‘‘လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မီးထိန်ထိန်လင်းနေသော ကွမ်းခြံကြီးကျေးရွာ’’

Ministry of Cooperatives and Rural Development | Jul 23, 2024

ကျွန်မတို့ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း(၆၃၂၁၇)ရွာရှိပြီး လူဦးရေ (၇၀%)သည် ကျေးလက်ဒေသတွင် နေထိုင်ကြပါသည်။ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလိုအပ် လျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများတွင် ပင်မ ဓါတ်အားလိုင်းများနှင့် မဆက်သွယ်ပေးနိုင်သောကြောင့် လျှပ်စစ်မီးမပေးနိုင်သည့်ဒေသများ ရှိနေပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာအများစုမှာ ရေလမ်းခရီးဖြင့်သာ သွားလာနိုင်သည့် အတွက် လျှပ်စစ်မီး မရရှိနိုင်သေးသည့် ကျေးရွာများစွာ ကျန်ရှိနေပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှသည် နိုင်ငံတစ်ဝန်း ဝေးလံခေါင်ဖျားဒေသများရှိ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရန်ခက်ခဲသောကျေးရွာများ အတွက် မဟာဓါတ်အားလိုင်းပြင်ပစနစ်(တစ်အိမ်သုံးဆိုလာစနစ်၊ အသေးစားဓါတ်အားပေးစနစ်) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း၊ မဟာဓါတ်အားလိုင်းပြင်ပစနစ် (NEP(Off-Grid)) (၂၀၁၆-၂၀၂၁)ကို ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့်   အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစတင်၍ ယခု ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် မဟာဓါတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆက်လက်  ဆောင်ရွက်ပေး လျက်ရှိပါသည်။

မဟာဓါတ်အားလိုင်းပြင်ပစနစ်

          မဟာဓါတ်အားလိုင်းပြင်ပစနစ်ဆိုသည်မှာ မဟာဓါတ်အားလိုင်းမှ (၁၀)မိုင်နှင့်အထက် ဝေးကွာသွားသည့် ကျေးရွာနှင့် မဟာဓါတ်အားလိုင်းမှာ နောင်လာမည့် (၁၀)နှစ်မှ (၁၅)နှစ်အတွင်း မီးမရရှိနိုင်သေးသည့် ကျေးရွာများတွင် အကြိုမီးလင်းရေးစနစ် (Pre-Electrification ) အနေဖြင့် တစ်အိမ်သုံးဆိုလာစနစ် (Solar Home System)နှင့် အသေးစားဓါတ်အားစနစ် (Solar Mini Grid)များကို ဆိုလာ၊ ရေအား၊ လေအား၊ ဇီဝဒြပ်ငွေနှင့် ဇီဝဒြပ်ထု အသုံးပြု၍ မဟာဓါတ်အားလိုင်း  မရောက်မီ အစောပိုင်းကာလမီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ထိုသို့မဟာ ဓါတ်အားလိုင်းပြင်ပစနစ်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးခဲ့သော ကျေးရွာများတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ကွမ်းခြံကြီးကျေးရွာသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။

ကွမ်းခြံကြီးကျေးရွာ

          မြောင်းမြမြို့နယ်တွင်  ကျေးရွာအုပ်စု(၉၈) အုပ်စုရှိပြီး ကျေးရွာပေါင်း(၄၉၂) ရွာ ရှိပါသည်။ စာရေးသူတို့အဖွဲ့သည် မြောင်းမြမြို့နယ် ပြင်ရွာမှတစ်ဆင့် (Solar Mini Grid)ဆောင်ရွက်ထားသည့် ကွမ်းခြံကြီးကျေးရွာသို့ ရေလမ်းခရီးဖြင့်သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ မြောင်းမြမြို့နယ်မှ စက်ကုန်း (ဒိုးပတ်)ဆိပ်ကမ်းသို့ ကားဖြင့် (၄၅)မိနစ်ခန့် စီးရပြီး စက်ကုန်း(ဒိုးပတ်)ရွာ ဆိပ်ကမ်းမှ တစ်ဆင့် ရေလမ်းခရီးဖြင့် ဆက်၍ ခရီးနှင်ခဲ့ရာ မိနစ် (၂၀)ခန့် အကြာတွင် ကွမ်းခြံကြီးကျေးရွာသို့ ရောက်ရှိ ခဲ့ပါသည်။ ကွမ်းခြံကြီးကျေးရွာသည် အိမ်ခြေ(၄၃၆)၊ အိမ်ထောင်စု(၅၆၀)၊ လူဦးရေ(၃၀၀၀)ကျော် နေထိုင်သည့်ကျေးရွာဖြစ်ပြီး ထိုကျေးရွာကလေးသည်  နွေမိုးဆောင်းသုံးရာသီလုံး ရေလမ်းခရီးဖြင့်သာ သွားလာနိုင်သည့် ကျေးရွာ ဖြစ်ပေသည်။ ဆန်စပါး၊ ကွမ်းသီး၊ ရာသီပေါ်သီးနှံ အဓိက စိုက်ပျိုး နေသည့် ကျေးရွာဖြစ်ပြီး မြောင်းမြမြို့နယ်အတွင်း ဆိုလာအသေးစားဓါတ်အားပေးစနစ် ဆောင်ရွက် ပြီးစီးခဲ့သည့် ပထမဦးဆုံးသောကျေးရွာဖြစ်ပါသည်။

ဘဏ္ဍာငွေထည့်ဝင်မှုနှင့်ဓါတ်အားခ

          အသေးစားလျှပ်စစ်ဓါတ်အားပေးစနစ်(Solar Mini-Grid)အတွက် ကုန်ကျငွေအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ(၆၀%)၊ ရင်းနှီးမြှုပ်နှံသူ(Developers)    မှ (၂၀%)၊ ကျန်(၂၀%)ကို ကျေးရွာပြည်သူတို့မှ ပူးပေါင်းထည့်ဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး ဓါတ်အားခ မှာ (၁)ယူနစ်လျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်အတွင်း ပေးဆောင်ရပါသည်။

ငွေကုန်သက်သာ

          ထိုရွာလေး မီးလင်းရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ Macro Dragon International Co., Ltd နှင့် ပြည်သူအချိုးကျထည့်ဝင်ပြီး အသေးစားဓါတ်အားပေးစနစ်ကြောင့်မီးလင်းနေပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်၍ လူမူစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်ကြောင်း ကွမ်းခြံကြီးကျေးရွာနေ ပြည်သူများ၏ ဝမ်းသာပီတိ စကားသံများကို စာရေးသူတို့ ကြားသိရပါသည်။

          ကွမ်းခြံကြီးကျေးရွာသူ ဒေါ်စန်းဌေးမှ ‘‘ကျွန်မက(၁)နှစ်ကို နှစ်သီး(စပါး-စပါး) စိုက်ပျိုးခဲ့တာ အခုနှစ်မှာတော့ ဆိုလာမီးဖြင့် မြစ်ရေတင်ပြီး သုံးသီး (စပါး-စပါး-စပါး) စိုက်ပျိုးနိုင်ခဲ့လို့ မိသားစု ဝင်ငွေ ပိုရရှိပါတယ်၊ လယ်တောကအပြန် အမောပြေ ရုပ်မြင်သံကြားလည်းကြည့်ရလို့ ဘဝအမောတွေ ပြေရပါတယ်’’ဟု ပြောပါသည်။

          ကျေးရွာသားတစ်ဦးဖြစ်သူ ဦးကျော်စွာနိုင်က ‘‘ ဆိုလာမီးမရသေးခင်က အင်ဂျင်မောင်းပြီး ရေခဲထုပ် အချောင်းလေးတွေ ထုတ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ဖြန့်ဝေရောင်းချပေးခဲ့ ပါတယ်။ ရေခဲတုံးအကြီးတွေ မထုတ်နိုင်ခဲ့ပါဘူး အခုတော့ (၂၅)ပေါင် ရေခဲတုံးအကြီးတွေ ထုတ်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက အလှူမင်္ဂလာဆောင်တွေရှိလို့ ရေခဲမုန့်ကျွေးချင်ရင် မြောင်းမြမြို့ကို မှာရပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရွာမှာ ဆိုလာမီးရတော့ ရေခဲမုန့်ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး မိသားစုတွေ ဝင်ငွေတိုးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ လို့ အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု ပြောပါသည်။

          ကျေးရွာသားတစ်ဦးဖြစ်သူ ဦးညွန့်ထူးက ‘‘ကျွန်တော်တို့ ရွာလေး ဆိုလာနဲ့ လျှပ်စစ်မီးရတာ မြင်ရတော့ အိမ်မက်ကို လက်တွေ့ခံစားနေရသလိုပါဘဲဗျာ၊  လျှပ်စစ်မီးရတော့ ညပိုင်းမှာပါ အလုပ်တွေ ပိုလုပ်နိုင်လာတယ်။ ကျွန်တော်တို့ ရွာသူ/ရွာသားတွေရဲ့စီးပွားရေး ပိုအဆင်ပြေလာလို့ လူနေမှုအဆင့်အတန်းလည်းမြင့်မားလာပါတယ်ဗျာ၊ အခုဆိုရင် လျှပ်စစ်ထမင်းအိုး၊ ရေခဲသေတ္တာ၊ လေပန်ကာတွေ သုံးနိုင်ပြီ၊ အချိန်ကုန် ငွေကုန် သက်သာသွားပါတယ်”ဟု ပြောပါသည်။

          ဧရာဝတီတိုင်းဒေသကြီးတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသေးစားဓါတ်အားပေးစနစ်ဖြင့် မြို့နယ်(၁၀)မြို့နယ်ရှိ ကျေးရွာ(၅၅)ရွာအတွက် လုပ်ငန်းပေါင်း (၃၃)ခု ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာနှင့် ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာတို့တွင် လုပ်ငန်း (၂)ခုဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း(၁၃၂၆၄)အိမ်ခြေ အကျိုးပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း ပြည်သူများ မုဒိတာပွားများနိုင်စေရန် ရေးသားတင်ပြလိုက်ရပါ သည်။

အေးအေးကြူ ကျေးလက်ဦးစီး