အိန္ဒိယနိုင်ငံ၏သမဝါယမစနစ် ဆောင်ရွက်ချက်များအား လေ့လာခြင်း

Ministry of Cooperatives and Rural Development | Jul 22, 2024

အိမ်နီးချင်းနိုင်ငံများ၏သမဝါယမစနစ် ဖြစ်ထွန်းမှု၊ ဆောင်ရွက်မှုပုံစံ၊ အားသာချက်၊ အားနည်းချက်များအား လက်လှမ်းမီသမျှ လိုက်လံလေ့လာရင်းဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သမဝါယမစနစ်အကြောင်းကို ဦးစွာရေးသားဖြစ်ခဲ့သည်။ ယခုတစ်ဖန် အိန္ဒိယနိုင်ငံ၏ သမဝါယမ စနစ်ဆောင်ရွက်ချက်များအား လေ့လာသုံးသပ်မိသမျှ ပြန်လည်မျှဝေချင်မိရပြန်သည်။ မိမိတို့ နိုင်ငံနှင့် နယ်နမိချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏အောင်မြင်သောသမဝါယမစနစ်၊ ဆောင်ရွက်ချက်များအား လေ့လာရင်း သုံးသပ်ရင်းဖြင့် မိမိနိုင်ငံ၏သမဝါယမကဏ္ဍ ဖွံ့ဖြိုးမှုအနေ အထားနှင့် ချိန်ထိုးနှိုင်းဆအဖြေရှာကြည့်ရင်း တကယ်လုပ်ရင် တကယ်အောင်မြင်မည်ဖြစ်၍ သမဝါယမအသင်းများသို့ တွန်းအားပေးဆောင်ရွက်ရန် တွေးမိလာရသည်။

အိန္ဒိယနိုင်ငံ၏သမဝါယမစနစ်

အိန္ဒိယနိုင်ငံ၏သမဝါယမစနစ်ဆောင်ရွက်ချက်များကို ရှာဖွေဖတ်မှတ်ရင်းမှ ဦးစွာသတိပြုမိ သည်က သမဝါယမအသင်းများသည် အိန္ဒိယနိုင်ငံ၏စီးပွားရေး ဖွံဖြိုးတိုးတက်မှုတွင် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်သည့်အပြင် အိန္ဒိယနိုင်ငံကျေးလက်ဒေသ၏ ၉၈%ခန့်အထိ လွှမ်း ခြုံမှုရှိပြီး ကျေးလက်စီးပွားဖွံ့ဖြိုးမှု၏အဓိကမောင်းနှင်အားဖြစ်သည့်အချက်ပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် သမဝါယမစနစ်သည် 1903ခုနှစ်ဝန်းကျင်၊ ဗြိတိသျှကိုလိုနီလက်အောက်ခံ ကာလကတည်းက စတင်ခဲ့ခြင်းဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံထက် ၁၀စုနှစ် နှစ်ခုနီးပါး စောလျင် ခဲ့တာတွေ့ရသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာသမဝါယမ မဟာမိတ်အသင်း (International Cooperatives Alliance-ICA)၏ပထမဆုံး အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးကို ၁၉၆၀ ခုနှစ်ကတည်း ကပင် နယူးဒေလီတွင် ဖွင့်လှစ်ထားရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အမျိုးသားသမဝါယမအသင်းများသမဂ္ဂ (National Cooperative Union of India-NCUI)နှင့် အမျိုးသားအဆင့်စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်ရှာဖွေရေးသမဝါယမအဖွဲ့ချုပ် (National Agricultural Cooperative Marketing Federation-NAFED)တို့သည် ဒေသတွင်းမှ ICAသို့ ဝင်ရောက်ခဲ့သည့်ပထမဆုံးသောသမဝါယမ အသင်းများဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၏သမဝါယမသက်တမ်းသည် နှစ်ပေါင်း ၁၂၀ကျော်ပြီဖြစ်ရာ လေ့လာမှတ်သားစရာများ အမြောက်အများ တွေ့ရှိရသည်။

          ပထမဆုံးသောချေးငွေသမဝါယမအသင်းကို ၁၉၀၃ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သမဝါယမ ချေးငွေအသင်းများအက်ဥပဒေ(Co-0perative Credit Societies)ကို ၁၉၀၄ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်၍ သမဝါယမအသင်းအဖွဲ့များ၏တည်ရှိမှုကို ဥပဒေအရ ခိုင်မာမှုရှိအောင် အချိန်တို အတွင်း ဖန်တီးပေးနိုင်ခဲ့တာ တွေ့ရသည်။ ၁၉၂၉ ခုနှစ်၌ နောင်တွင် အမျိုးသားသမဝါယမ အသင်းများသမဂ္ဂ(National Cooperative Union of India- NCUI)ဟုခေါ်တွင်မည့် အိန္ဒိယ သမ ဝါယမအသင်းချုပ် (All India Cooperative Institutes Association)ကို ဖွဲ့စည်းခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားလျက်ရှိသည့်(၁၉၃၉-၁၉၄၅) ကာလတစ်လျှောက်တွင် အခြေခံလူသုံးကုန်ပစ္စည်း များ၏ကုန်ဈေးနှုန်းမြင့်တက်မှုများကိုဖြေရှင်းနိုင်ရန် စားသုံးသူရေးရာသမဝါယမအသင်းများ ပိုမို အားကောင်းလာခဲ့ပြီး တစ်ချိန်တည်းမှာပင် ပြည်သူအများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စက်မှုသမဝါယမအသင်းများ တိုးမြှင့်ဖွဲ့စည်းခဲ့တာတွေ့ရသည်။ စားသုံးသူသမဝါယမအသင်း များသည် ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာ အရောင်းအဝယ်ပြုလုပ်နိုင်စေရန် ဆောင်ရွက် ပေးခြင်းဖြင့် စားသုံးသူအားလုံး၏အကျိုးစီးပွားကို ကာကွယ်ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး လုပ်ငန်း သဘာဝအလိုက် သမဝါယမအသင်းများအား ယေဘုယျအားဖြင့် အောက်ပါအတိုင်းအမျိုးအစား ခွဲခြားနိုင်ပါသည်-

          (၁) စားသုံးသူသမဝါယမအသင်းများ၊

          (၂) ဈေးကွက်ဖော်ဆောင်ရေးသမဝါယမအသင်းများ၊

          (၃) တောင်သူလယ်သမားသမဝါယမအသင်းများ၊

          (၄) ကုန်ထုတ်လုပ်မှုသမဝါယမအသင်းများ၊

          (၅) အိမ်ရာသမဝါယမအသင်းများ၊

          (၆) ငွေချေးသမဝါယမအသင်းများ။

၁၉၁၂ ခုနှစ်တွင် အစောပိုင်းဥပဒေ၏အားနည်းချက်အချို့ကို ပြင်ဆင်သည့် သမဝါယမ အသင်းများအက်ဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါသည်။ ထို့နောက် ဌာနပေါင်းစုံသမဝါယမအသင်း များအက်ဥပဒေကို ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယအစိုးရက အတည်ပြုပြဌာန်းခဲ့ပါသည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း၌ ပေါင်းစပ်စီးပွားရေးပုံစံနှင့် ငါးနှစ်စီမံကိန်းများ (Mixed-Economy Model and Five-Year Plans)တွင် သမဝါဝမအသင်းများကို ဒီမိုကရက်တစ် စီးပွားရေး စီမံကိန်း ရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များအတွက် ကိုယ်စားလှယ်အဖွဲ့အစည်း (Principal Agency) အဖြစ် အသိအမှတ်ပြုထားရှိသည်ကို တွေ့ရသည်။

 

 

အသင်းအဖွဲ့များ ဖွဲ့စည်းမှုနှင့် အောင်မြင်မှု

          အမျိုးသားသမဝါယမအသင်းများသမဂ္ဂ(NCUI)သည် အိန္ဒိယနိုင်ငံ၏သမဝါယမလှုပ်ရှားမှု များအားလုံးကို ကိုယ်စားပြုသည့် အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် တောင်သူ လယ်သမားများ သက်သာချောင်ချိရေးဝန်ကြီးဌာနအောက်တွင် အမျိုးသားအဆင့် သမဝါယမ အသင်းများဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(National Cooperative Development Corporation-NCDC)ကို တရားဝင်အဖွဲ့အစည်းထားရှိသည်။ ပြည်နယ်ပေါင်းစုံသမဝါယမအသင်းများ ဖွံ့ဖြိုးလာ စေရေးအတွက် ဥပဒေ၊ မူဝါဒ၊ မူဘောင်များ ချမှတ်ဆောင်ရွက်နိုင်ရန်နှင့် သီးခြားအုပ်ချုပ်မှု ပံ့ပိုးပေးနိုင်ရန် သမဝါယမဝန်ကြီးဌာနကို ၂၀၂၁ခုနှစ်တွင် ဖွဲ့စည်းခဲ့တာတွေ့ရသည်။ လွှတ်တော်က ပြည်နယ်ပေါင်းစုံသမဝါယမအသင်းများနှင့်သက်ဆိုင်သည့်ဥပဒေများကို ပြဋ္ဌာန်းပေးပြီး ပြည်နယ် အဆင့်သမဝါယမအသင်းများသည် ပြည်နယ်အစိုးရများ၏စီမံပိုင်ခွင့်အောက်တွင်ရှိသည်။

          အာရှ၏ပထမဆုံးနှင့် ရှေးအကျဆုံးသော အိမ်ရာသမဝါယမအသင်းဖြစ်သော ဆာရာဆွပ် အိမ်ရာသမဝါယမအသင်း(Saraswat Cooperative Housing Society) ကို ၁၉၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယနေ့ထက်တိုင် ရပ်တည်နိုင်ဆဲဖြစ်သည်ကို တွေ့ရှိရသည်။ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ သမဝါယမစောင့်ကြည့်စစ်ဆေးမှုမှတ်တမ်းအရ ဂူဂျာရက်နို့ဈေးကွက်ရှာဖွေရေးသမဝါယမအသင်း ချုပ်(Gujarat Cooperative Milk Marketing Federation Ltd.-GCMMF)၊ အိန္ဒိယလယ်သမားများ မြေဩဇာသမဝါယမအသင်းလီမိတက်(Indian Farmers Fertilizer Cooperative Ltd.- IFFCO)၊ အူလွန်ဂါလ် အလုပ်သမားစာချုပ်စာတမ်း သမဝါယမအသင်းလီမိတက် (Uralungal Labor Contract Cooperative Society Ltd.-ULCCS)၊ ခရက်ရှက်ဘာရတီ သမဝါယမအသင်းလီမိတက် (Krishak Bharati Cooperative Ltd.-(KRIBHCO)နှင့် ဆာရာဆွပ်သမဝါယမဘဏ်(Saraswat Cooperative Bank)တို့သည် ကမ္ဘာ့ထိပ်တန်း အကြီးဆုံးသမဝါယမအသင်းအဖွဲ့ ၃၀၀ စာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဆာရာဆွပ်သမဝါယမဘဏ်(Saraswat Cooperative Bank)

၎င်းတို့အနက် ဆာရာဆွပ်သမဝါယမဘဏ်သည် ၁၉၁၈ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖို့ဘ်စစ်တမ်း(Forbes Survey)အရ အန္ဒိယနိုင်ငံ၏အကြီးဆုံးမြို့ပြသမဝါယမဘဏ်ဖြစ်သည်သာမက  ကမ္ဘာ့အကောင်းဆုံးဘဏ်စာရင်းတွင်လည်း အမြင့်ဆုံးအဆင့်မှပါဝင်သည်ကို တွေ့ရပါသည်။ ၂၀၂၀ ပြည့်နှစ် ဖို့ဘ်စစ်တမ်းအရ အိန္ဒိယ၏ထပ်တန်းဘဏ် (၁၀)ခုစာရင်းတွင် ဒုတိယ၊ ကမ္ဘာ့အဆင့် (၉)တွင် ရပ်တည်လျက်ရှိပြီး ပြည်နယ် (၆)ခုတွင် ဘဏ်ခွဲ့ပေါင်း (၂၈၀)ဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိပါသည်။

ဆာရာဆွပ်သမဝါယမဘဏ်ကဲ့သို့ပင် ကမ္ဘာ့အဆင့်အထိ လှမ်းတက်နိုင်ခဲ့သော သမဝါယမ အသင်းများအနက်တွင် ၁၉၂၅ ခုနှစ်၌ အလုပ်သမား ၁၄ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အူလွန်ဂါလ် အလုပ်သမားစာချုပ်စာတမ်းသမဝါယမအသင်းလီမိတက် (ULCCS)သည်လည်း တစ်ခုအပါအဝင် ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme-UNDP)မှ အသိအမှတ်ပြုရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်လျက်ရှိသည်ကို တွေ့ရှိရ  သည်။

အူလွန်ဂါလ်အလုပ်သမားစာချုပ်စာတမ်းသမဝါယမအသင်းလီမိတက် (ULCCS)

          အူလွန်ဂါလ် အလုပ်သမား စာချုပ်စာတမ်း သမဝါယမအသင်းလီမိတက် (ULCCS)သည် အိန္ဒိယ၏အမျိုးဇာတ်ခွဲခြားမှုကြောင့် အလုပ်အကိုင် မရရှိသည့် ဇာတ်နိမ့်ဆင်းရဲနွမ်းပါးသူများ အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းနှစ်များတွင် လမ်းသွယ်၊ လမ်းငယ်ကလေးများ ဖောက်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာမှ ကီရာလာပြည်နယ်အတွင်း လမ်းပေါင်း (၇၁၅,၀၀၀)၊ တံတား/ မိုးပျံ တံတားပေါင်း (၅၇၇)စင်းနှင့် အဆောက်အဦ (၂၄,၀၀၀) လုံး တည်ဆောက်နိုင်ခဲ့ပြီး ကျေးလက်ဒေသမှ အလုပ်သမား (၂,၀၀၀) ကျော်ခန့်အား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး နိုင်ခဲ့ပါသည်။ ထို့ပြင် ULCCSမှတည်ထောင်ခဲ့သည့် UL Cyber Parkသည် ကိုရှက်ကို့ဒီ (Kozhikode) ဒေသရှိ ပထမဆုံး သတင်းအချက်အလက်နည်းပညာအဆောက်အဦဖြစ်ပြီး ကုမ္ပဏီရုံးခွဲပေါင်း (၄၄) ခုရှိသည်။ မကြာသေးမီနှစ်များကလည်း ULCCS သည် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာသမဝါယမသင်တန်းများ ပံ့ပိုးပေးနိုင်ရန်အတွက် ပြည်နယ်အဆင့် အလုပ်သမား ရေးရာဦးစီးဌာနအောက်ရှိ အိန္ဒိယ အခြေခံအဆောက်အဦနှင့် ဆောက်လုပ်ရေးသင်တန်းကျောင်း- ကီရာလာအကယ်ဒမီ(Kerala Academy)၏မိတ်ဖက်ဖြစ်သော စကော့တလန်နိုင်ငံရှိ ဒန်ဒီတက္ကသိုလ် (University of Dundee)နှင့်ပူးပေါင်းခဲ့သည်။ အလုပ်သမားများအတွက် အလုပ်အကိုင်ဖန်တီးပေးရန် စတင်ခဲ့ရာ မှသည် ကျွမ်းကျင်လုပ်သား (Skillful Workers)များ မွေးထုတ်လာနိုင်သည့်အပြင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအဆင့်အထိပါ ချဲ့ထွင် တက်လှမ်းလာနိုင်သည်ကို အားရဖွယ် တွေ့မြင် ရသည်။

ဂူဂျာရက် နို့ဈေးကွက်ရှာဖွေရေး သမဝါယမအသင်းချုပ်(GCMMF)

          ဂူဂျာရက်နို့ဈေးကွက်ရှာဖွေရေးသမဝါယမအသင်းချုပ်အောက်ရှိAmulသည် ပထမဆုံးသော နို့ထုတ်လုပ်သူသမဝါယမအသင်းဖြစ်ပြီး “အိန္ဒိယ၏အရသာဟု လူသိများကြော်ကြားသည့် “Amul” ဟူသောအိမ်သုံးအမှတ်တံဆိပ်လေးသည် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် နို့ထွက်ပစ္စည်း အများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်စေခဲ့သည်။ ဆင်းရဲနွမ်းပါး နို့စားနွားမွေးမြူသူတောင်သူ များဖြင့် ၁၉၇၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် Amul သည် ဂူဂျာရတ်ရှိ နို့ထုတ်လုပ်သူ ၃.၆ သန်း ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာ ဂူဂျာရက် နို့ဈေးကွက်ရှာဖွေရေး သမဝါယမအသင်းချုပ်သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးနို့နှင့် နို့ထွက်ပစ္စည်းပြည်ပတင်ပို့သူ၊ အကြီးဆုံး လက်လီလက်ကား နို့ ရောင်းဝယ်ရေးကွန်ယွက်ကို တည်ထောင်ထားနိုင်သည့်အသင်းဖြစ်ပြီး လက်လီအရောင်းသမား ၁သန်း၊ လက်ကားအရောင်းသမား ၁၀,၀၀၀ခန့်ဖြင့် အရောင်းဆိုင်ရုံးခွဲပေါင်း ၆၁ရုံးအထိ ဖြန့် ကျက်ထားနိုင်သည်ကိုတွေ့ရပါသည်။

အိန္ဒိယလယ်သမားများမြေဩဇာသမဝါယမအသင်းလီမိတက် (IFFCO)

          အိန္ဒိယလယ်သမားများ မြေဩဇာသမဝါယမအသင်းကို မြေဩဇာထုတ်လုပ်မှုအတွက် အစိုးရ၊ အိန္ဒိယသမဝါယမအသင်းများ၊ အမေရိကသမဝါယမအသင်းများ(National Cooperative Business Association CLUSA International -NCBA CLUSA)တို့၏အထောက်အပံ့ဖြင့် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ  တောင်သူ ၅၅သန်းကျော်ပါဝင်သောကွန်ယက်တွင် အဖွဲ့ဝင်ပေါင်း ၃၆,၀၀၀ကျော် ရှိနေပြီဖြစ်သည်။ အစပိုင်းတွင် မြေဩဇာများ ထုတ်လုပ် ရောင်းချရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အထွေထွေအာမခံလုပ်ငန်းနှင့် ကျေးလက် ဒေသရှိ ဆက်သွယ်ရေးလုပ်ငန်း(Telecom)များအထိပါ  တိုးချဲ့လုပ်ကိုင်လာနိုင်ခဲ့သည့် အပြင် အိုမန်၊ ဂျော်ဒန်၊ ဒူဘိုင်း၊ ဆီနီဂေါ၊ ကနေဒါ စသည့်နိုင်ငံများအထိပါ ပူးပေါင်းဆောင်ရွက် မှုများ တိုးချဲ့လာနိုင်ခဲ့သည်။ ကမ္ဘာ့ပထမဆုံးသော နာနိုနည်းပညာသုံးယူရီးယားအရည်ကို စတင် ထုတ်လုပ်နိုင်ခဲ့ပြီး နာနိုနည်းပညာသုံးယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်သည့်စက်ရုံ တည် ထောင်နိုင်ရန် အာဂျင် တီးနား၊ ဘရာဇီးတို့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ အာရှနှင့် အာဖရိကရှိ တောင်သူများကို လေ့ကျင့်သင်ကြားပေးရေးနှင့် သမဝါယမအသင်းများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန် ၂၀၁၉ခုနှစ်တွင် ICA Africaနှင့် ပူးပေါင်းခဲ့သည်ကိုတွေ့ရသည်။

          ၂၀၁၈ခုနှစ်စာရင်းအရ အန္ဒိယနိုင်ငံတွင် သမဝါယမအသင်းအဖွဲ့ပေါင်း ၈၅၄,၃၅၅ ခန့်ရှိပြီး လူဦးရေ၏၂၁.၇%(290.06သန်း)ခန့် အဖွဲ့ဝင်အဖြစ်ပါဝင်သည်ကို တွေ့ရသည်။ သမဝါယမ အသင်းများမှ တိုက်ရိုက်အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ၁၃.၃%ခန့်ရှိပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင် နိုင်စေရန်ဖန်တီးပေးနိုင်မှု ၁၀.၉၁%ခန့်နှင့် ကျေးလက်ဒေသ၏ ၉၈%ခန့် လွှမ်းခြုံနိုင်မှုရှိသည်ကို အားရဖွယ်တွေ့ရှိရပါသည်။ အသင်းအဖွဲ့အင်အား ကြီးမားသည်နှင့်အမျှ လွှမ်းခြုံနိုင်မှုပမာဏ သည်လည်း ကြီးမားကျယ်ပြန့်ပြီး ထိရောက်မှုအားကောင်းသည်ကို အတုယူဖွယ် တွေ့မြင်ရ ပါသည်။

မူဝါဒ၊ ဥပဒေများဖြင့် အထောက်အပံ့ပြုမှု

၁၉၄၂ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်နယ်ပေါင်းစုံသမဝါယမအသင်းအဖွဲ့များအက်ဥပဒေကို ၁၉၈၄ ခုနှစ်တွင် အသစ် ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်ပင် ဗဟိုအစိုးရသည် သမဝါယမကဏ္ဍစုံဖွံ့ဖြိုးရေးရည်မှန်းချက်ဖြင့် အမျိုးသား အဆင့် သမဝါယမမူဝါဒကို ထုတ်ပြန်ခဲ့ပြီး ယင်းမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ (Task Force)များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် အမျိုးသားအဆင့် သမဝါယမ အသင်းများဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(NCDC)အက်ဥပဒေကိုလည်း ၂၀၀၂ ခုနှစ်တွင် တစ်ပြိုင် တည်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး သမဝါယမစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လူငယ်များ ပါဝင်လာစေရေး တွန်းအားပေးနိုင်ရန်အတွက် “Yuva Sahakar - Cooperative Enterprise Support and Innovation Scheme”ကို စတင်မိတ်ဆက်ခဲ့သည်။ ထို့ပြင် 2017-2018ဘဏ္ဍာရေး နှစ်၌ NCDC သည် “၂၀၂၂ခုနှစ်တွင် တောင်သူများ၏၀င်ငွေ နှစ်ဆတိုးပွားစေရန်”ဟူသည့် ရည်မှန်း ချက်ဖြင့်  “Mission Sahakar 22”ကို စတင်ခဲ့သည်။ Sahakar 22တွင် အောက်ဖော်ပြပါလုပ်ငန်း စဉ်များ ပါဝင်သည်ကို တွေ့ရသည်-

  • NCDC၏အကူအညီဖြင့် ခရိုင်(၂၂၂)ခုရှိ သမဝါယမအသင်းများကို အစုအဖွဲ့ အခြေပြု ချဉ်းကပ်မှုနည်းလမ်း(Cluster Based Approach)ကျင့်သုံး၍ ပေါင်းစည်းခြင်း)၊
  • အခြေခံစိုက်ပျိုးရေးချေးငွေအသင်းနှင့် APNA KISAN အရင်းအမြစ်စင်တာများကဲ့သို့ သမဝါယမအသင်းများအား ပြုပြင်ပြောင်းလဲခြင်း၊
  • အိန္ဒိယ၏အရှေ့နှင့် အရှေ့မြောက်ဒေသရှိ သမဝါယမအသင်းများကို အခြားသော လယ်ယာဗဟိုပြုအစီအစဉ်များနှင့် ပေါင်းစည်းခြင်း၊
  • သမဝါယမအသင်းများမှတစ်ဆင့် ဈေးကွက်ချိတ်ဆက်ပေးမည့် အဆင့်မီစင်တာများ (Centers of Excellence)တည်ထောင်ပေးခြင်း၊
  • သမဝါယမဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်ထားရှိသော Laxmanrao Inamdar National Academyမှတစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း၊

အိန္ဒိယနိုင်ငံရှိ သမဝါယမအသင်းများဆောင်ရွက်မှုပုံစံ

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် များများစားစား မပံ့ပိုးပေးနိုင်သည့် စိုက်ပျိုးရေးချေးငွေ နှင့် ရန်ပုံငွေများကို သမဝါယမအသင်းများက ထောက်ပံ့ပေးသည်။ စိုက်ပျိုးရေးကဏ္ဍအတွက် မဟာဗျူဟာမြောက် သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ စားသုံးသူလူ့အဖွဲ့အစည်းများအား စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်းများကို သက်သာသည့်နှုန်းထားဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက် ပေးသည်။ ကုန်စည်ထုတ်လုပ်သူဒိုင်များထံမှ တိုက်ရိုက်ဝယ်ယူခြင်းဖြစ်၍ ကြားခံပွဲစားများ မပါဝင် သည့်အတွက် ကုန်ပစ္စည်းများကို စားသုံးသူများထံ ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင် ရောင်း ချပေးနိုင်သည်။ ထွက်ကုန်များကို စီမံထုတ်လုပ်လိုသည့် တောင်သူလယ်သမားများအတွက်လည်း ၎င်းတို့၏ ကုန်ထုတ်အရင်းအမြစ်များကိုပေါင်းစပ်အသုံးပြု၍ နို့နှင့် နို့ထွက်ပစ္စည်း၊ သကြားစက် များ၊ ချည်မျှင်စက်များစသည့်လုပ်ငန်းအမျိုးအစားအလိုက် သမဝါယမအသင်းများ ဖွဲ့စည်းပေးသည်။ စာရင်းများအရ နို့ထွက်ပစ္စည်းသမဝါယမအသင်း ၁,၉၄,၁၉၅ သင်းနှင့် သမဝါယမသကြားစက် လုပ်ငန်း ၃၃၀ ရှိကြောင်း သိရှိရပါသည်။

          ခြုံငုံ၍ဆိုရလျှင် နည်းပညာ၊ ကုန်ကြမ်း၊ စက်ကိရိယာ၊ ယန္တရား၊ ငွေကြေး၊ ဈေးကွက်.. ဘာပဲလိုလို ထောက်ပံ့ ဖြည့်ဆည်းပေးမည့်ကဏ္ဍအလိုက်သမဝါယမအသင်းများ စုံစုံစေ့စေ့ရှိခြင်း သည်ပင် အိန္ဒိယနိုင်ငံတွင် သမဝါယမစနစ် ဖြစ်ထွန်းအောင်မြင်ရခြင်း၏အဓိကအချက်ဟု သုံးသပ် မိရပါသည်။ သို့သော် အောင်မြင်သူတို့ သွားရာလမ်းတွင်လည်း အတားအဆီးနှင့် စိန်ခေါ်မှုများ ရှိသည်ပင်။

သမဝါယမအသင်းများ ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများ

          အိန္ဒိယနိုင်ငံရှိသမဝါယမအသင်း အများစု ရင်ဆိုင်ရတတ်သည့် စိန်ခေါ်မှုများကို လေ့လာ ခဲ့ရာတွင် ယေဘုယျအားဖြင့် တွေ့ရှိရသည့်အချက်များမှာ-

  • ဒေသတွင်း နိုင်ငံရေးသမားများ၏လွှမ်းမိုးချုပ်ကိုင်မှုကို ခံရလေ့ရှိခြင်း၊  
  • ရန်ပုံငွေပြတ်လပ်မှု ကြုံတွေ့ရခြင်း၊ အစိုးရ၏အကူအညီ လုံလောက်စွာ မရရှိခြင်း၊ အစိုးရ၏အကူအညီနှင့် ထောက်ပံ့မှုများအပေါ်တွင် မှီခိုနေရသည်များရှိခြင်း
  • အဖွဲ့ဝင်များ၏စီမံခန့်ခွဲမှုစွမ်းရည် အားနည်းခြင်း၊
  • အတ္တပဋိပက္ခများ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာပဋိပက္ခများ စသည်တို့ကြောင့် အဖွဲ့ ဝင်များအကြား မကြာခဏပဋိပက္ခများစွာ ဖြစ်ပွားလေ့ရှိခြင်း စသည်တို့ဖြစ်သည်။

 

ရှေ့ဆက်ဆောင်ရွက်သင့်သည့်နည်းလမ်းများ

          စိန်ခေါ်မှုနှင့် အတားအဆီးများကို ကျော်လွှားနိုင်ရန် အောက်ပါအချက်များကို ဆောင်ရွက် သင့်ကြောင်း အဆိုပြုထားသည်ကို လေ့လာတွေ့ရှိရပါသည်-

  • သမဝါယမအသင်းများ ထူထောင်ရာတွင် ဒေသပတ်ဝန်းကျင်အခြေအနေကို ထည့် သွင်းစဉ်းစားသင့်ခြင်း၊ စိုက်ပျိုးရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမအသင်းများ သည် ပတ်ဝန်းကျင်ရှိ အရင်းအမြစ်များကို အတတ်နိုင်ဆုံးအသုံးချသင့်ခြင်း၊
  • ထိရောက်မှုအားနည်းသော သမဝါယမအသင်းများကို ဖျက်သိမ်းခြင်း/ အားကောင်း သည့်အသင်းများနှင့် ပေါင်းစည်းသင့်ခြင်း၊
  • ဘက်စုံဖွံ့ဖြိုးရေးရည်မှန်းချက်ထားရှိသည့် သမဝါယမအသင်းများဖြစ်သင့်ခြင်း၊
  • မြေယာမဲ့အလုပ်သမားများ၊ လက်မှုပညာသမားများ၊ အိမ်ငှားနှင့် သီးနှံစိုက်တောင်သူ များအတွက် ချေးငွေ သီးသန့်ထားရှိသင့်ခြင်း၊
  • ချေးငွေ(ခရက်ဒစ်)ဝန်ဆောင်မှုပေးသူများသည် လုံခြုံရေးအရတင်းကြပ်မှုများကို ဖြေ လျှော့ပေးခြင်းနှင့် အတိုးနှုန်း လျှော့ချသင့်ခြင်း၊
  • ကြိုးနီစနစ်၊ နိုင်ငံရေး စွက်ဖက်မှု၊ အုပ်ချုပ်ရေးဆိုင်ရာပိတ်ဆို့မှုများ စသည်တို့ကို ဖယ်ရှားသင့်ခြင်း၊
  • ကျန်းမာရေးနှင့် မိသားစုသက်သာချောင်ချိရေး၊ အထူးသဖြင့် ကလေးသူငယ်များ သက်သာချောင်ချိရေး၊ မိခင်များအတွက် မျှတသောအစားအစာအာဟာရ ရရှိရေး စသည်တို့နှင့်စပ်လျဉ်းသည့်အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်ပေးသင့်ခြင်း၊
  • အရွယ်ရောက်သူပညာရေးနှင့် စာတတ်မြောက်ရေးအစီအစဉ်များကို ကျေးလက်ဒေသ သမဝါယမအသင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ခြင်း။

အောင်မြင်သည့်သမဝါယမစနစ်ဖြစ်ထွန်းဖို့ ဘာတွေဆောင်ရွက်သင့်သလဲ?

          သမဝါယမအသင်းများသည် စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရခြင်းဖြစ်၍ ဒီမိုကရေစီ နည်းလမ်းကျကျ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန်လိုအပ်ပြီး အသင်းအဖွဲ့တွင် ပါဝင်သူများ အချင်းချင်း ညီညွတ်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိဝါဒကွဲပြားမှုမရှိစေရေးအတွက် တူညီသော ရည်မှန်းချက် ရှိရန်လိုသည်။ ကဏ္ဍအလိုက်၊ ဒေသအလိုက် လိုအပ်ချက်နှင့်လိုက်လျောညီထွေ ရှိသည့် အသင်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်မှသာလျှင် ထိရောက်မှုမြန်ဆန်မည်ဖြစ်ပြီး ရပ်တည် ချက်ခိုင်မာမှုရှိစေရေးအတွက် ကျောထောက်နောက်ခံပြုစရာ ဥပဒေများကို သက်ဆိုင်ရာကဏ္ဍ အလိုက်(ဥပမာ-အိန္ဒိယရှိ ပြည်နယ်ပေါင်းစုံသမဝါယမအသင်းအဖွဲ့များအက်ဥပဒေ၊  အမျိုးသား အဆင့်သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီအက်ဥပဒေ၊ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပြင်ဆင်ချက်စသည်..) ချမှတ်ထားရှိရန်လည်း လိုအပ်ပါသည်။

          ဒေသတစ်ခုနှင့် တစ်ခု ချိတ်ဆက်ထားခြင်း၊ ကဏ္ဍတစ်ခုနှင့် တစ်ခု လုပ်ငန်းကွင်းဆက်များ ချိတ်ဆက်ဖော်ဆောင်နိုင်ခြင်းသည် သမဝါယမအသင်းများ ရေရှည်ရပ်တည်နိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကြီးထွားလာစေခြင်း၏ အဓိကအကြောင်းရင်းခံဟု သုံးသပ်မိရပါသည်။ Nokiaကုမ္ပဏီသည်  အမှားများ မလုပ်ခဲ့သော်လည်း လုပ်သင့်လုပ်ထိုက်သည့် အပြောင်းအလဲကို ခေတ်နှင့်အညီ မဖန်တီး နိုင်လိုက်သည့်အတွက် နောက်ကျကျန်ရစ်ခဲ့သည်ကို သင်ခန်းစာယူဖွယ်ရာ သိမှတ် ခဲ့ရဖူးပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဖြင့် ရေရှည်ရပ်တည်နိုင်ရန်အတွက်ဆိုလျှင် ကာလံ၊ ဒေသံကိုလိုက်၍ မြေပြင်လိုအပ်ချက်နှင့်အညီ လိုက်လျောညီထွေပြုပြင်ပြောင်းလဲမှုကို အချိန်နှင့်တစ်ပြေးညီ ဖန်တီး နိုင်ရန် အလွန်အရေးကြီးပါသည်။ ကိုယ့်အခြေအနေ ကိုယ်သိအောင် လုပ်ခြင်း၊ အမှားကို မှားမှန်း သိခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းသည် အဓိကကျသည့် “အား”ဖြစ်ခြင်းကြောင့် တကယ်လုပ်/ မလုပ်၊ တိုးတက်မှု၊ အောင်မြင်မှု ရှိ/ မရှိကို ပုံမှန် စောင့်ကြည့်သုံးသပ်ရန် လိုအပ်ပါသည်။ သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက်ဆိုပါလျှင် မြေပြင်ပကတိအခြေအနေအရ လိုအပ်ချက်များအပေါ်မူတည်၍ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ခန့်ဇော်(ကျေးလက်)