"နမ့်ခင်မှသည် ရှမ်းအရှေ့တလွှားဆီသို့"

Ministry of Cooperatives and Rural Development | Jul 23, 2024

ကြင်လင်အေးမြစွာ တသွင်သွင် စီးဆင်းနေသော နမ့်ခင်းချောင်းဘေးဝဲယာ တစ်လျှောက်ရှိ စိုက်ခင်းတို့တွင် ကျိုင်းဖောင်းနှင့် ဆက်စပ်ရွာသားတစ်ချို့ ပျော်ရွှင်စွာ တက်ညီလက်ညီ လှုပ်ရှားနေ ကြသည်။  သူတို့သည် တစ်ခါဖူးမျှ မကြုံခဲ့ဘူးသော ခံစားမှုများဖြင့် ကြည်နူး ဝမ်းသာနေကြပြီး သူတို့သည် နမ့်ခင်ချောင်း ဘေးတဖက်စီတွင် မစိုက်ခဲ့ဖူးသော ဆောင်းသီးနှံများ၊ ထူးဆန်းအံသြဖွယ် လှပစွာ ယိမ်းနွဲ့ မြူးတူးလှုပ်ခါနေသော စိမ်းစိမ်းစိုစို စပါးပင်များကို ပီတိ လွှမ်းသောအပြုံးများဖြင့် ပြုစုနေကြသည်ကို ကြည်နူးဖွယ်မြင်နေရပါသည်။

သူတို့ဆိုသည်ကား ကျိုင်းဖောင်း၊ ဝမ်ပုံ ၊ ဝမ်လောက်၊ ဝမ်နားခမ်း၊ ဆွန်နော်ခမ်း၊ ဝေါ်ခုတ်နှင့် ကျန်စက်ကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသား တောင်သူဦးကြီးများနှင့် သူတို့၏  မိသားစုဝင်များ ဖြစ်ကြသည်။ သူတို့ ဒီမြေပေါ်မှာ မိုးစပါးစိုက်ပျိုးလုပ်ကိုင်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့။ အခြားသီးနှံများ သီးထပ်၊ သီးညှပ်မစိုက်ခဲ့ကြ။ စိုက်ရန်လည်း စိတ်ကူးမရှိခဲ့ကြ။ မိုးစပါး စိုက်ပျိုးမှု ဖြင့်သာ ရောင့်ရဲတင်းတိမ်ပြီး၊ ကျေနပ်နေခဲ့ကြသည်။ ယခုတော့ မိုးစပါး တစ်ခုတည်းသာ မဟုတ်တော့ဘဲ ‌နွေစပါး၊ ဆောင်းရာသီ သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလုပ်ကိုင်လာနိုင်ကြပြီဖြစ်သည်။ ဤသည်ကား နမ့်ခင်ချောင်းဆိုလာ ရေတင်စနစ်၏ အကျိုးရလဒ်များပေတည်း။

ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်းဆိုလာရေစနစ်ဖြစ်ပေါ်လာပုံ

နမ့်ခင်ချောင်းဆိုလာရေစနစ် စတင်ဆောင်ရွက်ခဲ့သည့် အကြောင်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ခရီးစဉ်တွင် "ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်း ဝဲ/ယာ တလျှောက်တွင် ရေစု၍ နေရောင်ခြည်စွမ်းအင်သုံးဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ရန်"လမ်းညွှန်ခဲ့ပါ သည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ပြည်သူများအတွက် လူမှုစီးပွားဘဝ မြင့်မားလာစေမည့် စေတနာမွန် ပင်ဖြစ်ပေသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆိုလာရေတင်စနစ်ကို နှစ်နေရာ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်း ဆိုလာရေတင်စနစ်ကို သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မတ်လ ဒုတိယ အပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ မတ်လကုန်တွင် စတင်လည်ပတ်နိုင်ခဲ့သည်။ ဤလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ ခွင့်ပြု ရန်ပုံငွေကျပ် ၁၀၉ ဒသမ ၂၀သန်းဖြင့် နမ့်ခင်ချောင်း၏ တစ်ဖက်စီတွင် ဆိုလာရေတင်စနစ် နှစ်ခုကို ဆောင်ရွက်ပေးခဲ့ပါသည်။ ဆိုလာပြား(၁)ချပ်လျှင်( ၄၅၀ )ဝပ်ဖြင့် ဆိုလာပြား( ၃၂ )ချပ် မှ ( ၁၄၄၀၀) ဝပ် (၁၄.၄KW) ဖြင့် ဆိုလာပန့် (10HP-၂ စုံ) ဖြင့် ချောင်းစပ်ရေခေါ်မြောင်းမှ (၁)နာရီလျှင်  ရေဂါလံ (၂၉၀၀၀)နှုန်းဖြင့် စုတ်ယူပြီး၊ လေးလက်မပိုက်လိုင်း အရှည်ပေ (၄၀၀၀)မှ တစ်ဆင့် ၊ ၂"Øပိုက်များ တိုင်(၂၀)ထုတ်ယူပြီး စိုက်ပျိုးခင်းများသို့ အလှည့်ကျ ရေဖြန့်ဝေပေးသည့် စနစ်ဖြစ်၍၊ နေ‌ရောင်ခြည် အလုံအလောက်ရရှိသည့် နံနက်(၁၀)နာရီမှ ညနေ (၄)နာရီထိ၊ (၆)နာရီတွင် (ချောင်းတစ်ဖက်စီ၌) ရေဂါလံ(၁)သိန်း(၇)သောင်းခန့် စိုက်ပျိုးရေပေးဝေးနိုင်သဖြင့် နမ့်ခင်ချောင်းတစ်ဖက်စီ တွင် စိုက်ပျိုး ဧက ၃၀) စီ၊ နှစ်ဖက်ပေါင်း ဧက (၆၀) ကို လုံလောက်စွာ ရေဖြန့်ဝေပေးနိုင်သည်ကို တွေ့ရပါသည်။

အကျိုးပြုပေးနိုင်မှုအခြေအနေ

          ကျေးရွာအုပ်စု(၂)ခု ဖြစ်သည့် ကျိုင်းဖောင်းအုပ်စု နှင့် လွယ်လုံအုပ်စုတို့မှ ကျေးရွာ(၇)ရွာ၊        ကျေးရွာများမှ တောင်သူ(၃၃)ဦးတို့၏ နမ့်ခင်ချောင်း တစ်ဖက်စီတွင်ရှိသော စိုက်ပျိုးမြေဧက (၆၀) မှာ မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးပါက အေးဆေးစွာ အနားယူတတ်သော တောင်သူဦးကြီးများမှာ ယခု တော့ မြေကိုအနားမပေးလို၊ စက်သုံးဆီ မကုန်ပဲ ရနေသော ရေကို အကျိုးရှိရှိ အသုံးချရန် ဆန္ဒများ ပြင်းပြနေကြပြီဖြစ်သည်။ မိုးစပါး(မှော်ဘီ-၃၊ ရွှေရင်အေးမျိုး)တို့ဖြင့် တစ်ဧက စပါးတင်း (၇၅)တင်း ကျော်နှုန်း ထွက်ရှိခဲ့ပြီး နွေစပါး(ရွှေရင်အေးမျိုး)ကို ဆိုလာရေတင်စနစ် ဖြင့် စိုက်ပျိုးခဲ့ရာ (၁)ဧက စပါးတင်း(၈၀)ကျော် ထွက်ရှိခဲ့ကြပြီးသည့်တိုင် မကျေနပ်နိုင်သေး၊ ဆောင်းရာသီတွင် ဆောင်းသီးနှံ များဖြစ်သည့် ရွှေဖရုံ၊ ဂေါ်ရခါး၊ ခရမ်းချဉ်၊ ပြောင်း၊ ချဉ်ပေါင်၊ အာလူး၊ ရွှေပဲရွက်၊ နံနံပင်၊ ငရုတ်၊ မေမြို့ပန်း စသည့်သီးနှံများကို တစ်ပျော်တစ်ပါး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက် ဝင်ငွေတိုးတက် ရရှိနေကြပြီဖြစ်သည်။ ယခင်က နမ့်ခင်ချောင်းမှ ရေကို နွေရာသီ၊ ဆောင်းရာသီတို့တွင်  အကျိုးရှိစွာ မသုံးတတ်ကြပဲ၊ ရေတင်ရာတွင်လည်း ကုန်ကျမည့် ဒီဇယ်တန်ဖိုးနှင့်မကိုက်၊ လုပ်အားဆုံးရှုံးမှု၊ အချိန်ဆုံးရှုံးမှုတို့သာ ရှိမည်ဟု ဆိုခဲ့ကြဖူးသည်။ ယခုတော့ ရေတင်ရန်လိုအပ်သည့် နွေရာသီကာလ နွေစပါး(၁)ဧကလျှင် ငွေကျပ်(၃၅၀၀၀၀)ခန့်နှင့် ဆောင်းရာသီကာလ ဆောင်းသီးနှံများအတွက် (၁)ဧကလျှင် ငွေကျပ် (၆၀၀၀၀)ခန့် စက်သုံးဆီကုန်ကျစရိတ်များ သက်သာသွားသည့်အတွက် ကျေးရွာတောင်သူများမှ ဆိုလာရေတင်စနစ်ကို အကျိုးရှိရှိ အသုံးချတတ်နေပြီဖြစ်သည်။

          နမ့်ခင်ချောင်း ဆိုလာရေတင်စနစ်ဖြင့် တစ်ဖက်လျှင်စိုက်ပျိုးမြေ (၃၀)ဧက စီဖြင့် နှစ်ဖက် ပေါင်း (၆၀)ဧကတွင် ယခုလက်ရှိစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော စိုက်ပျိုးသီးနှံများအနေဖြင့် နွေသီးနှံအဖြစ် နွေစပါး(ရွှေရင်အေးမျိုး)၊ မိုးသီးနှံအဖြစ် မိုးစပါး(မှော်ဘီ-၃)၊ ဆောင်းရာသီတွင် ဆောင်းသီးနှံအဖြစ် ရွှေဖရုံ၊ ဂေါ်ရခါး၊ ခရမ်းချဉ်၊ ပြောင်း၊ ချဉ်ပေါင်၊ အာလူး၊ ရွှေပဲရွက် ၊နံနံပင်၊ ငရုတ်နှင့် သီးနှံစုံ၊ မေမြို့ပန်းတို့ကို သီးထပ်(၃)သီး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မှု

          ထိုကဲ့သို့ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်တွင် လာရောက် ကြည့်ရှုအားပေးကာ သမဝါယမဦးစီးဌာနမှ ယူရီးယားနှင့် ပုလဲဓါတ်မြေဩဇာ စသည့် သွင်းအားစု များ ထောက်ပံ့ပေးခြင်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (CK 2810) နှင့် ပြည်နယ်ရန်ပုံငွေဖြင့် (DF 3510) ထွန်စက်(၂)စီးတို့ကို တန်ဖိုး(၅၀%) လျော့ချ၍ အရစ်ကျရောင်းချသည့် စနစ်ဖြင့် တောင်သူများသို့ ပံ့ပိုးအားဖြည့်ပေးခြင်းနှင့် သမဝါယမအသင်းစုများ စုပေါင်းဖွဲ့စည်းပေးခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနမှလည်း နမ့်ခင်ချောင်းဆိုလာ ရေတင်စနစ်နှစ်ခုအတွက် ချောင်းရေများ စုပ်ယူနိုင်ရန် ချောင်းအလယ်တွင် ရေတားတမံတည်‌ဆောက်ခြင်း၊ ရေစုပ်ဘီလူခေါင်း ချသည့်နေရာတွင် ရေခေါ်မြောင်း ပြုလုပ်ပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ပျိုးနည်းစနစ်၊ မြေဩဇာကျွေးခြင်း၊ စနစ်တကျရေသွင်းပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်တတ်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

မိုင်းခတ်မြို့နယ်၊ တောင်သုံးလုံးကျေးရွာဆိုလာရေတင်စနစ်

နမ့်ခင်ချောင်းဆိုလာ ရေတင်ဆောင်ရွက်နေချိန်နှင့် တပြေးညီကာလတွင် မိုင်းခတ်မြို့နယ်၊ တောင်သုံးလုံးကျေးရွာဆိုလာရေတင်စနစ်ကိုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်(မွမ်းမံ)ရန်ပုံ‌ငွေမှ ကျပ်     ၄၄ ဒသမ ၂ သန်းဖြင့် ၄၅၀ ဝပ်ဆိုလာ (၂၆)ချပ်၊ 7.5 HP ဆိုလာပန့်တို့ဖြင့် ဆိုလာရေတင်စနစ်ကို နမ့်လွေချောင်းဘေးတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ တောင်သုံးလုံးရွာမှ တောင်သူများလည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ယခင်တစ်သီးတည်းစိုက်ပျိုးကြရာမှ ယခုအခါမိုးသီးနှံအဖြစ် ရွှေရင်အေး၊ ပုလဲသွယ်၊ ခေါက်မွန်သောက်မျိုး စပါးမျိုးများ၊ နွေသီးနှံအဖြစ် ရွှေရင်အေးစပါးမျိုး၊ ဆောင်းသီးနှံ အဖြစ် နေကြာ၊ မြေပဲ၊ ကြက်သွန်နီ၊ ကုလားပဲ၊ မုန်ညှင်း၊ နံနံပင်၊ ဆလပ် တို့ကို သီးထပ်(၃)သီး တိုးချဲ့  စိုက်ပျိုးလာနိုင်ခြင်းကြောင့် ဝင်ငွေများတိုးတက် ရရှိလာခဲ့ကြပြီဖြစ်သည်။

ကျိုင်းတုံမြို့နယ်၊ တုံဆီကျေးရွာတွင် ဆိုလာရေတင်စနစ်

          အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ၄၃ ဒသမ ၅၉    ကျပ်သန်းဖြင့် ကျိုင်းတုံမြို့နယ်၊ တုံဆီကျေးရွာတွင် ဆိုလာရေတင်စနစ်ကို လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။  ထိုစနစ်၏ ထူးခြားချက်မှာ ချောင်းရေတင်မဟုတ်ပဲ ၊ မြေအောက်ပေ (၂၀၀) အနက်မှ ရေကို ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ပြီး အနက်ပေ(၂၀၀) အကျယ် လေးလက်မ ရေတွင်းတူးဖော်ခြင်း၊ (၅၄၀)ဝပ် ဆိုလာ (၁၀)ချပ်ဖြင့် 3HP ဆိုလာပန့်တပ်ဆင်ခြင်း၊ အမြင့်(၁၂)ပေ၊ ရေဂါလန်(၂၄၀၀)ဆံ့ ရေစင်တည် ဆောက်ခြင်းတို့ကို တည်ဆောက်အကောင်အထည်ဖော်ကာ စိုက်ပျိုးဧက(၁၁၀)ဧကသို့ ရောက်ရှိ မည့် ရေမြောင်းအတွင်း စိုက်ပျိုးရေများ ပို့လွှတ်‌ပေးခြင်းဖြစ်ပါသည်။

အကျိုးပြုပေးနိုင်မှု

          တုံဆီကျေးရွာ ဆိုလာရေတင်စနစ်သည် တစ်နာရီလျှင် ရေ(၃၀၀၀)ဂါလံထိ ထွက်ရှိပြီး၊ တစ်နေ့လျှင် နေရောင်ခြည်အလုံအလောက် ရရှိသည့် နံနက်(၉)နာရီမှ  ညနေ(၄)နာရီထိ စုစု‌ပေါင်း (၇)နာရီတွင် ရေဂါလံပေါင်း (၂၁၀၀၀)ဂါလံကို စုပ်တင်ဖြန့်ဝေနိုင်ပါသည်။ တောင်သူ (၈၀)   ဦး၏ စိုက်ပျိုးဧက (၁၁၀)ဧကကို အကျိုးပြုပေးလျက်ရှိပါသည်။ တောင်သူများ၏ အဓိကစိုက်ပျိုး သီးနှံများမှာ အာလူး၊ ခရမ်းသီး၊ ပဲတောင့် တို/ရှည်၊ ရွှေပဲသီး၊ မုံညှင်း၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ဖြစ်ပြီး လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ၊ စိုက်ပျိုးမြေ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ် များရရှိသည့် အသုံးပြုသဖြင့် လှပဖွံ့ထွားသော သီးနှံထွက်ကုန်များကို ရွာအရောက်၊ စိုက်ကွင်း အရောက် ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် လက်ကားလာရောက်ဝယ်ယူ နေကြသည်မှာ အားရကျေနပ်စရာပင်ဖြစ်ပါသည်။

ထပ်မံတိုးချဲ့ဆောင်ရွက်မည့် ကျိုင်းတုံမြို့နယ် စန်ဆတ်ကျေးရွာ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် မေလ ဒုတိယအပတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်တွင် အောင်မြင်နေသော နမ့်ခင်ဆိုလာရေတင် စနစ်ကို ကျိုင်းဖောင်း(နမ့်ခင်ချောင်း) ရေအသုံးပြု၍ ဆိုလာရေတင်စနစ် ဖြစ်ထွန်းအောင်မြင်မှုကို အသိအမှတ်ပြု ချီးကျုးခဲ့ပြီးနောက် စန်ဆတ်ကျေးရွာ တောင်သူများအတွက် ထပ်မံဆောင်ရွက် ပေးရန် ထပ်မံလမ်းညွှန်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ ကျေးရွာသား၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ကွင်းဆင်း တိုင်းတာနေကြပြီဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အားထုတ်မှု၊ စေတနာထားဆောင်ရွက်နေမှုတို့မှာ အားရစရာပင်ဖြစ်သည်။

နိုင်ငံ‌တော်အကြီးအကဲ၏ လမ်းညွှန်မှု စေတနာမွန်ဖြင့် စတင်ခဲ့သော ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်း၊ မိုင်းခတ်မြို့နယ်၊ နမ့်လွေချောင်းတို့မှ အစပြု၍ ဆိုလာရေတင်စနစ်များ ဆောင်ရွက် နိုင်မှုကြောင့် ကျေးရွာများ၏ သီးနှံမျိုးစုံ ထွက်ကုန်များ တိုးတက်ကာ ကျေးလက်နေပြည်သူများ အတွက် ဝင်ငွေများတိုးတက်လာပြီး လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိရာ ယခုအခါ စန်ဆတ်ကျေးရွာ ထပ်မံတိုးချဲ့ဆောင်ရွက်လာတော့မည်ဖြစ်၍ ဒေသခံပြည်သူများ အနေဖြင့် အတိုင်းထက်လွန် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမျှော်လင့်နေကြမည်မှာ အမှန်ပင်ဖြစ်သည်။

          အချုပ်အားဖြင့်ဆိုရသော် ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်းဆိုလာရေတင်စနစ်မှ အစပြု၍ မိုင်းခတ်မြို့နယ် တောင်သုံးလုံးကျေးရွာ၊ ကျိုင်းတုံမြို့နယ် တုံဆီကျေးရွာနှင့် ယခုအစပျိုးနေသည့် စန်ဆတ်ကျေးရွာများသာမက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တခွင်သို့ ဆိုလာရေတင်စနစ်လုပ်ငန်းများ ဆက်လက်ခြေဆန့်ပေအုံးမည်ဖြစ်ရာ အဆိုပါ ဆိုလာရေတင်စနစ်များကြောင့် စိုက်ပျိုးထုတ်ကုန်များ တောင်လိုပုံကာ ဝင်ငွေများ တိုးပွားလာပြီး ကျေးလက်ပြည်သူများ၏ လူမူစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း "နမ့်ခင်မှသည် ရှမ်းအရှေ့ တလွှားဆီသို့" ဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားဖော်ပြလိုက်ရပါသည်။

(တင့်ဝေ ၊ နမ့်ခင်)