သမဝါယမကုန်ထုတ်၊ ကုန်သွယ်မှုလုပ်ငန်းများမှသည် သမဝါယမဈေးကွက်ဆီသို့ တက်လှမ်းမည်

Ministry of Cooperatives and Rural Development | Jul 22, 2024

သမဝါယမဆိုတဲ့ စကားလုံးဟာ ပါဠိစကားမှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်၊ သမ = အတူ တကွ၊ ဝါယမ=အားထုတ် လုပ်ဆောင်ခြင်းဆိုတဲ့  အနက်အဓိပ္ပါယ်ဖော်ဆောင်ပါတယ်၊ ဒီကမ္ဘာကြီးမှာ သမဝါယမ(ဝါ) အတူတကွ ပူးပေါင်းအားထုတ် လုပ်ဆောင်ခြင်းဆိုတာ ဘာအတွက် ပေါ်ပေါက်

လာသလဲဆိုတာ လေ့လာ ကြည့်ရင် အရင်းအနှီး နည်းပါးလွန်းပြီး ဆင်းရဲလှတဲ့ လုပ်ခစား အလုပ် သမားတွေ မိမိတို့ရဲ့ ဝင်ငွေတိုးပွားလာဖို့၊ တိုးပွားလာမှ လူနေမှုဘဝ အဆင့်အတန်း၊ စားဝတ်နေရေး အဆင်ပြေကြမှာမို့ မိမိတို့လိုဆန္ဒတူသူများ စုစည်းပြီး တစ်ဦးလျှင် တစ်ပဲနိဆီ အစု (share) ထည့်ဝင်ပြီး စုပေါင်းရရှိလာတဲ့ အစုငွေများကို မတည်ရင်းနှီးငွေအဖြစ် သတ်မှတ်ပြီး မိမိတို့ အစုအဖွဲ့(သို့)သမဝါယမအသင်းအဖြစ် ဖွဲ့စည်းထူထောင်ကာ စုပေါင်းလုပ်အား၊ စုပေါင်း တာဝန်ယူ၊ တာဝန်ခံမှုဖြင့် လူမှုစီးပွားရေးအဖွဲ့အစည်းတစ်ခု(သို့) သမဝါယမအသင်းကို ထူထောင် လာခဲ့ကြ ပါတယ်၊ အဲ့ဒီပုံစံကို နမူနာအတုယူရင်း နိုင်ငံအသီးသီးက လုပ်ခနည်းတဲ့ အခြေခံလူတန်းစားများ ဟာ မိမိတို့ရဲ့မိသားစုဘဝလူမှုအဆင့်အတန်းနှင့် စားဝတ်နေရေးစတဲ့လိုအပ်ချက်(need)၊ လိုအင်ဆန္ဒ (desire)တွေအမှန်တကယ်ဖြစ်တည်လာဖို့ စိတ်ဆန္ဒတူသူတွေ အချင်းချင်းပေါင်းစုကာ မတည်ငွေ ရရှိလာဖို့ အစု(share) ထည့်ဝင်ပူးပေါင်းပြီး စုစည်းပြီးငွေအားနဲ့ အသင်းစီးပွားရေး လုပ်ငန်းတွေကို စတင်လုပ်ကိုင်ရာကနေ သမဝါယမအဖွဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကမ္ဘာ အနှံ့အပြားပေါ်ပေါက် ပျံနှံ့လာခဲ့ပါတယ်။   

               ရာစုနှစ်အဆက်ဆက်က စီးပွားရေးလုပ်ငန်းနယ်ပယ်တွေမှာ အရင်းရှင်စနစ်လို့ခေါ်တဲ့ ဓနငွေအင်အားကြီးမားသူတွေ လက်ဝါးကြီးအုပ်ဂုတ်သွေးစုပ် ချုပ်ချယ်ခဲ့တာ အားလုံး အသိပင် ဖြစ်သည်၊ အရင်းရှင်စနစ်ရဲ့ ဆိုးဝါးတဲ့ဓနအင်အားဖြင့် နှိပ်စက်မှုတွေကြောင့် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ ကြီးမားလာပြီး ဆင်းရဲသား လူတန်းစား များပြား လာကာ သူ့စရိုက်ထက် ဒုစရိုက်တွေကို ပိုမိုဖြစ်ထွန်းလာစေခဲ့ပါတယ်၊ ဒီအရင်းရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ဖျက်ဖို့ရာ  အကောင်းဆုံးစနစ်မှာ သမဝါယမစနစ်ပင် ဖြစ်ပါသည်။ ငွေကြေး အရင်းအနှီး နည်းပါးပြီး ဆင်းရဲနွမ်းပါးနေသူတွေအတွက် ရုန်းထွက်နိုင်ဖို့ အသင့်တော်ဆုံး နည်းမှာ စုပေါင်းစွမ်းပကားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အခြေခံတူရာလူများ ပေါင်းစုပြီး စိတ်တူ ကိုယ်တူဖြင့် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ ဝန်‌ဆောင်လုပ်ငန်းများကို ဆိုင်ရာသဝါယမ အသင်းသားတစ်ဦးချင်းဆီက ကိုယ်ဆီတာဝန်ယူပြီး ကျရာအခန်းကဏ္ဍက အများအကျိုးအတွက်၊ အဖွဲ့အစည်းအကျိုးအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခြင်းဟာ သမဝါယမစိတ်ဓာတ်ပင်ဖြစ်ပေ သည်။

             ဥပမာ ရပ်ကွက်ကျေးရွာ ကုန်စုံဆိုင် တစ်ဆိုင်ဖွင့်မည်ဆိုပါက မြေနေရာနှင့် အဆောက်အဦး ရှာဖွေငှားရမ်းခြင်း၊ ကုန်ပစ္စည်းများ မှာယူခြင်း၊ ကုန်ပစ္စည်းဆိုရာမှာ လူတို့နေ့စဉ်စားရေးအတွက် မဖြစ်မနေလိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊ အာလူး မီးဖိုချောင်သုံးပစ္စည်းတို့ အပါအဝင် ဝတ်ဆင်ရေးအတွက် အဝတ်အထည်နှင့်ကျောင်းသုံး၊ လူသုံးပစ္စည်းအမျိုးမျိုးနှင့် ကုန်စိမ်း ဖြစ်သည့် ဟင်းသီးဟင်းရွက်များ စသည်တို့ကို ဝယ်ယူဖြည့်ဆည်း ရမည်ဖြစ်ပါသည်။ စတင် ဖွင့်လှစ်ရာတွင် အရင်းအနှီးနည်းပါးသည့်အတွက် လူသုံး၊ အိမ်သုံးမီးဖိုချောင်သုံး ကုန်ပစ္စည်း တွေ စုံစုံလင်လင် ဖြည့်ဆည်းနိုင်မည်မဟုတ်ပါ၊ အရင်းမှတိုးပွားလာသောအမြတ်ကို အရင်းအဖြစ် ထပ်ဖြည့်ခြင်း ရောင်းကုန်ပစ္စည်းများကိုချဲ့ထွင်ခြင်းဖြင့် ရင်းနှီးငွေတိုးပွားလာမည်ဖြစ်သည်။ ထိုအရင်း အနှီးတွေ၊ ရင်းနှီးငွေတွေ ဘယ်ကရလာသနည်း၊ သမဝါယမအသင်းတစ်သင်း စဖွဲ့စည်းမည် ဆိုလျှင် ငွေကြေး တစ်ပြားတစ်ချပ်မှ မရှိဘဲဖွဲ့စည်း၍မရပါ၊ သမဝါယမအသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်ကိုက နည်းပါးသော ငွေကြေးတစ်စုဆီကို တစ်ဦးချင်းဆီထံမှ စုစည်းပြီး များပြား လာသော ငွေကြေးပမာဏဖြင့် အသင်း၏ စီးပွားရေးလုပ်ငန်းအတွက် ရင်းနှီးငွေအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ အဆိုပါ ရည်ရွယ်ချက်ဖြင့် သမဝါယမအသင်း၏ ရင်းနှီးမတည်ငွေဆိုတာ ပေါ်ပေါက်လာ ရခြင်းဖြစ်ပါသည်။

                     အထက်ပါရပ်ကွက်၊ ကျေးရွာကုန်စုံဆိုင်ကို ရပ်ကွက်သူ/ ရပ်ကွက်သား(သို့)ကျေးရွာသူ/ ကျေးရွာသား(၅၀)ဦးဖြင့် သမဝါယမအသင်းဖွဲ့၍ သမဝါယမကုန်စုံဆိုင် တည်ထောင်ကြသည် ဆိုပါစို့၊ ယင်းရပ်ကွက် ၊ ကျေးရွာသားများသည် သမဝါယမအသင်းသားများ ဖြစ်လာကြပါမည်။ ဤနေရာတွင် သမဝါယမ လောကသားအချို့ မှားယွင်းအသုံးပြုနေသော စကားအခေါ်အဝေါ် တစ်ခုကို အမှားပြင်လိုပါသည်။ တည်ဆဲသမဝါယမဥပဒေအရ သမဝါယမအသင်းတွင် ဥပဒေနှင့် အညီ အသင်းသားအဖြစ်ပါဝင်လာသူ အားလုံးကို ကျား /မ မရွေး အသင်းသား ဟုသာခေါ်ဝေါ် ရပါမည်။ သမဝါယမအသင်းတွင် Gender မခွဲခြားဘဲ အသင်းသားတိုင်း တန်းတူအခွင့်အရေး ရှိပါသည်။ “အသင်းသူ” ဟု ခေါ်ဝေါ်သုံးစွဲခြင်းသည် မှားယွင်းနေကြောင်း သတိချပ်စေလိုပါသည်။ အသင်းသား( ၅၀ )ဦးဖြင့် ဖွဲ့စည်းထားသော သမဝါယမကုန်စုံဆိုင်လုပ်ငန်းကို ကြီးကြပ်ရန် အသင်း၏ အကျိုးစီးပွားအတွက် အရေးပါသော အဆုံးအဖြတ်များကို ချမှတ်ရန်၊ အသင်းအား ဦးစီးဦးဆောင် ပြုလုပ်ရန်အတွက် အသင်းအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းရပါမည်။ အမှုဆောင် ကော်မတီကို ၃ ဦး(သို့) ၅ ဦး ဖွဲ့စည်း နိုင်ပါသည်။ ထိုမှတဆင့် အသင်းသားများကိုယ်တိုင် တာဝန်ယူ၍ အသင်းဆိုင်ဝန်ထမ်းအဖြစ် အလှည့်ကျတာဝန်ယူ ဆောင်ရွက်သည့်စနစ်ကို ကျင့်သုံး၍ လည်းကောင်း၊ အသင်းဝန်ထမ်း အဖြစ် လုပ်ခ၊ လစာပေး သတ်မှတ်၍ လည်းကောင်း၊ သမဝါယမကုန်စုံ ဆိုင်လုပ်ငန်းကို လုပ်ကိုင် ဖော်ဆောင်နိုင်ပေသည်။ ဆိုင်မန်နေဂျာ၊ အရောင်း စာရေး၊ ငွေကိုင်၊ ကုန်ပစ္စည်းစာရင်းစစ်၊ အဝယ်တော်၊ ဆိုင်စောင့် စသည့် အလုပ်ကိုယ်စီကို မခိုမကပ် မိမိတာဝန် မိမိကျေပွန်ပြီးအများ အကျိုးအတွက် စေတနာထားဆောင်ရွက်ပါက ယင်းသမဝါယမကုန်စုံဆိုင်သည် မအောင်မြင်စရာ အကြောင်း မရှိပေ။

                     ရရှိတိုးပွားလာသော အမြတ်များကို အသင်းသားအားလုံး၏ သဘောဆန္ဒနှင့် အညီစာရင်း နှစ်ချုပ်ကာလအပြီး၌ အစု ပေါ်အမြတ်များ၊ အမြတ်ခွဲဝေငွေများ သတ်မှတ်ခွဲဝေ ခံစားနိုင်သလို လုပ်ငန်းတိုးချဲ့ရေးရန်ပုံငွေ သတ်မှတ်ထားရှိခြင်းဖြင့် အနာဂတ်တွင် ဆိုင်လုပ်ငန်းကို တိုးချဲ့လုပ် ကိုင်လာနိုင်မည်ဖြစ်သည်။ ထိုသို့သမဝါယမနည်းစနစ်ကျ ကျလုပ်ကိုင်ခြင်းဖြင့် အောင်မြင်သော သမဝါယမအသင်းများ၊ စံနမူနာယူဖွယ် သမဝါယမအသင်း သားများပေါ်ထွန်းလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် သမဝါယမကုန်စုံဆိုင်များ မှတဆင့် သမဝါယမဈေးကွက်၊ သမဝါယမဈေး ပေါ်ပေါက် လာနိုင်မည်ဖြစ်သည်။

                     သမဝါယမကုန်ထုတ်လုပ်ငန်းဆိုသည်မှာ အဘယ်နည်း။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါး၊ ပုဇွန်မွေးမြူခြင်း လုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ အလတ်စား၊ အကြီးစားစက်မှု ပညာလုပ်ငန်းနှင့် လူ တို့နေ့စဉ် စားသုံးဝတ်ဆင်၊ နေထိုင်မှုအတွက် လိုအပ်သော အစားအစာနှင့် ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းအားလုံးကို ကုန်ထုတ်လုပ်ငန်းဟုခေါ်ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ တွင် သမဝါယမလယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းကို သမဝါယမအသင်းသားများက တပိုင်တနိုင် လုပ်ကိုင်ကြပါသည်။ သမဝါယမအသင်းပိုင်လယ်ယာလုပ်ငန်းနှင့် သမဝါယမအသင်းပိုင် လယ်ယာ လုပ်ငန်းဟူ၍ နှစ်မျိုးရှိပါသည်။ ကျေးရွာရှိတောင်သူများ သမဝါယမအသင်းသားအဖြစ် ပါဝင်၍ လည်းကောင်း၊ သမဝါယမအသင်းပိုင်ဆိုင်သောလယ်ယာမြေများကို အသင်းကြီးကြပ်သူ အမှုဆောင် အဖွဲ့၏ စီစဉ်မှုဖြင့် လုပ်ကွက်ဧကများကို ခွဲဝေတာဝန်ယူကာ လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း သမဝါယမလယ်ယာ စနစ်ကို စုပေါင်းဆောင်ရွက်လျက်ရှိနေကြပါသည်။

                       စိုက်ပျိုးရေးလုပ်ငန်းစပြီဆိုကတည်းက မြေယာပြုပြင်ခြင်းလုပ်ငန်းကို အသင်းပိုင် ထွန်စက် များဖြင့်လည်းကောင်း၊ သမဝါယမဦးစီးဌာန၏ အစီအမံဖြင့် ပံ့ပိုးပေးထားသော မြေခံအဖြစ် ထည့်ရသော သဘာဝမြေဩဇာများကို ပတ်ဖျန်းခြင်းဖြင့်လည်းကောင်း၊ မျိုးကောင်း၊ မျိုးသန့် များကိုကြိုတင်စုဆောင်းထိန်းသိမ်းထားခြင်းဖြင့်လည်းကောင်း၊ ပျိုးထောင်ချိန်တွင် အသင်းသားများ စုပေါင်းပျိုးထောင်ခြင်း၊ ကောက်စိုက်ချိန်၊ စိုက်ပျိုးချိန်တွင်လည်း စုပေါင်းကောက်စိုက်ခြင်း၊ ဓါတ်မြေဩဇာကြွေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းတို့တွင်လည်း စုပေါင်း၍လည်းကောင်း၊ ရိတ်သိမ်း ခြွေလှေ့ချိန်တွင်လည်း စုပေါင်းအား၊ ရောင်းချချိန်တွင် စုပေါင်းအားဖြင့် လည်းကောင်း၊ မခိုမကပ် ဆောင်ရွက်ပါက အောင်မြင်သော သမဝါယမလယ်ယာစနစ်ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။

                     မည်သည့် စိုက်ပျိုးရေးလုပ်ငန်းကိုဘဲ လုပ်လုပ်၊ အရေးကြီးဆုံး မှတ်သားရမည်မှာ မျိုး၊ မြေ၊ ရေ၊ နည်း ဤ(၄)မျိုး ပြည့်စုံကောင်းမွန်မှသာ စိုက်သမျှသီးနှံအထွက်တိုးပြီး ဝင်ငွေတိုးလာ မည်ဆိုသည်ကို သမဝါယမအသင်းသား တောင်သူလယ်သမားများရော၊ ကျန်လယ်ယာ လုပ်ကိုင်သူ တောင်သူဦးကြီးများရော၊ အထူးဂရုပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်မှလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် သမဝါယမအသင်းပိုင်၊ အသင်းသား ပိုင် လယ်ယာမြေများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ သဘာဝ မြေဩဇာ၊ ဓါတ်မြေဩဇာများကို သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူဆီ အရောက်ပို့ဆောင်ပေးခြင်း၊ သမဝါယမအသင်းပိုင်၊ အသင်းသားပိုင်လယ်ထွန်စက်ကြီးများ၊ ကောက်စိုက်စက်များ၊ တမန်း နှိုးစက်၊ ပိုးသတ်ဆေးဖျန်းကိရိယာနှင့် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် အချိန်မီ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့နိုင်ရေး အစီအစဉ်တကျ စီစဉ်ဆောင်ရွက်ပေးနေတာ သမဝါယမအသင်းသား အားလုံးအသိပင်ဖြစ်သည်။ သမဝါယမအသင်းသားတောင်သူများအနေဖြင့် ထိုအခွင့်အလမ်းကို အမိ အရအသုံးချပြီး မိမိတို့၏စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ အထွက်နှုန်းတိုးရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် တောင်သူများသတိချပ်ရန် တစ်ခုမှာ ရာသီချိန်နှင့်ရာသီဥတုဖြစ်သည်။ ပျိုးထောင်မည့်ကာလ၊ စိုက်ရမည့်ကာလ၊ အနှံထွက်မည့်ကာလ၊ အဖူးဖူးမည့်ကာလ တွက်ချက်ထားရပါမည်။ ရာသီစောလျှင် သီးနှံမဖြစ်သလို၊ ရာသီချိန် နောက်ကျလျှင်လည်း အထွက်နှုန်း ကျဆင်းမည်ဖြစ်သည်။ ထို့အပြင် တစ်နှစ်ပတ်လုံး သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် သီးနှံရာသီအလိုက် အစီအမံများ ကြိုတင်ရေး ဆွဲထားရမည်ဖြစ်သည်။

                     ကျွန်တော်တို့ငယ်စဉ်က မှတ်သားခဲ့ဘူးသော ရှေးလူကြီးတို့၏ မိုးရာသီနှင့်ပတ်သတ်သော အဆိုတစ်ခုရှိပါသည်။ “တပေါင်းလဆန်းတစ်ရက်နေ့တွင် လေတိုက်ပါက မိုးဦးကောင်းမည်၊  မတိုက်ကမကောင်း၊ လဆန်း၂ရက်နေ့လေတိုက်ပါက မိုးလယ်ကောင်းမည်၊ မတိုက်ကမကောင်း၊ လဆန်း၃ရက်နေ့လေတိုက်ပါက မိုးနှောင်းကောင်းမည်၊ မတိုက်ပါကမကောင်း” ဟူ၍ ဖြစ်သည်။ “ရှေးထုံးလည်းမပယ်နဲ့” ဆိုသည့်အတိုင်း ဤဆိုရိုးသည်လည်း ယနေ့ထိမှန်နေသောဆိုရိုးစကား ဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူတိုင်း  မှတ်သားထားသင့်ပေသည်။

                     ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် မွေးမြူရေးသမဝါယမအသင်းများ၏ အခန်းကဏ္ဍကို ချန်လှပ်ထားမရပါ။ တိုင်းပြည်စားနပ်ရိက္ခာဖူလုံဖို့ သားငါးကဏ္ဍကလည်း အရေးပါအရာရောက် လှပေသည်။ ကျေးလက်ဒေသများတွင်တော့ ရှေးယခင်ကာလကတည်းက အိမ်တိုင်းလိုလို တပိုင်တနိုင် ကြက်၊ ဝက်၊ နွား၊ ဆိတ် မွေးမြူးရေးလုပ်ကိုင်ခဲ့ကြပြီး စနစ်တကျ စီးပွားဖြစ် မွေးမြူသူ နည်းပါးလှပေသည်။ သို့ဖြစ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် အသားတိုး ကြက်မွေးမြူရေး၊ CP ဝက်မွေးမြူရေးနှင့် နို့စားနွား၊ အသားစားနွား မွေးမြူလိုသူ၊ ငါးမွေးမြူရေး လုပ်ကိုင်လိုသူ၊ မွေးမြူလိုသူများ စုစည်းပြီးမွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းကာ လိုအပ်သော တိရိစ္ဆာန်မျိုးကောင်း၊ မျိုးသန့်များ ပြည်တွင်း၊ ပြည်ပမှ မှာယူတင်သွင်းခြင်း၊ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း၍ မွေးမြူရေးခြံ၊ တိရိစ္ဆာန်ကောင်ရေ တိုးချဲ့မွေးမြူခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် နေ့စဉ်မှတ်တမ်းများ၊ လစဉ်မှတ်တမ်းရေးသွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလေအလွင့်နည်းပါးပြီး မွေးမြူကောင်ရေ မလိုအပ်ဘဲ ဆုံးရှုံးမှုကို ကာကွယ် နိုင်မည် ဖြစ်သည်။ မွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်လည်း အသင်းသားများကိုယ်တိုင် မွေးမြူပြီး ထွက်ရှိလာသော သားငါးများကို မွေးမြူရေးသမဝါယမအသင်းများက ဒေသပေါက်၊ ကာလပေါက်ဈေးပေးဝယ်ယူ၍ သမဝါယမအသား၊ ငါးဈေးကွက်သို့ ပို့ဆောင်ပေး ရမည်ဖြစ်သည်။

                     ယနေ့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် သမဝါယမလယ်ယာဥယျာဉ်ခြံ မြေ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းလာရေးအတွက် ကျေးလက်နေပြည်သူများ၏ တစ် ဦးချင်း ဝင်ငွေတိုးတက်ရရှိရေးကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိနေရာ လယ်စိုက်သူ၊ ယာစိုက်သူ၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးသူများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မျိုးစေ့ထုတ် သမဝါယမအသင်းများထူထောင်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ပြည်ပမှ တင်သွင်းရန်မလိုဘဲ ပြည်တွင်း၌ သမဝါယမမြေဩဇာထုတ်လုပ်ရေး အလုပ်ရုံ၊ စက်ရုံများ တည် ထောင်ပေးခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်ရန်နှင့် လက်မှုလယ်ယာမှစက်မှုလယ်ယာစနစ် အသုံးပြုမှု တွင်ကျယ်လာစေရန် လယ်ယာသုံးထွန်စက်နှင့်စက်ကိရိယာအမျိုးမျိုး၊ ဆက်စပ်ပစ္စည်း တို့ကို ငှားဝယ်စနစ်(Hire Purchase)ဖြင့်ရောင်းချပေးခြင်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလည်း သမဝါယမလယ်ယာထွက်ကုန်များ ဈေးကွက်သို့  အချိန်မီ ရောက်ရှိရေးအတွက် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ရေတွင်း၊ ရေကန်များ တူးဖော်ခြင်း၊ လျှပ်စစ်မီးလက်လှမ်းမမှီသည့်နေရာများတွင် ဆိုလာပြားများ တပ်ဆင်၍ ရေစုပ်စက်၊ ရေတင်စက်များ အသုံးပြုနိုင်အောင်စီစဉ် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

                     သမဝါယမကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဟန်ချက်ညီညီ ဆောင်ရွက်နိုင် မည်ဆိုလျှင် ကြားခံလူများ၏ သီးနှံထုတ်လုပ်မှုနှင့် ဈေးကွက်လိုသလိုခြယ်လှယ်မှုကို ကျော်လွှား နိုင်မည်ဖြစ်သည်။ ထုတ်လုပ်မှုသမဝါယမအသင်းများနှင့် ကုန်သွယ်မှုသမဝါယမအသင်းများ အချိတ်အဆက် မိဖို့အတွက် ထုတ်လုပ်၊ ကုန်သွယ်မှု လမ်းကြောင်းတလျှောက်လုံး(Supply Chain) သမဝါယမအသင်းများ အကြားတွင်အလျားလိုက် (Horizontal) နှင့် ဒေါင်လိုက် ( Vertical) အကြားအလပ်မရှိ လက်တွဲ ပူးပေါင်းဆောင်ရွက်ရပါမည်။ စိုက်ပျိုးရေးလုပ်ငန်း စတင်သည့်‌ မြေယာပြုပြင်ခြင်းမှစ၍ ရေသွင်း အစိုဓာတ်ရယူခြင်း၊ ထယ်ခွဲခြင်း၊ မြေမှုန်းခြင်း၊ မြေခံပက် ဖြန်းခြင်း၊ ပျိုးထောင်ခြင်း၊ အစေ့ချခြင်း၊ ကြဲပက်ခြင်း၊ ကောက်စိုက်ခြင်း၊ ပေါင်းနှုတ်ခြင်း၊ မြေဩဇာ ကျွေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်း၊ ခူးဆွတ်ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက် ပို့ဆောင်ခြင်း စသည့် အဆင့်ဆင့်ဆောင်ရွက်ရသည်များကို သမဝါယမအသင်းသားများ၊ အသင်းများ ကိုယ်တိုင် ဆောင်ရွက်ရမည်ဖြစ်သည်။

                     ကုန်သွယ်သမဝါယမအသင်းများက စိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာသောသီးနှံများကို အခြောက်ခံခြင်း၊ မျိုးကောင်းမျိုးသန့်များရွေးချယ်ပေးခြင်း၊ ကြိတ်ခွဲသန့်စင်ခြင်း၊ ဈေးကွက်သို့ သယ် ယူပို့ဆောင်ပေးခြင်း၊ သမဝါယမစိုက်ပျိုးရေးထွက်ကုန် အရောင်းဆိုင်များ မြို့ရွာအနှံ့ဖွင့်လှစ်၍ ရောင်းချပေးခြင်း၊ ပြည်တွင်းဈေးကွက်တွင် ပိုလျှံသောသီးနှံများကို ပြည်ပဈေးကွက်နှင့် အာဆီယံ နိုင်ငံများသို့ တင်ပို့ (Export)ရောင်းချပေးခြင်းဖြင့် နိုင်ငံတော်မှ နိုင်ငံခြားဝင်ငွေများရရှိလာမည် ဖြစ်ပါသည်။ ပြည်တွင်းရောင်းချမှုမှလည်း အသင်းသားများအပြင်၊ ပြည်သူများလည်း သင့်တင့် သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျော့ကျ စေနိုင်မည်ဖြစ်ပါသည်။

                     အနှစ်ချုပ်အားဖြင့် တင်ပြရမည်ဆိုလျှင် သမဝါယမစိုက်ပျိုးထုတ်လုပ် လုပ်ငန်းမှသည် သမဝါယမကုန်သွယ်မှု၊ သမဝါယမဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် သမဝါယမအသင်း၊ အသင်းသားများအားလုံး အကြားအလပ်မရှိ အတူတကွ ပူးပေါင်းမှုစိတ်ဓာတ် ( Cooperatives Mindsed ) ဖြင့်လုပ်ဆောင်ပါက ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားလာပြီး ယင်းတို့၏ လူမှုစီးပွားရေးဘဝတိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရေးသားလိုက်ရပါသည်။

 

                                                                                                                 နိုင်အောင် (Cooperatives)