အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး

Ministry of Cooperatives and Rural Development | Sep 12, 2024

          ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်နေပြီ။ နိုင်ငံတွေ၊ တိုင်းပြည်တွေဟာ ဆက်စပ်တည်ရှိ နေပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမဲ့ သဘာဝဘေးဒဏ်တွေကို အားလုံး အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုက သတ်မှတ်စည်းကမ်း များ မလိုက်နာရင် သစ်တောသစ်ပင်တွေ မထိန်းသိမ်းရင်၊ သစ်တော ပြုန်းတီးအောင် လုပ်ရင်၊ ကာဗွန်ထုတ်လုပ်မှုတွေ ဆိုးရွားစွာ လုပ်ရင်၊ ဓါတုဆေးတွေ အလွန် အကျွံသုံးရင်၊ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ သဘာဝဘေးက အဲဒီနိုင်ငံတစ်ခုတည်း ထိခိုက်မှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အနည်းအများသာကွာခြားပြီး ထိခိုက်မှာ ဖြစ်တယ်။

          ယနေ့ကမ္ဘာကြီးလည်း Covid – 19 ကြောင့် ထိခိုက်မှုများနေသလို သစ်တောပြုန်းတီးမှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှု၊ စက်မှုဖွံ့ဖြိုးတိုးတက်မှုများကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖျားနာနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း ဒီဒဏ်ကို ခံစားနေရပြီး နှစ်စဉ်တိုင်း လိုလို  သဘာဝဘေးတွေ ကြုံခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးရပြီး ဖြစ်ပါတယ်။  Global Climate Risk Index 2021 အရ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်(၂၀)အတွင်း သဘာဝ ဘေးကြောင့် ထိခိုက်ခံစားရမှု ကမ္ဘာ့အဆင့် ၁၈၄ နိုင်ငံတွင် ထိခိုက်ခံရမှုအများဆုံး (၃)နိုင်ငံ စာရင်းမှာ အာဆီယံဒေသတွင်းထိခိုက်မှုအများဆုံးနှစ်နိုင်ငံမှာ မြန်မာနိုင်ငံအပါအဝင် ဖြစ်ပါ တယ်။ ဒါ့ပြင် Greenest Countries 2022 စစ်တမ်းအရ သဘာဝဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရန် အဆင့်သင့်ဖြစ်မှု (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ကောင်းစွာလိုက်နာကျင့်သုံးနိုင်မှုမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၁၃၇) ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ် ထိခိုက်ခံရမှုတွင် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သူများဖြစ်ပြီး အများစုမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာ ကျေးလက်ဒေသနေ လူဦးရေမှာ (၇၀)% ဖြစ်ပြီးတော့ ကမ္ဘာမှာလည်း ကျေးလက်ဒေသနေလူဦးရေဟာ (၄၃.၈၅)% ရှိပါတယ်။

          ဒါ့ကြောင့် ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးတွေဖြစ်ဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးရေးတွေကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့ မပျက်စီးဖို့ စဉ်းစားဆောင်ရွက်ကြရပါမယ်။ လူမှုထိခိုက်မှုတွေ မရှိအောင် ဆောင်ရွက်ကြရ ပါမယ်။ ဒါတင်မကသေးဘဲ သစ်တောအရင်းအမြစ်များ၊ ရေအရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ရမည်။ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အလွန်အရေးကြီးတဲ့ မြေကြီးကိုလည်း ထိန်းသိမ်းရပါမယ်။ ဒါကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်တဲ့ အခါမှာ အောက်ဖော်ပြပါ -   

(က)   သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေးအကာအကွယ်

(ခ)     လူမှုရေးထိခိုက်မှု လျော့ချရေးအကာအကွယ်များကို ဆန်းစစ်လေ့လာပြီး ထိခိုက်မှု လျှော့ချရေး စီမံဆောင်ရွက်နေပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရန် ကျင့်ဝတ်များ၊ စီမံခန့်ခွဲမှ အစီအစဉ်နဲ့ ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်များ စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲလိုက်နာကျင့်သုံးဆောင်ရွက်စေပါတယ်။

          လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်များအနေဖြင့် မြေယာသိမ်းတာ မဟုတ်ဘဲ ဆန္ဒအလျောက် မြေယာလှူဒါန်းခြင်း၊ တိုင်းရင်းသားလူမျိုးစုငယ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီးများ၊ ထိခိုက်လွယ်အုပ်စုများ ဆုံးဖြတ်ချက် ချမှတ်ခွင့်ရရှိရေးနှင့် လွတ်လပ်သော အကြံပေးမှုများ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု မဆုံးရှုံးစေခြင်း၊ ရွှေ့ပြောင်းပေးရမှု မရှိစေခြင်းနှင့် မလွှဲမရှောင်သာ ရွှေ့ပြောင်းစေရပါက ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါတယ်။

          ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို Green Growth - အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဖော်ဆောင်ရန် တာဝန်ပေးပါတယ်။ ဒါနဲ့ Green Economy Green Growth (GEGG) အဖွဲ့တွေနဲ့ ဆွေးနွေး တိုင်ပင်တယ်။ စုဖွဲ့တာဝန်ပေးပြီး လေ့လာစရာရှိတာတွေ လေ့လာတယ်။ ဆောင်ရွက်မဲ့ အစီအမံတွေရေးဆွဲကြတယ်။ Green Growth အစိမ်းရောင် ဖွံ့ဖြိုးရေး Concept ကို အကောင်အထည်ဖော်မဲ့ ဝန်ထမ်းတွေကို သင်ကြားဖို့ သင်ခန်းစာများ ပြုစုတယ်။ ပြည်နယ်/ တိုင်းအလိုက် ဆုပေးနိုင်အောင် ဆုပေးရန် Criteria များ သတ်မှတ်ပြီး ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

          အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်များကတော့ -

          (၁)     သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်သော အခြေခံအဆောက်အဦများတည်ဆောက်ခြင်း၊

          (၂)      သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချခြင်း၊

          (၃)     ရေအရင်းအမြစ် လေလွင့်ဆုံးရှုံးမှု လျှော့ချခြင်း၊

          (၄)     အရင်းအမြစ်များဖြစ်သော သစ်တော၊ ရေ အရင်းအမြစ်များ ထိန်းသိမ်းခြင်း၊

          (၅)     ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချခြင်း၊ ထင်းအစားထိုးလောင်စာမီးဖိုနှင့် စွမ်းအားမြှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ သုံးစွဲခြင်း၊

          (၆)     ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှု လျှော့နည်းစေရန် စီမံခြင်း၊

          (၇)     စိုက်ပျိုးရေးအတွက် ဓါတုဗေဒ လျှော့ချ သုံးခွဲခြင်း၊ အော်ဂဲနစ် သွင်းအားစုများ ပိုမိုသုံးစွဲရန် အသိပညာပေးခြင်း၊ ကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူရေး ကျင့်စဉ်များ အားပေးဆောင်ရွက်ခြင်း၊

          (၈)     မြေကို ထိန်းသိမ်းခြင်း၊ မြေယာပြုပြင်ခြင်း၊ မြေဆီလွှာ တိုက်စားမှုတို့ကို  ကာ ကွယ်ခြင်းတို့ ဖြစ်ပါတယ်။

()     သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း

          ကျေးရွာများရဲ့ အခြေခံအဆောက်အအုံလုပ်ငန်းများဖြစ်တဲ့ လမ်း၊ တံတား၊ ရေနှုတ် မြောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေတွင်း၊ ရေကန်၊ ဈေးနဲ့ ဘက်စုံသုံးခန်းမများ တည်ဆောက်ရာမှ ဒေသရာသီဥတုနှင့် ကိုက်ညီသော Design များ ရေးဆွဲတည်ဆောက်ရန်၊ ထိန်းသိမ်းရန်၊ တည်ဆောက်ရေးဧရိယာမှာရှိတဲ့ သစ်ပင်/ သစ်တောများကို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် စီမံရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှရနိုင်တဲ့ အရင်းအမြစ်များ ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသုံးချခြင်းဖြင့် ဒေသတွင်း စီးပွားရေးကို အထောက်အကူပြုပြီး သယ်ယူစရိတ်နဲ့ စက်သုံးဆီ/ လောင်စာဆီ သုံးစွဲမှုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ကိုလည်း စနစ်တကျစွန့်ပစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိအောင် စီမံကြရမှာ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ အခြေခံ အဆောက်အအုံများကို Design ရေးဆွဲ တည်ဆောက်မှာ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်များ (Environmental & Social Safeguard) ကိုလည်း သတ်မှတ်ချက်များ နှင့်အညီ လိုက်နာကျင့်သုံး တည်ဆောက်ရမှာဖြစ်ပါတယ်။ ရေရှည်ထိန်းသိမ်းရန်အတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးကော်မတီများ ဖွဲ့စည်းထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

()     သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချခြင်း(ရေထုလေထုမြေ)

          အိမ်တွင်းစက်မှုလုပ်ငန်းများနှင့်  စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများရှိ စွန့်ပစ်ရေများဟာ ရေနဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ နေ့စဉ်သုံး အိမ်သုံးမီးဖိုချောင်အမှိုက်များဟာလည်း ပတ်ဝန်းကျင်ကိုညစ်ညမ်းစေပါတယ်။  အိမ်သုံးစက်မှု လုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း များကို သက်ဆိုင်ရာဌာနများရဲ့ ညွှန်ကြားချက်အတိုင်း စွန့်ပစ်ခြင်းနှင့် ကောင်းမွန်သော ရေနှုတ် မြောင်းစနစ်ထားရှိ ထိန်းသိမ်းရန်လိုအပ်ပါတယ်။ အိမ်တိုင်းမှာ ယင်လုံအိမ်သာ တည်ဆောက် သုံးစွဲပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် မညစ်ညမ်းရေး ဆောင်ရွက်ရပါမယ်။ မြို့ပြ ကဲ့သို့ စည်ပင်သာယာရေး မရှိသော်လည်း ကျေးရွာကော်မတီဖွဲ့စည်းပြီး အမှိုက်စီမံခန့်ခွဲမှု ဆောင်ရွက်ရန် လိုအပ်ပါတယ်။ နေ့စဉ် အမှိုက်ကောက်ရန် သိမ်းရန်၊ အမှိုက်စနစ်တကျ စွန့်ပစ်ရန် လိုအပ်ပါတယ်။ သတ်မှတ်နေရာမှာ စုပုံခြင်း၊ စွန့်ပစ်ခြင်းဖြင့် စနစ်တကျစီမံရမှာ ဖြစ်ပါတယ်။ အသိပညာပေး အဓိက ဆောင်ရွက်ရမှာကတော့ 5R လုပ်ငန်းစဉ်ကို လိုက်နာရန်ပဲ ဖြစ်ပါတယ်။

  • အမှိုက်လျှော့ကျအောင် စီမံခြင်း (Reduce)
  • ပြန်လည်အသုံးပြုခြင်း (Reuse)
  • ပြန်လည်တီထွင်အသုံးချခြင်း (Recycle)
  • ပြန်လည်ပေးပို့ခြင်း (Return)
  • ငြင်းပယ်ခြင်း (Refuse)

တို့ကို အသိပညာပေး ဆောင်ရွက်ရန် လိုအပ်ပါတယ်။ အမှိုက်ကို ရွှေဖြစ်အောင်  အနည်းဆုံး အဆင့် ဇီဝဓါတ်မြေဩဇာအဖြစ် ပြန်လည်သုံးစွဲကြရမှာ ဖြစ်ပါတယ်။ လူငယ်များ၊ စေတနာ ဝန်ထမ်းများနဲ့ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်သော အမှိုက်စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ အိမ်တွင်း လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အကြောင်းအရင်းများမှာ ခြင်ဆေး၊ အမွှေးတိုင်၊ ဆေးလိပ်မီး၊ မှိုစွဲနေသော သီးနှံ၊ တိရစ္ဆာန်အညစ်အကြေး၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အမှုန်အမွှားများ၊ စက်ရုံများမှ ထွက်ရှိသော မီးခိုးအနံ့ဆိုးများကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်မှာ လေဝင်လေထွက်ကောင်းအောင် လုပ်ရ ပါမယ်။ မီးဖိုခန်းကို သီးခြားထားရပါမယ်။ တတ်နိုင်ပါက ထင်းအစားထိုး မီးဖိုးများ အသုံးပြုသင့် ပါသည်။ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူခြင်း အညစ်အကြေး များကို စနစ်တကျ ပြန်လည်အသုံးပြုခြင်း၊ စွန့်ပစ်ခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်းများ ဆောင်ရွက် ရပါမည်။ ကျေးရွာစီးပွားရေးလုပ်ငန်းများဖြစ်သော အိမ်တွင်းစက်မှုလက်မှုနဲ့ စားသောက်ကုန် လုပ်ငန်းများကိုလည်း စည်းကမ်းနဲ့အညီ ဆောင်ရွက်စေခြင်း၊ စွန့်ပစ်မှုကို ကြီးကြပ်ခြင်းများ ဆောင်ရွက်ရပါမယ်။ သို့ဆိုလျှင် လေထုညစ်ညမ်းမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျှော့ချ နိုင်မှာ ဖြစ်ပါတယ်။

 

 

()     ရေလေလွင့်ဆုံးရှုံးမှု လျှော့ချခြင်း

          ရေလေလွင့်မှု လျော့ချခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကို လျော့ချနိုင်မှာဖြစ်သလို ကာဗွန် ထုတ် လွှတ်မှုကိုလည်း လျော့ချနိုင်မည်ဖြစ်၍ အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ် -

(က)   စိုက်ပျိုးရေနှင့် သောက်သုံးရေကို စနစ်တကျ ကော်မတီဖွဲ့၍ စီမံခန့်ခွဲခြင်း၊

(ခ)     ရေခွန်ရေခ သတ်မှတ်ပြီး ရေမီတာစနစ်ဖြင့် ဆောင်ရွက်စေခြင်း၊

(ဂ)     ရေတွင်း၊ ရေကန်များကို စနစ်တကျ ကာရန်ထားရှိခြင်း၊ မိုးရေလှောင်ကန်များ တတ်နိုင်သမျှ တည်ဆောက်အသုံးပြုခြင်း၊

(ဃ)   ရေပေးဝေရေးလုပ်ငန်းများအားလုံး စိုက်ပျိုးရေအပါ စနစ်တကျထိန်းသိမ်းပြုပြင်ခြင်း၊

(င)     အလေအလွင့်မရှိအောင် ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊

(စ)     စိုက်ပျိုးရေကို  အလေအလွင့်မရှိအောင် Water User Group များ ဖွဲ့စည်းပြီး အလေအလွင့် မရှိအောင် စိုက်ပျိုးသည့် သီးနှံအမျိုးအစားပေါ်မူတည်၍ ရေသွင်း/ ရေထုတ်စီမံရန်နှင့် ထိုက်သင့်သည့် ရေခွန်ပေးဆောင်ခြင်း၊

(ဆ)   ရေရှားပါးသောဒေသများမှာ ရေဆုံးရှုံးမှုနည်းသော Sprinkle စနစ်များ Drip Irrigation စနစ်များ အသိပညာပေးဆောင်ရွက်စေခြင်း။

()     ရေအရင်းအမြစ်များ၊ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းခြင်း

သစ်တောအရင်းအမြစ်၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းထားခြင်းဖြင့် ရာသီဥတု မျှတမှန်ကန်ပြီး သဘာဝဘေးအန္တရာယ်တွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါသည် -

(က)   ရေဝေရေလွှဲဒေသများရှိ သစ်တော/ သစ်ပင်များကို လုံးဝ မခုတ်ပဲ စနစ်တကျ ထိန်းသိမ်း ပြုစုစောင့်ရှောက်ခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ မီးတားလမ်းများ ထား ရှိခြင်း၊

(ခ)     အမှိုက်၊ ဓါတုစွန့်ပစ်ပစ္စည်းများကို ရေအရင်းအမြစ်များထဲသို့ မစွန့်ပစ်ရန် ထိန်းသိမ်း ကြပ်မတ်ခြင်း၊

(ဂ)     အန္တရာယ်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းသုံး ဓါတုဗေဒ ပစ္စည်းများကို ရေအရင်းအမြစ်များသို့ မရောက်အောင် တားဆီးခြင်း၊ မစွန့်ပစ်ရန် စည်းကမ်း ကြီးကြပ်ခြင်း၊ ပညာပေးခြင်း၊

(ဃ)   စက်ရုံ/ အလုပ်ရုံ/ အိမ်တွင်းစက်မှုလုပ်ငန်း စွန့်ပစ်ပစ္စည်းများ ရေဆိုးများကို စနစ်တကျ စွန့်ပစ်ရန်နှင့် ရေအရင်းအမြစ်များတွင် မစွန့်ပစ်ရန် ကြီးကြပ်ခြင်း၊

(င)     ကျေးရွာပိုင်၊ အများပိုင်သစ်တောများ စိုက်ပျိုးခြင်း၊ ရှိပြီးသစ်တောများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ တောမီးလောင်ခြင်းမရှိအောင် စီမံခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊

(စ)     ဌာနဆိုင်ရာများမှ ပညာပေးအစီအစဉ်များကို တိုးချဲ့ခြင်း၊ ပုံမှန်ဆောင်ရွက်ခြင်း၊

(ဆ)   ကျေးရွာရန်ပုံငွေ ထူထောင်ပြီး ရေရှည်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဌာနဆိုင်ရာ များမှ မပြတ်ပံ့ပိုးကူညီခြင်း၊

()     ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အကျိုးရှိစွာ အသုံးချခြင်း

          ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချ နိုင်မှာဖြစ်သည့်အတွက် အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -

(က)   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာ၊‌ ရေအား၊ လေအား၊ ဇီဝ စသော ဒေသအလိုက် အရင်းအမြစ်များကိုအခြေခံ၍ တတ်နိုင်သမျှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်အသုံးချခြင်း၊

(ခ)     ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချပြီး တတ်နိုင်သမျှ ကျေးရွာစီးပွားရေး ကုန်ထုတ်လုပ်ငန်းများမှာ အသုံးချခြင်း၊ လုပ်ကိုင်ခြင်း၊

(ဂ)     ဆိုလာစွမ်းအင်သုံးရေပေးရေးစနစ်၊ စိုက်ပျိုးရေပေးဝေရေးစနစ်များ ဆောင်ရွက်ခြင်း၊

(ဃ)   ထင်းအစားထိုး စွမ်းအားမြင့် မီးဖိုးများ သုံးစွဲခြင်း၊

(င)     စွမ်းအားချွေတာသော စွမ်းအားမြှင့်လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ သုံးစွဲခြင်း၊ ချွေတာသုံးစွဲခြင်း၊

(စ)     ကျေးရွာပိုင် ထင်းစိုက်ခင်းများ စိုက်ပျိုးအသုံးပြုခြင်းဖြင့် သစ်တောစိုက်ခင်းများ ပြုန်းတီးမှုကို ကာကွယ်ခြင်း၊

(ဆ) စွမ်းအင်ချွေတာအသုံးပြုခြင်းဆိုင်ရာအသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ RE ထုတ်လုပ်မှုစနစ်ကို အသိအမှတ်ပြုပြီး ဆွဲဆောင်မှုရှိသော မူဝါဒများရေးဆွဲ ဆောင်ရွက်ခြင်း။

ဤသို့ဆောင်ရွက်သင့်ရခြင်းမှာ နိုင်ငံ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ရည်မှန်းချက် များကို ဖြည့်ဆည်းနိုင်ရန်အတွက်ဟုဆိုလျှင်လည်း မမှားပေ။ ၂၀၃၀ ပြည့်နှစ်တွင် မဟာ ဓာတ်အားလိုင်းပြင်ပကျေးလက်မီးလင်းရေးလုပ်ငန်းများ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ် အသုံးပြုမှု (၃၀%)ခန့်အထိ ရှိလာစေရေးဟူသည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်(Nationally Determined Contribution-NDC) ရည်မှန်းချက်များ အရလည်းကောင်း၊ အာဆီယံဒေသတွင်းဆိုင်ရာ ၂၀၂၅ ခုနှစ် မျှော်မှန်းချက်ဖြစ်သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု Installed Capacity ၃၅% ခန့်ဖြစ်စေရေးပန်းတိုင် (Target) အရလည်းကောင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အပါအဝင် စိုက်ပျိုးရေ ရရှိရေး၊ သောက်သုံးရေရရှိရေးစသည့်ဆက်စပ်ကဏ္ဍများတွင်ပါ အသုံးပြု လာနိုင်စေရေးကို တွန်းအားပေးဆောင်ရွက်ကြရပါမယ်။ သို့မှသာ ဆက်စပ်အကျိုးကျေးဇူးအနေနဲ့ ၂၀၃၀ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတန်ချိန် (၂၄၄)သန်း ( 244 million tCO2e) ခန့် လျော့ချနိုင်ရေး ရည်မှန်းချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ပေးရာ ရောက်မှာဖြစ်ပါတယ်။

()     ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချခြင်းနှင့် လေလွင့်မှု လျှော့ချခြင်း

လေလွင့်မှုကို လျော့ချခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်ပြီး စွမ်းအင်သုံးစွဲမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ထို့အတွက် အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -

(က)   နည်းပညာမသုံးကြလို့ အလေအလွင့်များတာကို တောင်သူများသိရှိအောင် အသိပညာပေးပြီး ရိတ်သိမ်းချိန်လွန်နည်းပညာများကို တောင်သူများသိရှိ ကျင့်သုံး လာအောင် စည်းရုံးဆောင်ရွက်ရန်၊

(ခ)     စနစ်တကျ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ စနစ်များ အသုံးပြုခြင်းနှင့် အခြောက်ခံခြင်း၊

(ဂ)     စနစ်တကျ သယ်ယူပို့ဆောင်ခြင်း၊

(ဃ)   စနစ်တကျ ထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်း၊

()     ဓါတုဒဗေဒသုံးစိုက်ပျိုးရေးသုံး ပစ္စည်းများ လျှော့ချသုံးစွဲရေး၊ သဘာဝဩဂဲနစ် သွင်းအားစု ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရေး အသိပညာပေးရန်၊ ကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်များကို လိုက်နာကျင့်သုံးရန်အားပေး ဆောင်ရွက်ခြင်း

အစားအစာ ဘေးကင်းလုံခြုံရေးမှာ လွန်စွာအရေးကြီးတဲ့အတွက် အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -

(က)   ဓါတ်မြေဩဇာများကို လိုအပ်သလိုထိရောက်အကျိုးရှိစွာ အသုံးပြုရန် ပညာရှင် များ၏ လမ်းညွှန်ချက်များကို လိုက်နာရန် (သို့) လေ့လာသိရှိအောင် လုပ်ပြီး လိုက်နာသုံးစွဲရန်၊

(ခ)     ဓါတ်မြေဩဇာသုံးစွဲမှုလျှော့ချရန်၊ သဘာဝမြေဩဇာသုံးစွဲမှုတိုးမြှင့်ဆောင်ရွက်ရန်၊

(ဂ)     စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်ဆောင်ရွက်ပြီး စိုက်ပျိုးရေးထုတ် ပစ္စည်းများ၊ မွေးမြူရေးမှထုတ်သောပစ္စည်းများ အပြန်အလှန် အကျိုးရှိအောင် အသုံးချခြင်းဖြင့် ထွက်ငွေ သက်သာအောင် ဆောင်ရွက်ခြင်း၊

(ဃ)   စိုက်ပျိုးရေးသုံး၊ ဓါတုဗေဒသုံး ပိုးသတ်ဆေးများကို လျှော့ချသုံးစွဲရန်၊ စနစ်တကျ သုံးစွဲရန်နှင့် သဘာဝပိုးသတ်ဆေးများ တိုးချဲ့သုံးစွဲရန်၊

(င)     ကောင်းမွန်သော စိုက်ပျိုးရေးစနစ်များ (GAP) - ရေ၊ မြေ၊ မျိုးစေ့၊ မြေဩဇာများ စနစ်တကျ ရွေးချယ်အသုံးပြုခြင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်သားများက ဆောင်ရွက်ခြင်း၊

(စ)     ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP) - မြေ၊ အဆောက်အအုံစနစ်ကျ သန့်ရှင်းအောင် ဆောင်ရွက်ခြင်း၊ အရည်အသွေးရှိ မျိုးကောင်းမျိုးသန့်၊ အစာ အသုံးပြုခြင်း၊ လုံလောက်သော ကျန်းမားရေးစောင့်ရှောက်မှုများရှိခြင်း၊

(ဆ)   ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) - မြေနေရာ စနစ်တကျ ရွေးချယ်ခြင်း၊ မွေးမြူရန် အဆောက်အအုံစနစ်တကျ ဆောက်လုပ်မြေပြုပြင်ခြင်း၊ ပုံမှန် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်း၊

(ဇ)     သက်ဆိုင်ရာဌာန ပညာရှင်များမှ လိုအပ်သည့် နည်းပညာသင်တန်းများပေးခြင်း၊ ဆက်စပ်ဌာနများနှင့် နည်းပညာဖလှယ်ခြင်း၊ ကုမ္ပဏီများမှ ဝန်ဆောင်မှု ဆောင်ရွက်ခြင်းတို့ လုပ်ရပါမယ်။

()     မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာ တိုက်စားမှုကာကွယ်ခြင်း

          မြေမကောင်းလျှင်၊ ကောင်းမကောင်း မသိလျှင် ထုတ်လုပ်မှုကျဆင်းနိုင်ပါသည်။ ဒါကြောင့် မြေကောင်းမကောင်း စမ်းသပ်ခြင်းနှင့် မြေဆီလွှာထိန်းသိမ်းခြင်းပြုပြင်ခြင်းတို့ကို ဆိုင်ရာဌာန ပညာရှင်များရဲ့ အကူအညီဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ် -

(က)   မြေကောင်း/ မကောင်း နည်းပညာသုံးစမ်းသပ်ခြင်း၊ တောင်သူများသို့ ပညာ ပေးခြင်း၊

(ခ)     တောင်စောင်းနှင့် လျှောဇောက်နေရာများတွင် မိုးရေကြောင့် အပေါ်ယံ မြေဆီလွှာ မြေသားပါသွားနိုင်သည်။ ဒါ့ကြောင့် မြေဆီလွှာ ထိန်းသိမ်းရန် လှေခါးထစ်ပုံစံများ ပြုလုပ် ထိန်းသိမ်းသင့်ပါသည်။

(ဂ)     သီးထပ်/ သီးညှပ် စိုက်ပျိုးခြင်း၊ သစ်စိမ်းပင်များစိုက်ပျိုးခြင်း ပုံစံများဖြင့် မြေယာ ပြုပြင်နိုင်ပါသည်။

(ဃ)   ပဲမျိုးရင်းများ စိုက်ပျိုးပြီး ထယ်ထိုးဖုံးအုပ်ခြင်းဖြင့် ထိန်းသိမ်းခြင်း၊

(င)     မြေဆွေး၊ ‌နွားချေး၊ ကောက်ရိုး၊ သစ်ရွက် တို့ဖြင့် မြေဖုံးပြုပြင်ခြင်း၊

(စ)     သီးလှည့်/ သီးညှပ် သီးနှံ စိုက်ပျိုးခြင်း - သီးနှံတစ်မျိုးတည်း ဆက်တိုက် စိုက် ပျိုးခြင်းသည် အပင်ရောဂါနှင့် ဖျက်ပိုးများတိုးပွားစေပြီး မြေဆီလွှာ ဆုတ်ယုတ် နိုင်ပါသည်။ ဒါကြောင့် စပါး၊ ပြောင်း၊ ပဲ၊ ဥစားသီးနှံ၊ ရွက်စား၊ အသီးစား၊ အပွင့်စား တို့ကို အလှည့်ကျ စိုက်ပျိုးပြီး မြေဆီလွှာ ထိန်းသိမ်းသင့်ပါသည်။

(ဆ)   လျှောဇောက်များသော စိုက်ပျိုးမြေများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ် သုံးခြင်း၊ ကွန်တိုလိုင်းဖော်ထုတ်ခြင်း၊

(ဇ)     မြစ်ချောင်ဘေး လယ်ယာမြေများအား မြစ်/ ချောင်းရေတိုက်စားခြင်းမှ ကာကွယ်ရန် တတ်နိုင်သမျှ သဘာဝနည်းစနစ်ဖြစ်သော သစ်ပင်များ စိုက်ပျိုးခြင်း၊ အမြစ်ရှည် မြက်မျိုးများ စိုက်ပျိုးကာကွယ်ရန်နှင့် သက်ဆိုင်ရာဌာနများနှင့် နည်းပညာအကူ အညီ ရယူဆောင်ရွက်ခြင်း၊ ဌာနများမှ ပူးပေါင်းဆောင်ရွက်ခြင်းများ ဆောင်ရွက် သင့်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ပြည်နယ်/တိုင်းဒေသကြီး အားလုံး မှာ အထက်ပါဆွေးနွေးခဲ့တဲ့လုပ်ငန်းစဉ်များကို လက်ရှိဖွံ့ဖြိုးရေးစီမံကိန်းများ၊ လုပ်ငန်းများ ဆောင် ရွက်နေတဲ့ မြို့နယ်များအနက် (၂၇၅)မြို့နယ်ရှိ ကျေးရွာ (၃,၉၃၉)ရွာမှာ  အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အဲလို အသိပညာပေး ဆောင် ရွက်ခဲ့တဲ့ ကျေးရွာတွေထဲက ပြည်နယ်/တိုင်းဒေသကြီး(၁)ခုစီရှိ အကောင်းဆုံး (၃)ရွာကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက် ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ခြင်းနဲ့ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ်စဉ် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  အသိပညာ ပေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါ ပညာပေးတစ်ခုတည်း အဆင်မပြေပါ။ ဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပုံမှန်ကြီးကြပ်ရင်း ၄င်းရွာများမှာ အသိပညာပေးခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ကျွဲကူးရေပါ ဖြစ်စေတာမို့ နှစ်စဉ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရင်း Green Growth အစိမ်းရောင် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာဖြစ်ပြီး/ ဆောင်ရွက်ရန်လိုအပ်ပြီး ဆုပေးတဲ့ အခါမှာလည်း ဂုဏ်ပြုမှတ်တမ်းတင်မဟုတ်ဘဲ ရွာမှာ အမှန်လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခြင်းဖြင့် “မက်လုံးပေး” “ဆုပေး” ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်လျက်လည်းရှိပါတယ်။

အကျိုးကျေးဇူး

          ဒီလိုဆောင်ရွက်ခြင်းဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့-

(က)   သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိတဲ့၊ လိုက်လျောညီထွေဖြစ်တဲ့ ကျေးရွာများ ဖြစ်လာခြင်း၊

(ခ)     ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ခြင်း၊

(ဂ)     မြင်သာသော အကျိုးကျေးဇူးများအနေဖြင့် ရေလိုအပ်ချက် လျှော့ချနိုင်ခြင်း၊ ချွေတာနိုင်ခြင်း၊ စွမ်းအင်လိုအပ်ချက်လျှော့ချနိုင်ခြင်း၊ ချွေတာနိုင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်ခြင်း၊ ရွာများသန့်ရှင်းသာယာလှပပြီး စွန့်ပစ် အမှိုက် စီမံခန့်ခွဲမှုစနစ်ကောင်းများ ပေါ်ထွန်းလာခြင်း၊

(ဃ)   သန့်ရှင်းသော သောက်သုံးရေစနစ်တိုးတက်ရရှိလာခြင်းနှင့် ကျေးရွာမိလ္လာစနစ် ကောင်းမွန်ပြီး ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးများ တိုးတက် ကောင်းမွန်လာနိုင်ခြင်းတို့ ဖြစ်ပါတယ်။

          အထက်ပါဆွေးနွေးခဲ့တဲ့ လုပ်ငန်းစဉ်များကိုသာ လိုက်နာဆောင်ရွက်မယ်ဆိုရင် သစ်တော သစ်ပင်တွေကို ထိန်းသိမ်းပြီးဖြစ်တာမို့ ပတ်ဝန်းကျင် စိမ်းစိုဝေဆာလာမယ်၊ ရေလေလွင့်မှု နည်းလာမယ်၊ RE သုံးစွဲမှုကြောင့် ကာဗွန်ထုတ်လွတ်မှု လျှော့ကျလာမယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့နည်းလာမယ်။ အမှိုက်တွေ စနစ်တကျ စွန့်ပစ်လာမယ်၊ ပတ်ဝန်းကျင် သန့်ရှင်း လာမယ်၊ ဓါတုဗေဒသုံးစွဲမှု လျှော့လာပြီး စနစ်တကျ စိုက်ပျိုးမွေးမြူ လာလို့ ကျေးလက်စီးပွားရေးတွေ ကောင်းလာမှာဖြစ်တဲ့အပြင် အနာရောဂါကင်းစင်တဲ့ ကမ္ဘာမြေကြီးကို ပြန်လည် တည်ဆောက်နိုင်မယ်။ ရာသီဥတုတွေ ကောင်းမွန်လာပြီး သဘာဝ ဘေးအန္တရာယ်တွေ လျှော့ချ နိုင်သွားမယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည်ခံမယ်၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှု နည်းပြီး အထွက်တိုးလာမှာဖြစ်သလို ကျေးလက်နေပြည်သူ များရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမှာဖြစ်တဲ့အတွက် ဆင်းရဲမှုနှုန်းကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

                              ခန့်ဇော်၊ ကျေးလက်

ရည်ညွှန်းကိုးကားချက် -   (၁)     German Watch မှ Global climate risk index 2021

                                                  (၂)     World Population Review မှ Greenest Countries Ranking

                                                 (၃)     Center of Economic and Social Development (CESD)နှင့် Agribusiness and Rural Development Consultants

                                                            (ARDC)တို့မှ ရေးသားပြုစုထားသော ရှမ်းပြည်နယ်၊လယ်ယာ စီးပွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး 

                                                            ကာလတိုစီမံကိန်း

                                                 (၄)     Myanmar Nationally Determined Contribution -NDCs Reports (2020)