောင်တဲ့ စုပေါင်းလယ်ယာစနစ်၊ စက်မှုလယ်ယာစနစ်ကို သမဝါယမစနစ် အသွင်ဖြင့် ပုဂ္ဂလိကနှင့် တောင်သူများပါဝင်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုစနစ်ရရှိရန်၊ ပူးပေါင်းလုပ်ဆောင်ရန်အတွက် ဥပဒေ၊ မူဝါဒလမ်းညွှန်မှုများ လိုအပ်ပြီး တောင်သူတွေ သိမြင်လာအောင်၊ ကြိုးစားဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာအောင်နဲ့ ကြိုးစား ဆောင်ရွက်လာ အောင် တွန်းအားပေးဆောင်ရွက်ဖို့အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊
( ခ ) စိုက်ပျိုးမွေးမြူရေးအတွက် အရင်းအနှီးလိုအပ်ချက်ကို ရယူဆောင်ရွက်နိုင်မည့်မူဝါဒများ အစိုးရမှ ချမှတ်ထားပေးခြင်း၊ ပုဂ္ဂလိကဘဏ်များထံမှ ရယူခြင်းများ ဆောင်ရွက်သင့်ခြင်း၊
(ဂ) အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စက်မှုလယ်ယာစနစ် ဖော်ဆောင်ရာတွင် မြေကို တောင်သူကပိုင်ပြီး အရင်းအနှီးကို ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ရင်းနှီးဆောင်ရွက်မည့် နှစ်ဦး နှစ်ဖက်အကျိုးရှိ၍ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မည့် မူဝါဒ၊ လုပ်ငန်း လမ်းညွှန်ချက်များ ချမှတ်ပြီး Pilot(ရှေ့ပြေး)ဆောင်ရွက်ခြင်းမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်သင့်ခြင်း၊ အသင်းသား တောင်သူများရဲ့ ရပိုင်ခွင့်များကို ရှေ့ပြေးစီမံကိန်း(Pilot Project)များမှတဆင့် ရိုးရိုးရှင်းရှင်း နှင့် ပွင့်လင်းမြင်သာစွာ နမူနာပြဆောင်ရွက်သင့်ခြင်း၊ တို့ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ် ပါတယ်။
သာယာလှပသော နေချင်စဖွယ်ခေတ်မီစံပြကျေးရွာများဖြစ်စေရန် အစိုးရမှ တွန်းအားပေးပြီး မူဝါဒ ချမှတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက် ရာမှာ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရုံသာမက ဈေးကွက်ချိတ်ဆက်နိုင်အောင်ပါ ဖန်တီး ပေးရမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများပါ ဖွံ့ဖြိုးလာစေရန် အနားယူအပန်းဖြေ စရာနေရာများနဲ့ စိုက်ပျိုးရေးတွဲဘက်ထားရှိသည့် Lesiure Agriculture လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခြင်း၊ ခရီးသွားဧည့်သည်များကို စွဲဆောင်နိုင်ရန် မတူကွဲပြားသည့်ယဉ်ကျေးမှုဓလေ့၊ သရုပ် သကန်များ ဖော်ထုတ်ပြသခြင်းတို့ကို ဆောင်ရွက်သင့်ပါတယ်။ အလုံးစုံဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံလူဦးရေရဲ့ ၇၀%ကျော်ပြည်သူများ နေထိုင်ရာကျေးလက်တောရွာများ ခေတ်မီသာယာလှပ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ကျေးလက်နေပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။
ခန့်ဇော် (ကျေးလက်)