အရေးကြီးပြီး အလေးမပေးခဲ့သော …ကျေးလက်ကုန်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း
အရေးကြီးပြီး အလေးမပေးခဲ့သော …ကျေးလက်ကုန်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း
Ministry of Cooperatives and Rural Development | Sep 12, 2024
နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME)၊ အားလုံးကိုခြုံပြောရရင် MSME လုပ်ငန်းများရဲ့အခန်းကဏ္ဍ၏ဟာ အလွန် အရေးပါကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့SMEကဏ္ဍဟာ နိုင်ငံGDPရဲ့ (၃၀~ ၅၃)%၊ အလုပ်အကိုင်အားဖြင့် (၅၀~၉၅)% ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ SMEတွေကို ဘယ်သူတွေက ကျားကန် နေတာလဲဆိုတာ အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖြစ်ပါတယ်။ Micro Enterprise နဲ့ SME တွေ အပြန်အလှန်ချိတ်ဆက် မှီခိုနေရသလို Micro Enterprise တွေဟာ ကျေးလက်ဒေသ နေရာအများစုမှာ ရှိနေနိုင်ပါတယ်။ ရှိနေပါတယ်။ Micro Enterprise တွေကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန(SSID) က ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ SSID က ကြီးကြပ်ဆောင်ရွက်နေတဲ့ Micro Enterpriseလုပ်ငန်းများဟာ နိုင်ငံစီးပွားရေး…အထူးသဖြင့် ကျေးလက်ထုတ်ကုန်ဖွံ့ဖြိုးရေး နှင့် ကျေးလက်စီးပွားရေးအတွက် အရေးပါသော်လည်း အားပေးမှုအရမ်းနည်းနေတာကို တွေ့ရ ပါတယ်။ အရေးပါသော်လည်း အရာမရောက်သလိုဖြစ်နေပါတယ်။ ဘာ့ကြောင့် အရေးပါသလဲ၊ ရွာတွေမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကြတယ်။ ဘာတွေ ထုတ်လုပ်ရောင်းချပြီး ဘာတွေဝယ်သုံးကြသလဲ ကြည့်လိုက်ရင် ထုတ်လုပ်တာက စိုက်ပျိုးတာ၊ မွေးမြူတာပဲများပြီး Value Added အထိ မသွားနိုင်၊ လူသုံးကုန် စားသောက်ကုန် အများစု ဝယ်သုံးနေကြတယ်။ တစ်ကယ်တမ်း အများစုလူသုံးကုန်၊ စားသောက်ကုန်တွေက လုပ်လို့ရတယ်၊ သင်ပေးလို့ရတယ်။ နည်းပညာ၊ ငွေကြေး အများကြီးမလို။ ဒါကို SSID က ဆောင်ရွက်ပေးနိုင်တယ်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD)နဲ့ချိတ်ဆက်ပြီး သမဝါယမဦးစီးဌာနနဲ့ ချိတ်ပြီး ချေးငွေ အရင်းအနှီးအချို့ ရနိုင်တယ်။ မရောင်းရရင်တောင် ဝယ်မသုံးရအောင်၊ ထွက်ငွေနည်းအောင် အနည်းဆုံးအဆင့်အထိ ထုတ်လုပ်နိုင်တာကို တွေ့ရတယ်။
ပြည်ထောင်စုဝန်ကြီးက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သင်တန်းတွေနဲ့ရပ်မနေဘဲ ထုတ်လုပ်နိုင်အောင်အထိ၊ သုံးနိုင်အောင်အထိ၊ ချိတ်ဆက်ဆောင်ရွက်၊ နမူနာပြဆောင်ရွက်ရန် နေ့တိုင်းပြောနေ၊ လမ်းညွှန်နေပါတယ်။ ရွာရောက်တိုင်း ဒီအကြောင်းကို အပ်ကြောင်းထပ်အောင်ပြောနေပါတယ်။ ဒါ့ကြောင့် ခုလိုအားပေးလာတဲ့အချိန်မှာ အဖွဲ့အစည်း ကိုလည်း ပြင်ဆင်တိုးချဲ့ပြီး ယခင်ပြည်နယ်/ တိုင်းအဆင့်ရှိရာမှ ခုခရိုင်အဆင့်အထိ ရှိလာပြီမို့ ကျေးလက်ဒေသအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေကို ပိုမိုအားပေးနိုင်မယ်။ နည်းပညာသင်တန်း တွေ ပိုပေးနိုင်မယ်။ အရင်းအနှီးချိတ်ဆက်မှုတွေ ပိုလုပ်နိုင်မယ်။ ချေးငွေချိတ်ဆက်မှုတွေ ပိုလုပ် နိုင်မယ်ဆိုရင် ဒီကဏ္ဍ ရှင်သန်လာမယ်လို့ ယုံကြည်ပါတယ်။ ပြည်နယ်/ တိုင်းအားလုံးမှာ စံပြ ကျေးရွာစီမံကိန်းတွေ Pilot လုပ်နေပါတယ်။ အဲဒီရွာတွေမှာ ကျေးရွာရဲ့ ရှိပြီးစိုက်ပျိုးရေး၊ မွေးမြူရေးအရင်းအမြစ်တွေကို အခြေခံပြီး ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် ရမှာဖြစ်တယ်။
နိုင်ငံအတွင်း အသေးစားစက်မှု လက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုအခြေအနေ
အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ Micro Enterprise ပိုင်းကို အဓိကထား လုပ်ကိုင်တာဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း သိန်းကျော်ရှိနေ ပါတယ်။ SME မှတ်ပုံ တင်ပြီးအဖွဲ့ဝင်ကတ်ထုတ်ပေးထားတဲ့ လုပ်ငန်း (၇၀၀၀၀) ကျော်နှင့် Micro Enterprise အနေနဲ့ မှတ်ပုံတင်ပြီးလုပ်ငန်းပေါင် (၁၄၀၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း များ (Micro Enterprise)စုပေါင်းပြီး Micro မှတစ်ဆင့် Small၊ Small မှ တစ်ဆင့် Medium၊ Medium မှတစ်ဆင့် Large စသည်ဖြင့် တဖြေးဖြေး အဆင့်မြှင့်တင် ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ ဥပမာဆိုပါစို့… မန္တလေးမှ အာရှအချိုရည်လုပ်ငန်းဆိုရင် ဌာနက ဖွင့်လှစ်တဲ့ သစ်သီးယိုစုံနှင့် ဖျော်ရည်သင်တန်းများကို သင်တန်းသားစေလွှတ်တက်ရောက်စေခဲ့ပြီး ယခုဆိုရင် လုပ်ငန်းကလည်း အသေးစားမှ အလတ်စားအဆင့်သို့ ရောက်ရှိနေတာ တွေ့ရပါတယ်။ ဒီလိုမျိုး အောင်မြင်လာတဲ့၊ အဆင့်မြှင့်တင်ဆောင်ရွက်လာနိုင်တဲ့လုပ်ငန်းတွေ အများကြီးရှိပါတယ်။ လက်ရှိမှာ မှတ်ပုံတင် ထားသည့်လုပ်ငန်းမှာ ၁ သိန်းကျော်ရှိနေပြီး လုပ်ငန်းအရေအတွက် (၁၇၀၀၀) ကျော် ကောင်းမွန်စွာ လည်ပတ်လျက်ရှိတာကို တွေ့ရပါတယ်။
စက်မှုလက်မှုလုပ်ငန်းအနေနဲ့ မြင်းကောင်ရေ ၀.၂၅ မှ ၅အောက်နှင့် အလုပ်သမားအနေဖြင့် ၃ ဦး မှ ၉ ဦး အထိ သတ်မှတ်ထားရှိပြီး SMEလုပ်ငန်းအမျိုးအစားအနေနဲ့ (၁၃)မျိုးခွဲခြား ထားရှိ ပါတယ်။ မှတ်ပုံတင်ထားတဲ့လုပ်ငန်းအများစုမှာ စားသောက်ကုန်လုပ်ငန်းများဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး နှင့်နေပြည်တော်တွင် ပရိဘောဂလုပ်ငန်းများ အများစုရှိပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့တွင် စားသောက်ကုန်လုပ်ငန်းများကို အများဆုံးမှတ်ပုံတင်ထားရှိတာ တွေ့ရပါတယ်။ စားသောက်ကုန်လုပ်ငန်းကတော့ လုပ်ငန်းအမျိုးအစားအားလုံးရဲ့(၆၅)%ခန့်အထိ ရှိနေတာဖြစ် ပါတယ်။
အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းအားဖြင့် လုပ်ငန်းရှင်ဘက်မှ ရရှိနိုင်သည့်အခွင့်အလမ်း
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်မယ်ဆိုရင် မှတ်ပုံတင်ကြေး အနေနဲ့ (၁၀၀၀၀)ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်။ အခွင့်အလမ်းအနေနဲ့ပြောရမယ်ဆိုရင် စားသောက်ကုန် လုပ်ငန်းတွေအနေနဲ့ မှတ်ပုံတင်ခြင်းအားဖြင့် စူပါမားကတ်(Supermarket) တွေမှာ တင်ရောင်း တဲ့ခါ ဌာနကဓာတ်ခွဲစိစစ်ပြီး အတည်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် တရားဝင်ဖြစ်စေတဲ့ အားသာ ချက်ရှိပါတယ်။ သို့ပေမဲ့ လုပ်ငန်းတစ်ခုဆိုတာက လုံလောက်တဲ့အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ဆိုရင် နိုင်ငံတော်ဘက်က အရင်းအနှီးနဲ့ နည်းပညာပိုင်း ပံ့ပိုးပေးနိုင် ဖို့လိုသလို ဈေးကွက်ဖော်ဆောင်ပေးနိုင်ဖို့လည်းလိုပါတယ်။ လက်ရှိမှာ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနအနေနဲ့က အရင်းအနှီးထောက်ပံ့ ပေးနိုင်ရန် နည်းလမ်းရှာဖွေ ဆောင်ရွက်ဆဲကာလဖြစ်ပြီး နည်းပညာပိုင်းအရလည်း အဆင့်မီ နည်းပညာများ ပံ့ပိုးပေးနိုင်ရန် လူ့စွမ်းအား အရင်းအမြစ် (Human Resources-HR) များ မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်၊၊ သို့သော် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း စတင်လုပ်ကိုင်မည့်သူများအတွက်တော့ နည်းပညာအနေနဲ့ အများကြီး မြင့်မားဖို့မလိုတဲ့အတွက် ဒီလုပ်ငန်းတွေအတွက်တော့ နည်းပညာပိုင်းအရ ပံ့ပိုးပေး နိုင်မှုရှိတာကို တွေ့ရပါတယ်။ အရင်းအနှီးလိုအပ်ချက်အပိုင်းကိုတော့ အထက်မှာ ပြောခဲ့သလိုပဲ သမဝါယမ ဦးစီးဌာနရဲ့ချေးငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတဲ့ မြစိမ်းရောင်စီမံကိန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကုန်စည် ပြပွဲတွေ ပြုလုပ်ပြီး လုပ်ငန်းရှင်တွေကို ကုန်ပစ္စည်းများ ပြသရောင်းချစေတဲ့ နည်းလမ်းမျိုးနဲ့ ဈေးကွက်ဖော်ဆောင် ပေးဖို့လည်း လိုပါတယ်။
လုပ်ငန်းမျိုးတူများကို စုစည်းပြီး အသင်းအဖွဲ့အနေနဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ပိုမို အားကောင်းလာစေမှာဖြစ်ပါတယ်။ လုပ်ငန်းတူ (၉) ခုရှိလျှင် လုပ်ငန်းမျိုးတူစု ဖွဲ့စည်းလို့ရ ပါတယ်။ ယွန်းလုပ်ငန်းတွင် ဌာနမှ ဦးဆောင်၍ ယွန်းလုပ်ငန်းရှင်အသင်းဖွဲ့စည်းထားရှိသလို ယက်ကန်းလုပ်ငန်းရှင်များ အသင်းကိုလည်းဖွဲ့စည်းထားရှိပါတယ်။ ဌာနအနေနဲ့ ယက်ကန်း လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ လက်ယက်ထည်များဖြင့် ယှဉ်ပြိုင်သည့် ဖက်ရှင်နှင့် ဒီဇိုင်းပြိုင်ပွဲများ ပြုလုပ်ခဲ့သလို သင်တန်းပေးတာ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနဲ့ စာတမ်းဖတ်ပွဲများ ပြုလုပ်တာမျိုးတွေ ဆောင်ရွက်ပေးသင့်ပါတယ်။ သီခြားဘတ်ဂျက်မရှိသည့်လုပ်ငန်းများကို ကုန်ကျစရိတ် သက်သာစွာ ကျွဲကူးရေပါဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေကို စဉ်းစားဆောင်ရွက် ကြရမှာဖြစ်ပါတယ်။
သင်တန်းဖွင့်လှစ်ပို့ချပေးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းအနေနဲ့ ဌာနက ဖွင့်လှစ်ပေးလျက်ရှိရာမှာ ယွန်းပညာသင်တန်း၊ ရက်ကန်းသင်တန်းနဲ့ စားသောက်ကုန်၊ လူသုံးကုန်စက်မှုလက်မှုလုပ်ငန်းဆိုင်ရာသင်တန်းဆိုပြီး (၃)ပိုင်းရှိတာ တွေ့ရပါတယ်။ သင်တန်းဖွင့်လှစ်ပြီးတဲ့အခါ သင်တန်းနှင့်သက်ဆိုင်သည့် စစ်တမ်းများ ကောက်ယူမှုရတာ၊ (၁)လ (၁) ကြိမ် M& E ဆောင်ရွက်တာတွေ့ရလို့ အားရမိပါတယ်။
ရက်ကန်းသင်တန်း
ရက်ကန်းသင်တန်းအနေနဲ့ (၁၀)တန်းအောင်များအတွက် ဒီပလိုမာပေးတဲ့သင်တန်း (ပုံမှန် သင်တန်း)နဲ့ အလယ်တန်းအောင်တွေအတွက်သင်တန်း (ကာလတိုသင်တန်း)ဆိုပြီး သင်တန်း (၂)မျိုးရှိပါတယ်။ ပုံမှန်သင်တန်းမှာ ပညာအရည်အချင်းနှင့် အသက်ကန့်သတ်ချက်ရှိပြီး ကျောင်း အဆောင်များပေးခြင်းနှင့် သင်တန်းထောက်ပံ့ကြေးများပေးခြင်းများလည်း ရှိပါတယ်။ ဆောင်းဒါး ရက်ကန်းကျောင်းအနေနဲ့ ပုံမှန်သင်တန်းများကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့တွင် သင်တန်း (၅)မျိုး ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူဦးရေ စုစုပေါင်း (၃၂)ဦး တက် ရောက်လျက်ရှိကြောင်း သိရပါတယ်။ ဒီပလိုမာဘွဲ့ရရှိသူများအနေနဲ့ ရက်ကန်းသင်တန်း ကျောင်းမှာ ဆရာ၊ ဆရာမများအဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်သလို ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်တာ လည်း တွေ့ရပါတယ်။ အလယ်တန်းအောင် သင်တန်းဆင်းများအနေနဲ့ကတော့ မိတ္ထီလာနဲ့ ရန်ကုန်မှာရှိတဲ့ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံများမှာ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နိုင်ကြပါတယ်။ ယနေ့အချိန် အထိစာရင်းအရ ရန်ကုန်မြို့၊ သမိုင်းနှင့် မိတ္ထီလာ မြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံသို့ (၃၀)%ခန့်၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှာ (၃၅) % ခန့် ဝင်ရောက်လုပ်ကိုင်လျက်ရှိတာ သိရပါတယ်။
စက်ရက်ကန်း/ လက်ရက်ကန်းနဲ့ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်သူများကို ပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးလျက်ရှိတာ တွေ့ရပါတယ်။ ယခင်နှစ်များကဆိုလျှင် British Councilနှင့် ပူးပေါင်းပြီး ဒီဇိုင်းပညာ အဓိကထား၍ ဒီပလိုမာသင်တန်းသားများနှင့် ဆရာ/ ဆရာမများကို သင်ကြားပေးမှု များရှိပါကြောင်း၊ ဒီဇိုင်းတီထွင်ထားသည်များကို ဖက်ရှင်ပြိုင်ပွဲများတွင်ပြသခြင်းနှင့် ရောင်းချခြင်း များပြုလုပ်ပါကြောင်း၊ ဒီဇိုင်းပညာရပ်များကို လုပ်ငန်းရှင်များထံသို့ ပြန်လည်သင်ကြားပေးခြင်းများ ဆောင်ရွက်ပါကြောင်း သိရှိရပါတယ်။ လုပ်ငန်းရှင်များအနေဖြင့် သဘာဝဆိုးဆေးနှင့် ဒီဇိုင်းပိုင်းများကို ပိုမိုဆောင်ရွက်လာနိုင်သဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ပိုမိုရရှိလာတာတွေ့ရပါတယ်။ ဖက်ရှင် ဒီပလိုမာကို လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ (၁)နှစ်သင်တန်းသင်ရိုးညွှန်းတန်းများဖြင့် ဆောင်ရွက်သွား နိုင်ဖို့ ကြိုးစားလျက်ရှိသလို (၃)လသင်တန်းဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိတာ သိရတဲ့အတွက် အတော်ကို အားရကျေနပ်မိပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ ဆောင်းဒါးရက်ကန်း(သိပ္ပံ)အပါအဝင် ရက်ကန်သင်တန်းကျောင်းပေါင်း (၁၄) ကျောင်းရှိပြီး ဒီပလိုမာသင်တန်း (၁၅)ဦး၊ အထည်လိပ်ကျွမ်းကျင်သင်တန်းသား (၁၁၀)ဦး၊ လက်ရက်ကန်း သင်တန်း (၇၁)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။
သုတေသနပိုင်းအနေနဲ့ (၂) လ (၁)ကြိမ် တီထွင်စမ်းသစ်မှုများကို စမ်းသပ်ပြီး Research များကို ရုံးချုပ်သို့တင်ပြရပြီး၊ Renovation အနေဖြင့် လက်ငင်ချည်၊ ရွှေချည်ငွေချည်ထိုးများ၊ ဂျတ်ခုတ်ထည် များကိုလည်း Research ပြုလုပ်၍ ဈေးကွက်ဝင်အထည်များဖြစ်စေရေး ဆောင်ရွက်သွားဖို့ စီစဉ်လျက် ရှိတာသိရပါတယ်။ ချည်ခိုင်အားနှင့် ဆေးတာရှည်ခံအောင် ဆောင်ရွက်ရန်အချက်များကို စမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိသလို ရိုးရာမပျက်အောင် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက် လျက်ရှိခြင်း၊ သင်တန်းကျောင်းဆင်းလက်ရာများကိုလည်း ဒီဇိုင်းပြပွဲပြိုင်ပွဲများပြုလုပ်၍ ယှဉ်ပြိုင် စေခြင်းနှင့် လုပ်ငန်းရှင်များကိုလည်း ယှဉ်ပြိုင်စေခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ သင်တန်းသူများအနေဖြင့် အသိမြင်ဗဟုသုတနှင့် လုပ်ငန်းနယ်ပယ်ကို သိရှိနိုင်စေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါတယ်။ ချည်ခံအား တိုင်းတာသည့်စက်နှင့် နေရောင်ခံအားစမ်းသည့်စက်များ ကျောင်းတိုင်းတွင်ရှိပြီး စမ်းသပ်မှု များလည်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုလက်မှုသင်တန်း
စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုလက်မှုသင်တန်းများကို ပညာအရည်အချင်းအနေဖြင့် အလယ်တန်းအောင်သတ်မှတ်ထားပါတယ်။ စားသောက်ကုန်သင်တန်းသည် သီးနှံများ အများဆုံး ထွက်သည့် ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့တွင် ဒေသနှင့်ကိုက်ညီသည့်အတွက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ လူသုံးကုန်အနေနဲ့ ဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းများကို သင်ကြား ပေးပြီး စက်မှုလက်မှုလုပ်ငန်းအနေဖြင့် သံဂဟေစက်နည်း၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်းနှင့် အိမ်တွင်းမီးရိုက်သင်တန်းများကို သင်ကြားပေးပါတယ်။ သင်တန်းကို တက်ရောက်လိုသူများ ပါသော်လည်း သင်ကြားပြသပေးမည့်နည်းပြအင်အားနည်းပါးတာ၊ သင်တန်းပြီးမြောက်သော်လည်း လုပ်ငန်းလုပ်ကိုင်နိုင်ရန် ငွေကြေးအရင်းအနှီး ထောက်ပံ့မပေးနိုင်တာတွေကြောင့် အကျိုးသိပ် မများသလို ဖြစ်နေတာ တွေ့ရပါတယ်။ သင်တန်း (၁)ကြိမ်မှာ အနည်းဆုံး သင်တန်းသားဦးရေ (၅)ဦးကို ရင်းနှီးထောက်ပံ့ငွေအဖြစ် သင်တန်းအတွက်အသုံးစရိတ် ခေါင်းစဉ်အောက်မှ ထုတ်ချေး ပေးပြီး (၁) နှစ် အကြာမှာ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်သည့်စနစ်ကို ဆောင်ရွက်ပါက ပိုမို အကျိုးရှိမယ်လို့ ယူဆမိပါတယ်။
စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများကို ဒေသအလိုက် ထုတ်လုပ်ရောင်းချသုံးစွဲနိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ နိုင်ငံတကာက တင်သွင်းနေရတာတွေ လျှော့ချသင့်ပြီး ပြည်တွင်း ထုတ် လုပ်မှုကို တိုးမြှင့်သင့်ပါတယ်။ ဥပမာ- ဆပ်ပြာ/ ခေါင်းလျှော်ရည်ဆိုပါစို့၊ ဝယ်သုံးရတဲ့စရိတ် နည်းတာ မဟုတ်ဘူး။ ဒေသမှာပဲ ထုတ်လုပ်ရသမျှ ဈေးနှုန်းချိုသာစွာရောင်း၊ အနည်းဆုံး အိမ်ရဲ့ လိုအပ်ချက် အဖြစ် နေ့စဉ်သုံးရတာမို့ ဝယ်မသုံးရရင် ထွက်ငွေတော့ လျှော့ချနိုင်မှာဖြစ်ပါတယ်။ စားသောက်ကုန် လုပ်ငန်းတွေလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ Packaging ထုတ်ပိုးမှုပုံစံ ကောင်းကောင်းနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေက သွင်းကြပါတယ်။ တစ်ချို့စားသောက်ကုန်များဆိုရင် အန္တရာယ် အလွန်ရှိတာ တွေ့ရပါ တယ်။ ကျွန်တော်တို့နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်နေတာမို့ ကုန်ကြမ်း အလွယ်တကူရှိပြီး သန့်ရှင်းလတ်ဆတ် အန္တရာယ်ကင်းတဲ့ စားသောက်ကုန်တွေ များများထုတ်ပြီး ပြည်ပတင်သွင်းမှုကို လျော့ချသင့်ပါတယ်။
ယွန်းပညာကောလိပ်
ယွန်းပညာကောလိပ်အနေနဲ့ ယွန်းပညာရပ်ကို ရိုးရာမပျက်စေဘဲ ခေတ်မီနည်းပညာတွေဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ဒီပလိုမာ (၂)နှစ်သင်တန်းနှင့် ဘွဲ့ရ (၁)နှစ်သင်တန်းဆိုပြီး (၂)မျိုးရှိ ပါတယ်။ ဒီပလိုမာ (၂) နှစ်သင်တန်းပြီးဆုံးတဲ့ခါ သမဝါယမတက္ကသိုလ်ကို ဆက်ပြီး တက်ရောက် နိုင်မှာဖြစ်ပါတယ်။ ပုဂံဒေသရှိ ယွန်းထည်အသင်း၊ ယွန်းထည်တိုက်များမှ လုပ်သားများသည် ယွန်းပညာကိုလာရောက်သင်ကြားတာမျိုးလည်း ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအနေဖြင့် တက္ကသိုလ်ဆရာ/ဆရာမများပြန်လည်လုပ်ကိုင်ခြင်း၊ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းများအဖြစ် လုပ်ကိုင်ခြင်း၊ ကျန်ရှိသူများသည် ထိုင်းနိုင်ငံနယ်စပ် ရက်ကန်းလုပ်ငန်းသွားရောက်လုပ်ကိုင်းခြင်းနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်ခြင်းများရှိတာ တွေ့ရပါတယ်။ ကျောင်းမှ ထောက်ပံ့ကြေး (၃)သောင်း ပေးသော်လည်း ယွန်းပညာသီးသန့်သင်ကြားပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်သူ နည်းပါးပြီး လုပ်ငန်းရှင်များထံတွင်သာ သွားရောက်လုပ်ကိုင်သူများရှိတာ တွေ့ရပါတယ်။
တစ်ဖက်တွင်လည်း တက္ကသိုလ်၊ ကောလိပ်တို့၏အသက်ဖြစ်သည့် သုတေသနပိုင်းကို စဉ်းစားကြရမှာဖြစ်ပါတယ်။ ယွန်းပညာကောလိပ်အနေနဲ့ နည်းပညာဆိုင်ရာ Research များကို (၂)ပိုင်း ဆောင်ရွက်လျက်ရှိပြီး ယွန်းပစ္စည်းကို Innovation လုပ်၍ Marketing ဆောင်ရွက်နိုင်သည့်အပိုင်းနှင့် အသုံးပြုသည့် သစ်စေးနှင့် အရောင်များသည် လူကို အန္တရာယ်ဖြစ်စေမှု ရှိ/မရှိကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိတာ သိရပါတယ်။ သုတေသနရလဒ်အရ ယွန်းပစ္စည်းများကို အစားအသောက်ထည့်ရာတွင် အန္တရာယ်ကင်းကင်းဖြင့် အသုံးပြုလို့ရကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ် ပါတယ်။ သို့သော် ယွန်းထည်ပစ္စည်းများ တန်ဖိုးမှာမြင့်မားနေသဖြင့် သုံးစွဲသူနည်းပါး နေသေးတာ တွေ့ရတယ်။ ယွန်းထည်ဆိုးဆေးများကို ဂျပန်နိုင်ငံမှ မှာယူ၍ အသုံးပြုလျက်ရှိပြီး ယွန်းထည်ပစ္စည်း များကို အစားအသောက်အန္တရာယ်ကင်းစေရန်အတွက် သစ်စေးခြောက်စေရန် (၅)လခန့် မြေတိုက်သွင်း အခြောက်ခံရသဖြင့် အခြောက်ခံရန်သင့်လျော်မည့် အပူချိန်ကို စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်လျက် ရှိတာ သိရပါတယ်။ အစားအသောက်အတွက် ဘေးကင်းဖို့ကို အဓိကထားရမည်ဖြစ်သဖြင့် Package ထုတ်ရာတွင် ယွန်းထည်ပစ္စည်းကို အစားအသောက်များထည့်ရာတွင် အသုံးပြုနိုင်ကြောင်း အညွှန်း စာရွက် ထည့်ပေးခြင်းပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။
Incubation Center (သင်ကြားလေ့ကျင့်မှုစင်တာ) ဖွင့်လှစ်ထားရှိမှုနှင့် အကျိုးပြုနိုင်မှု
ဌာနမှ သင်တန်းပေးသော်လည်း လုပ်ငန်းရှင်ထွက်ပေါ်လာမှုမှာ နည်းပါးသဖြင့် ဌာနမှ မူဝါဒ ပြောင်း၍ အလုပ်လုပ်ချင်သူများကိုသာ ပို့ချပေးသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုမှ စတင် လုပ်ကိုင်မည့်လုပ်ငန်းရှင်များကို သင်ကြားပို့ချပေးခြင်းနှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုသည့်လုပ်ငန်းရှင် များကို သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လုပ်ငန်းရှင်ဘက်မှ လိုချင်တဲ့ နည်းပညာကိုသာ ဌာနဘက်မှ သင်ကြားပေးခြင်းနှင့် နည်းပညာဆိုင်ရာကူညီထောက်ပံ့ပေးခြင်း၊ အောင်မြင်နေသောလုပ်ငန်းရှင်များဆီသို့ လေ့လာရေး စေလွှတ်ပေးခြင်းနှင့် ဌာနရှိဓာတ်ခွဲခန်းတွင် စမ်းသပ်၍ ကောင်းမွန်ပါက မှတ်ပုံတင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်နယ်/ တိုင်းဒေသကြီးများတွင် Incubation Center များဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။ လုပ်ငန်းရှင်များ ဘက်မှ နည်းပညာများ တောင်းခံခြင်းများရှိသလို ပြည်နယ်/ တိုင်းဒေသကြီးများတွင် သင်တန်းများ ကြော်ငြာသဖြင့် လာရောက်ဆက်သွယ်ခြင်းများလည်းရှိပါသည်။ ဌာနမှ နှစ်စဉ်သင်တန်းလျာထား ချက်များအလိုက် Media မှတစ်ဆင့် ကြော်ငြာကာ ဖွင့်လှစ်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် ဌာနမှ သီးခြားခေါ်ယူစရာမလိုဘဲ တက်ရောက်လိုသောသင်တန်းသားများ များပြားလျက်ရှိပြီး အောင်မြင်မှုရှိတာ တွေ့ရပါတယ်။ Incubation Center ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင်စတင်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဖွင့်လှစ်သင်ကြားပြီး လုပ်ငန်းရှင်များ မွေးထုတ်ပေးလျက် ရှိပါတယ်။
အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာ စေရေးအတွက် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိသလို ဥပဒေ၊ နည်းဥပဒေနဲ့ မူဝါဒပိုင်းအရလည်း ခိုင်ခိုင်မာမာ ချမှတ်ထားရှိပြီးဖြစ်တာကို တွေ့ရပါတယ်။ ပြည်တွင်း သယံဇာတ ပစ္စည်းများကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း၊ ရိုးရာလက်မှုပညာများ ထိန်းသိမ်းခြင်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့အခြေခံမူတွေ ပါဝင်တာ တွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက SME ဥပဒေနဲ့ ဌာနရဲ့ဥပဒေအကြား ကွာဟနေတဲ့ အချက်ဖြစ်ပါတယ်။ SME ဥပဒေ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမတည်ငွေနှင့် လုပ်သား အင်အားပေါ်မူတည်၍ သတ်မှတ်ထားရှိပြီး ဌာန၏ဥပဒေတွင် ထုတ်လုပ်နိုင်စွမ်း (မြင်းကောင် ရေအား)နှင့် လုပ်သားအင်အားအပေါ်မူတည်ပြီး သတ်မှတ်ထားရှိတာဖြစ်ပါတယ်။ မြေပြင်နဲ့ကိုက်ညီမှု ရှိအောင် ဥပဒေ၊ နည်းဥပဒေကို တဖြေးဖြေး ပြင်ဆင်သွားနိုင်ဖို့ စဉ်းစားကြရပါမယ်။ မည်သို့ဆိုစေ ဥပဒေအရ သတ်မှတ်ထားတဲ့ အချက်တွေကိုတော့ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့၊ လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။
အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး ရေးကို စဉ်းစားကြရာမှာ ကျေးလက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Value Added တန်ဖိုးမြှင့် ထုတ်ကုန်များ ဖြစ်လာစေဖို့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)ကဲ့သို့ ပုဂ္ဂလိက-ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေဖို့ရာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။
Value Added အနေနဲ့ ဆန်၊ ဂျုံ၊ ပြောင်းနှင့် စိုက်ပျိုးရေးသီးနှံများကို အခြေခံပြီး ယခင်နှစ်များမှာ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အကောင်အထည်ဖော်နိုင်ဖို့လည်း လျာထားကြိုးပမ်းလျက်ရှိပေမဲ့ ကျေးရွာများအထိ ကွင်းဆင်း၍ စနစ်တကျဆောင်ရွက်ရန်အတွက် ဝန်ထမ်းအင်အားအခက်အခဲရှိနေတာ တွေ့ရပါတယ်။ ခရိုင်အဆင့်အထိ ရုံးများ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတဲ့အတွက် ဝန်ထမ်းအင်အားအခက်အခဲကတော့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဌာနအနေနဲ့ ဘတ်ဂျက်မှာ လုပ်ငန်းလျာထားပြီး Project Design ရေးဆွဲ ဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်မယ်လို့ ရှုမြင်မိပါတယ်။ လက်ရှိမှာတော့ Value Added အနေနဲ့ ပြည်နယ်/တိုင်းဒေသကြီးရှိ ဒေသထွက်ကုန် များအလိုက် Research များဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ဇီး၊ မကျည်းများပေါသဖြင့် ဌာနမှ ဇီး၊ မကျည်းဖျော်ရည်သင်တန်းများပို့ချခဲ့ပြီး လုပ်ငန်းရှင်များမှ ဇီး၊ မကျည်း ဖျော်ရည်များကို ထုတ်လုပ် ပြီး နိုင်ငံခြားထိ တင်ပို့ပေးနိုင်ပြီဖြစ်ပါကြောင်း၊ ပြင်ဦးလွင်တွင် တချိန်တုန်းက မက်မန်းသီးတစ်မျိုးသာ ထုတ်လုပ်နိုင်ပြီး ဌာနမှသင်တန်းများပို့ပေးသဖြင့် ယိုစုံများ ထုတ်လုပ်နိုင်သဖြင့် မက်မန်း လုပ်ငန်းရှင်မှ ယိုစုံလုပ်ငန်းရှင်များဖြစ်လာပါကြောင်း သိရတဲ့အတွက် အားတက်မိရပါတယ်။ ဌာနနှင့် MOU ရေးထိုးထားသည့် Asia Crank Link အဖွဲ့သည် ဂျပန်နိုင်ငံ လေဆိပ်မှာ မြန်မာနိုင်ငံ၏ ရှောစောင်တဘက်များနှင့် သစ်သားဖြင့်ပြုလုပ်ထားသည့် လက်မှု ထည်များကို ရောင်းချလျက်ရှိပြီး လုပ်ငန်းရှင်များအောင်မြင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာတာ၊ အမရပူရရှိ ပန်းပုရုပ်ထုလုပ်ငန်းများသည် နိုင်ငံခြားတင်ပို့ရန်အခက်အခဲရှိသဖြင့် ဌာနမှ ချိတ်ဆက် ဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ခဲ့ရာ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနိုင်လျက်ရှိတာတို့ကို တွေ့ရတာ အားရစရာပါပဲ။
နိုင်ငံတော်အကြီးအကဲနဲ့ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဌာန၏လုပ်ငန်း များကို အသေးစားစက်မှုလက်မှုဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး ချေးငွေမရရှိလျှင်သော်မှ ရသလောက်ဖြင့် Pilot စီမံကိန်းများ ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် သင့်လျော်သည့်ကျေးရွာများကို ရွေးချယ်ထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်သူများ/ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရင် ပိုမိုခရီးရောက်မှာ ဖြစ်ပါတယ်။ စံပြကျေးရွာများ တည်ထောင်နိုင်ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ကျေးလက်ကုန်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ အိမ်တွင်း စက်မှု လက်မှုလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။ မူဝါဒပိုင်းဆိုင်ရာအနေနဲ့ကတော့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အရင်းအနှီးနဲ့ ဈေးကွက်ပိုင်းကို သမားရိုးကျမဟုတ်သော၊ အောင်မြင်မှု ကြိုးစားမှုအလိုက်သော်လည်းကောင်း၊ သွင်းကုန် လျှော့ချနိုင်မှုအရသော်လည်းကောင်း၊ တီထွင်ဆန်းသစ်မှုအရသော်လည်းကောင်း သင့်တော်သလို စံသတ်မှတ်ချက်ထားပြီး နည်းလမ်းများရှာဖွေဖော်ထုတ်၍ နိုင်ငံတော်ဘက်မှ ပံ့ပိုးသွားရမှာဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
ခန့်ဇော် (ကျေးလက်)
ရည်ညွှန်းကိုးကားချက် - Myanmar Micro, Small, and Medium Enterprise Survey 2019 Descriptive Report
- အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဥပဒေ (၂၀၁၅)
- အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဥပဒေနည်းဥပဒေ (၂၀၁၆)
- အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ (၂၀၁၁)