‘ဝင်ငွေတိုးစီမံကိန်း’ များဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေမည်…..

Ministry of Cooperatives and Rural Development | Jul 22, 2024

 မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက် ဒေသများတွင် နေထိုင်လျက်ရှိကြပါသည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံတိုးတက်ဖို့ဆိုပါက ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခင်ရှိခဲ့ပြီးသော သမဝါယမဝန်ကြီးဌာနအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပေါင်းစပ်လျက်  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်း၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးကို အဓိကဦးတည်၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ (ဝင်ငွေတိုးစီမံကိန်း)အား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ(၁၅၁)ရွာ ကိုရွေးချယ်၍ ရှေ့ပြေးစမ်းသပ်ခြင်း Pilot Project အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်မူစီမံကိန်းကျေးရွာ (၂၂၁)ရွာကိုတိုးချဲ့၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွား လာစေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ အသက်မွေးဝမ်ကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းဆောင်ရွက်ပေးခြင်း၏ မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်ကြပြီး ကျေးလက်နေပြည်သူများ၏ နေ့စဉ်ဖြတ်သန်းနေရသော လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ MSME လုပ်ငန်းအများအပြား၏ တိုးတက်မှုအတွက် အဓိက အတားအဆီးသည် ရင်းနှီးမတည်ငွေအထောက်အပံ့ရရှိရန် ဖြစ်သည်ကိုလည်းတွေ့ရှိရပါသည်။ အသေးစား ကုန်ထုတ်လုပ်ငန်းများထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့်မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်သဖြင့် အဆိုပါစီမံကိန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စီမံကိန်းဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကိုလည်းသိရှိရပါသည်။ မြို့ပြနှင့်ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လိုအပ်ချက်များ များပြားသည့်အတွက် ရရှိနိုင်သော လူအား၊ ငွေအား၊ ပစ္စည်းအား အရင်းအမြစ်များပေါ်မူတည်၍ ထိရောက်အကျိုးရှိစွာဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရပါသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများ ရွေးချယ်ရာတွင် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော စီးပွားရေးဦးတည်ချက်များနှင့် အညီဖြစ်စေရန်လည်း အလေးထားဆောင်ရွက်ကြောင်းတွေ့ရှိရပါသည်။ အခြား ရည်ရွယ်ချက်များ အနေဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု စီမံကိန်းဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွား စေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေ တိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်းလည်းသိရှိရပါသည်။

စီမံကိန်းတွင်ပါဝင်သောဦးတည်လုပ်ငန်းနယ်ပယ် (၇) ရပ်

       စီမံကိန်း၌ ဦးတည်လုပ်ငန်းနယ်ပယ် (၇) ရပ်ထားရှိပြီး အဆိုပါနယ်ပယ်(၇)ရပ်မှာ ဒေသတစ်ခုထုတ်ကုန် တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စား၊ စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

          ဒေသတစ်ခုထုတ်ကုန် တစ်ခုဆောင်ရွက်မည့်လုပ်ငန်းဆိုတာကတော့ ပြည်တွင်းဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်း များအား သက်သာသောနှုန်းထားဖြင့် ပြည်သူများအတွက်ရောင်းချနိုင်ရေး၊ မိရိုးဖလာလုပ်ငန်းများအပါအဝင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) လုပ်ငန်းများအား ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း ဆိုတာကတော့ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းပေးခြင်း၊ လုပ်ငန်းထူထောင်ပေးခြင်းနှင့်  ကျေးရွာသူ ကျေးရွာသားများ ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း ဆိုတာကတော့ ကျေးလက် ဒေသရှိ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးနိုင်ရန်အတွက် အတတ်ပညာများ သင်ကြားပေးခြင်း၊ သင်တန်းဆင်းလူငယ်လူရွယ်များအား အလုပ်အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါ သည်။ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း ဆိုတာ ကတော့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံ၏ GDP မြင့်မားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ၏ ထုတ်ကုန် ပစ္စည်းများ ရောင်းလိုအားမြင့်တက်နိုင်ရန် အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လုပ်ငန်းများ ထူထောင်နိုင်ရန် အတွက်လည်း လိုအပ်သည့်အရင်းအနှီးနှင့် လုပ်ငန်းသုံးပစ္စည်းများ ရရှိအောင် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ ဈေးကွက်၊ နည်းပညာများရရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်း ဆိုတာကတော့ အိမ်ထောင်စုတစ်စု၌ အမျိုးသမီးအများစုသည် မှီခိုသူများဖြစ်ကြ၍ အိမ်မှုကိစ္စရပ် များဖြင့် နေအိမ်အတွင်း၌သာ အချိန်ကုန်ပြီး မိသားစုဝင်ငွေလုံလောက်မှုမရှိသည့် ပြဿနာများ ကြုံတွေ့နေရ သည့်အတွက် အမျိုးသမီးများ အိုးမကွာ အိမ်မကွာဖြင့် ဝင်ငွေရှာဖွေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့် လုပ်ငန်း ဆိုတာကတော့ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လက်အောက်တွင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားရှိရာ အဆိုပါကော်မတီတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့်အတွက် ဘေးဒဏ်သင့်ဒေသများ၌ အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပေးပြီး သင်တန်းဆင်းပြီးသူများအား လုပ်ငန်းထူထောင်ပေးခြင်း ဖြစ်ပါသည်။ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်း ဆိုတာကတော့ နိုင်ငံတော်အဆင့်အနေဖြင့် မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ကွပ်ကဲမှု အောက်တွင် အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အစားထိုး ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့်အတွက် ဌာနအနေဖြင့် ဘိန်းစိုက် တောင်သူများအတွက် အခြေခံဝန်ဆောင်မှုများ၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တရားမဝင်ဘိန်းစိုက်ပျိုးမှုကို တစ်စတစ်စလျှော့ချသွားရမည်ဖြစ်ပါသဖြင့် ဘိန်းစိုက်ပျိုးသည့်မြို့နယ် (၅၅)မြို့နယ် ရှိဒေသခံပြည်သူများစီးပွားရေးအခွင့်အလမ်းပိုမိုရရှိစေရန်အတွက် ဒေသနှင့်သင့်လျော်သည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးပြီး သင်တန်းဆင်းပြီးသူများအား လုပ်ငန်းထူထောင်နိုင်ရန် လိုအပ်သော ကုန်ကြမ်းများနှင့် စက်ပစ္စည်းများကို  ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းတွင်ဆောင်ရွက်သည့် အဓိကလုပ်ငန်းစဉ်(၃)ရပ်

        စီမံကိန်းလုပ်ငန်း၌ဆောင်ရွက်သည့် အဓိကလုပ်ငန်းစဉ်(၃)ရပ်မှာ (၁) ကျေးရွာ၏လိုအပ်ချက်နှင့် ဒေသထွက်ကုန်ကြမ်းများအပေါ်မူတည်၍ သင့်လျော်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာသင်တန်း များ ပို့ချပေးခြင်း (တစ်နည်းအားဖြင့် လုပ်ငန်းထူထောင်နိုင်သည်အထိ တက်မြောက်အောင်သင်ကြားပေးခြင်း)၊  (၂) သင်တန်းတက်ရောက်သူများအနက်မှ လုပ်ငန်းထူထောင်လိုသူ(၅)ဦးကို ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင် သည်အထိ လိုအပ်သောနည်းပညာနှင့် လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးခြင်း၊ (၃) ဈေးကွက်ဆိုင်ရာ သင်တန်း ပေးခြင်းနှင့် ဈေးကွက်များသို့ ချိတ်ဆက်ပေးခြင်းတို့ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်း နယ်မြေ၊ဒေသ၊ကျေးရွာများ ရွေးချယ်နိုင်ရန်ဆောင်ရွက်ခြင်း

       စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် နယ်မြေ၊ ဒေသ၊ ကျေးရွာများ အတည်ပြုဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များ ပူးပေါင်းကွင်းဆင်း၍ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်ဒေသအား ရွေးချယ်ဆောင်ရွက်ပါသည်။ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် စိတ်ဝင်စားသည့်ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများအား ဖိတ်ကြား၍ ဆောင်ရွက်မည့်လုပ်ငန်း ပုံစံ၊ ဆောင်ရွက်ရန်လိုအပ်သည့် နည်းပညာသင်တန်းများ ပို့ချပေးမည့်အခြေအနေ၊ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးမည့်အခြေအနေ၊ ကျွမ်းကျင်သင်တန်းသားများ ရွေးချယ်၍ လုပ်ငန်းထူထောင်ပေးမည့် အခြေအနေများကို ဦးစွာရှင်းလင်းချပြဆွေးနွေးပါသည်။ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (ဝင်ငွေတိုးစီမံကိန်း) ကျေးရွာများကို ရွေးချယ်ရာတွင် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရန် အလားအလာရှိသော ကျေးရွာ၊ထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့ပြီး  ဒေသဖွံ့ဖြိုးရေး အတွက် အချက်အချာကျသောကျေးရွာ၊ ကျေးရွာသူကျေးရွာသားများ၏ အသေးစားကုန်ထုတ်လုပ်ငန်းများအပေါ်  စိတ်ဝင်စားမှုရှိပြီး လုပ်ငန်းထူထောင်ရန် စိတ်အားထက်သန်မှုရှိသောကျေးရွာ၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပေါများစွာထွက်ရှိသည့်ကျေးရွာ၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ဦးရေများသော ကျေးရွာ စသည့်အခြေခံအချက်များပေါ်မူတည်၍ အတည်ပြုရွေးချယ်ကြောင်းသိရှိရပါသည်။

စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်ရွေးချယ်ခြင်း

         စီမံကိန်းကျေးရွာများရွေးချယ်ပြီးသည့်နောက်တွင် စီမံကိန်းအောင်မြင်စေရန် စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်ရေးကော်မတီဝင်ရွေးချယ်ရာ၌ ကျေးရွာလူထုက ယုံကြည်အားထားရသူ၊ အများနှင့်ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိသူ၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် အချိန်ပေးဆောင်ရွက်နိုင်သူ၊ အများအကျိုးဆောင်ရွက်လို စိတ်ရှိသူ၊ စီမံကိန်းလုပ်ငန်းအပေါ်စိတ်ပါဝင်စားသူ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သူ၊ ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့်အကျွမ်းတဝင်ရှိသူ၊ ကျေးရွာတွင် အနည်းဆုံး(၃)နှစ် အခြေချနေထိုင်သူဖြစ်ပြီး ရေရှည်တွင်လည်း ဆက်လက်နေထိုင်သူများအား ကော်မတီဝင်အဖြစ် ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ပေးပါသည်။ အဆိုပါစီမံကိန်းအောင်မြင်စေရန် ကျေးရွာတွင် နေထိုင်သူများကိုယ်တိုင်ပါဝင်ကြီးကြပ်စေခြင်းဖြစ်ပါသည်။

စီမံကိန်း၌ဖွင့်လှစ်သင်ကြားပေးလျက်ရှိသောနည်းပညာဆိုင်ရာသင်တန်းများ

      အဆိုပါစီမံကိန်း၌ သင်ကြားပေးသောနည်းပညာဆိုင်ရာသင်တန်းများမှာ တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လက်မှုထည် ထုတ်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သံဂဟေဆက်နည်းပညာသင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်မှုနည်းပညာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနည်းပညာသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ခြင်းနည်းပညာသင်တန်း၊ လက်ရက်ကန်း၊ စက်ရက်ကန်းနှင့် ရိုးရာဂျပ်ခုတ်ဆိုင်ရာနည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းနှင့် အခြားလိုအပ်သောနည်းပညာသင်တန်းများဖြစ်ကြောင်း သိရပါသည်။ အဆိုပါ သင်တန်းများကို စီမံကိန်းကာလအတွင်း လုပ်ငန်းထူထောင်နိုင်သည်အထိ တတ်မြောက်ကျွမ်းကျင်စေရန် ဌာနမှ နည်းပြများက သင်ကြားပေးခြင်းဖြစ်ပါသည်။

လုပ်ငန်းထူထောင်မည့်သူများအား ရွေးချယ်ခြင်း

       စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများမှသင်တန်းတက်ရောက်သူများအနက် လုပ်ငန်းထူထောင်မည့်သူ များအား ရွေးချယ်ရာ၌ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် သင်တန်းနည်းပြတို့က သင်တန်း၌ စာတွေ့/လက်တွေ့လုပ်ငန်းများတွင် စိတ်ပါဝင်စား၍ ထူးချွန်စွာလိုက်ပါဆောင်ရွက်နိုင်သူ၊ သင်တန်း တက်ရောက်ပြီးနောက် အမှန်တကယ်လုပ်ငန်းထူထောင်ရန် ဆန္ဒရှိသူ၊ မိမိအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ဗဟုသုတနှင့် အမြော်အမြင်ရှိသူ၊ ကျေးရွာတွင် အနည်းဆုံး(၃)နှစ်အခြေချနေထိုင်သူဖြစ်ကာ ရေရှည်တွင်လည်းဆက်လက်နေထိုင်သူဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သူ၊ လုပ်ငန်းစတင် ထူထောင်ရန် အနည်းဆုံးမတည်ရင်းနှီးငွေကျပ်(၂)သိန်းထည့်ဝင်နိုင်သူ၊ ကျေးရွာလိုအပ်ချက်နှင့် ဈေးကွက်လိုအပ်ချက်ကို သိရှိနားလည်သူ စသည့်အခြေခံအချက်များပြည့်စုံသူများကို ဦးစားပေးရွေးချယ်ကြောင်းသိရှိရပါသည်။ အနည်းဆုံးမတည်ငွေ (၂) သိန်းထည့်ဝင်စေခြင်းမှာ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းတန်ဖိုးအတွက် လုပ်ငန်းထူထောင်မည့်သူကိုယ်တိုင်ပါဝင်၍ ထည့်ဝင်စေခြင်း ဖြစ်ပါသည်။

လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးခြင်း  

       အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သင်တန်းများပြီးမြောက်ပါက လုပ်ငန်းထူထောင်မည့် သူများအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းမှ (၁၄)သိန်း တန်ဖိုးရှိသည့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေး လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းသုံးပစ္စည်းများထုတ်ပေးရာ၌ လုပ်ငန်းလုပ်ကိုင်လိုသူကိုယ်တိုင် စာချုပ်ချုပ်ဆိုရပါသည်။ ငွေကြေးထုတ်ပေးခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းသုံးပစ္စည်းများကိုသာ ထောက်ပံ့ပေးခြင်း ဖြစ်သဖြင့် လုပ်ငန်းငယ်များထူထောင်ရာ၌ များစွာအထောက်အကူဖြစ်စေပါသည်။

ဈေးကွက်ရရှိစေရန် ဆောင်ရွက်ပေးခြင်း

      သင်တန်းဆင်းလုပ်ငန်းရှင်များက ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် စားသုံးသူများထံသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားလာရေးဈေးကွက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များ၊ ကုန်စည်ပြပွဲများနှင့် ချိတ်ဆက်ခြင်းဖြင့်လည်းကောင်း၊ ထုတ်ကုန်ပစ္စည်း၏ သတင်းအချက်အလက်များကို သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်၊ ရုပ်မြင်သံကြား၊ Social Media များမှတစ်ဆင့် ဖြန့်ဖြူးခြင်းဖြင့် လည်းကောင်း ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၌ E-commerce Website တစ်ခုထူထောင်ထားရှိပြီး စီမံကိန်းမှထွက်ပေါ်လာသော လုပ်ငန်းရှင်များနှင့်  ဌာန၌မှတ်ပုံတင်ထားသောလုပ်ငန်းရှင်များကို ချိတ်ဆက်၍ ထုတ်ကုန်များရောင်းချနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။

စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ

     အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ် လုပ်ငန်းများပေါ်ထွက်လာခြင်းတို့ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေပြီး နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များကို အောင်မြင်စေရေးတစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်လျက်ရှိပါသည်။ ဒေသထွက်ကုန်ကြမ်းများအပေါ် ကုန်ချောအဖြစ်ပြောင်းလဲ၍ ဒေသခံပြည်သူလူထုက သုံးစွဲရသဖြင့် သွင်းကုန်အစားထိုးနိုင်ခြင်း၊ သယ်ယူပို့ဆောင် စရိတ်လျော့နည်းသဖြင့် ဈေးနှုန်းချိုသာခြင်း၊ စနစ်တကျဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ထားသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များအားသုံးစွဲနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူနေမှုစီးပွားဘဝမြင့်မားလာပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးတို့အား ထောက်ပံ့ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။ လတ်တလောအကျိုးရလဒ်အနေဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင်ဆောင်ရွက်ပေးခဲ့သော “ဝင်ငွေတိုးစီမံကိန်း” မှ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကျေးရွာ ၁၅၁ ရွာတွင် စားသောက်ကုန်ထုတ်လုပ်သောလုပ်ငန်းရှင် ၁၆၅ ဦး၊ လူသုံးကုန်ထုတ်လုပ် ရောင်းချလျက်ရှိသောလုပ်ငန်းရှင် ၆၅ ဦး၊ ဝါးလက်မှုအနုပညာပစ္စည်းရောင်းချလုပ်ကိုင်သော လုပ်ငန်းရှင် ၂၅ ဦး၊ သစ်သားပရိဘောဂထုတ်လုပ် ရောင်းချသော လုပ်ငန်းရှင် ငါးဦး၊ ဖယောင်းတိုင်ထုတ်လုပ်ရောင်းချသူ ငါးဦး၊ စက်ချုပ်ဆိုင်ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသော လုပ်ငန်းရှင်၂၈၅ ဦး၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်သည့်ဆိုင်တည်ထောင်လုပ်ကိုင်သူ ၁၀ ဦး၊ သံပန်း သံတံခါးလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦး၊ မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင် တည်ထောင်လုပ်ကိုင်သူ ၇၇ ဦး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်သည့်ဆိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၁၀ ဦး၊ ရက်ကန်းလုပ်ငန်း ထူထောင်သူ ၃၅ ဦး၊ စုစုပေါင်းလုပ်ငန်းရှင် ၆၉၇ ဦးကို ကိုယ်ပိုင်လုပ်ငန်းများထူထောင်လုပ်ကိုင်နိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ 

သို့ဖြစ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး(ဝင်ငွေတိုး)စီမံကိန်းများသည်‌ကျေးလက် ဒေသများရှိ လူငယ်လူရွယ်များနှင့် အမျိုးသမီးများအား လုပ်ငန်းငယ်များထူထောင်ပေးခြင်းဖြင့် ကိုယ်ပိုင် ဝင်ငွေများတိုးပွားလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်းကြောင့် မဝေးတော့သည့် အနာဂတ်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများ၌ မိသားစုများဝင်ငွေတိုးပွားလာစေတော့မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။         ။

၁၀-၇-၂၀၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ပါရှိမှု။