“အာလူးစိုက်တောင်သူတွေ ပျော်နေကြပြီ”

Ministry of Cooperatives and Rural Development | Mar 17, 2025

ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်ချိန်တွင် တောင်သူများဈေးနှိမ်ခံနေရခြင်းက အစဉ် အလာသဘောဖြစ်နေခြင်းသည် ငြင်း၍မရသော ပကတိအရှိတရားဖြစ်နေပါသည်။  တောသူတောင်သား ဘဝ အမြဲတမ်းလိုလို ငွေကြေးလိုအပ်ချက်ဖြစ်ပေါ်နေ၍ ပေါ်ပေါ်ခြင်းရောင်းချလိုက်ရသကဲ့သို့ သီးနှံများအား အဆင့်မြင့်တာရှည်ခံနည်းပညာနှင့် စက်ကိရိယာများမရှိ၍ ရောင်းချနေခြင်းက တောင်သူ အများစု ကြုံတွေ့နေရခြင်းလည်းဖြစ်ပေသည်။ စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် အရင်း ကြေအမြတ်အနည်းငယ်ရရှိနိုင်ရေး နေဝင်မိုးချုပ်တစ်အိမ်သားလုံး လုပ်ကိုင်နေကြရပေမယ့် ပွဲစား၊ ကုန်သည်များကတော့ စားသုံးသူကိုမငဲ့ကွက် သူတို့အတွက်အရင်း၏ ထက်ဝက်ခန့် အမြတ်မကျန် လျှင် တုတ်တုတ်မှမလှုပ်ဟု ဆိုရလောက်အောင် ဖြစ်ပျက်နေသည့်အခြေအနေကို ကြားသိနေရ ပြန်သည်။ခေတ်အဆက်ဆက်တောင်သူတွေဝင်ငွေတိုးဖို့၊ သူတို့ရဲ့လူမှုစီးပွားဘဝမြင့်မားဖို့ လုပ်ဆောင် ပေးလျက်ရှိရာ မျက်မှောက်ကာလတွင် အချို့သောတောင်သူများအနေဖြင့် လက်တွေ့အကျိုး ခံစားနေရသည်ကို တွေ့ရှိနေရပါသည်။ ယင်းတောင်သူအများစုကိုကြည့်လျှင် သမဝါယမအသင်းသား များအဖြစ်ပါဝင်ပြီး သမဝါယမအသင်းမှ စီစဉ်ဦးဆောင်၍ စုပေါင်းရောင်းဝယ်၊ စုပေါင်းလုပ်ဆောင်၊ စုပေါင်းစိုက်ပျိုးကြပြီး အသင်းသားများအကျိုးရှေးရှု၍ အသင်းပိုင်ရင်းနှီးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့ဖြင့် ခေတ်မီအဆင့်မြင့်သီးနှံတာရှည်ခံ အအေးခန်းသိုလှောင်ရုံများ တည်ဆောက်ကာ ဈေးကွက်ခိုင်မာမှုရှိသည့် အချိန်တွင်ဖြန့်ဖြူးရောင်ချခြင်းမျိုးကို ဆောင်ရွက်လျက်ရှိသည့် သမဝါယမ အသင်း(၂) သင်း၏အခြေအနေကို စာရေးသူလေ့လာသိရှိရသလောက် မျှဝေပေးလိုပါသည်။

ယခင့်ယခင်က ဤအခြေအနေမျိုးမပေး၍ မည်သို့ပင်ကြိုးစားစိုက်ပျိုးစေကာမူ ဈေး ကွက်ပျက်၍တစ်ဖုံ၊ ရာသီဥတုဖောက်ပြန်လို့တစ်မျိုး၊ သဘာဝဘေးကတစ်သွယ်၊ လမ်းပန်းဆက်သွယ် ရေးခက်ခဲတာကတစ်နည်း အမျိုးမျိုးအဖုံဖုံကြုံတွေ့ကြရ၍ တောင်သူတွေဒုက္ခအစုံ ကြုံခဲ့ရ ပေမယ့် နောင်တရားဒေသ အာလူးစိုက်တောင်သူများခင်မျာ ပစ္စက္ခဘဝရှင်သန်ရပ်တည်မှုက အောင်မြင်မှုအလီလီ ဆွတ်ခူးနေရသည့်ပမာ တွေ့နေရပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတဝိုက်တွင် တစ်နိုင်ငံလုံး အာလူးစိုက်ဧက၏ ၃ ပုံ ၁ ပုံ ခန့် ဖြစ်သော စိုက်ဧက ၁၅၀၀၀ ကို စိုက်ပျိုးကာ အာလူးတန်ချိန် ၁၂၅၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် (၃) ကြိမ် စိုက်ပျိုးကြခြင်းကြောင့် စားသုံးသူများထံ တစ်နှစ်ပတ်လုံး ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ အာလူးစိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ခေတ်မီအာလူး စိုက်ပျိုးမှုနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များရရှိရေးကို ရည်ရွယ်၍ စန္ဒာခမ်းနောင်တရား အာလူးအစုအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် အသင်းသားတောင်သူ (၁၅၃၂) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၂.၅) သန်း ရင်းနှီးမြှုပ်နှံ၍ အာလူးအအေးခန်းစက်ရုံကို ၂၀၂၀ ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပဲ Naung Ta Yar Potato Group Co;Ltd ကို ထူထောင်ခဲ့ကြပါသည်။

(၁၇-၆-၂၀၂၂) ရက်နေ့တွင် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းကို ဖွဲ့စည်းခဲ့ပြီး Naung TaYar Potato Group Co;Ltd ၏ အအေးခန်း စက်ရုံနှင့်ချိတ်ဆက်၍ အသင်းသားများမှ စိုက်ပျိုးထွက်ရှိသော အာလူးများကို သတ်မှတ်နှုန်းထား ပေး၍ သိုလှောင်ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိကြပါသည်။ ၂၀၂၂ ခုနှစ်တွင် အာလူး (၃၄၀၀)တန်နှင့် ၂၀၂၃ ခုနှစ် ရာသီပေါ်ချိန် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ခန့် ဈေးကျချိန်တွင် တန် ချိန် (၄၈၀၀)ကို အအေးခန်းစက်ရုံတွင် သိုလှောင်ခဲ့ကြပြီး တစ်ပိဿာလျှင် ၄၂၀၀ ကျပ် ပေါက်ဈေး ရောက်ရှိချိန်တွင် ဖြန့်ဖြူးရောင်းချနိုင်ခဲ့ခြင်းကြောင့် အသင်းသားတောင်သူများ ဝင်ငွေပိုမိုတိုးမြှင့် ရရှိကာ ယင်းတို့၏ လူမှုစီးပွားဘဝမြင့်မားရေးကို များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရှိရ ပါသည်။ နောင်တရားအာလူးအစုအဖွဲ့ကုမ္ပဏီ (Naung TaYar Potato Group Co;Ltd)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းတို့ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် နောင်တရားဒေသ အာလူးစိုက်တောင်သူများ အပြုံးပီတိဖုံးနေ ကြသည်က ဝမ်းမြောက်ဖွယ်ဖြစ်မိပါသည်။

နောင်တရားဒေသတွင် အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်စသည့် နှစ်တိုသီးနှံများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲမှုများကြောင့် မြေဆီလွှာခမ်းခြောက် ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့်အထွက်နှုန်းကျဆင်းခြင်း၊ စားသုံးသူများ ကျန်းမာရေးလုံခြုံမှု မရှိခြင်း စသည့်ဆိုးကျိုးများခံစားနေကြရခြင်းကို ကျော်လွှားနိုင်ရေး၊ ဓာတုကင်းစင်နယ်မြေပြန် လည်ဖြစ်တည်လာရေးနှင့် ဘေးအန္တာရာယ်ကင်းရှင်း၍ စားသုံးမှုလုံခြုံစေရေးတို့ကို ဦးတည်၍ ဆောင်ရွက်နိုင်ရန် အာလူးစိုက်တောင်သူများ တန်ဖိုးသင့်သဘာဝမြေဩဇာများ သုံးစွဲလာနိုင်ရေး အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၁၀၀၀)သန်း ထောက်ပံ့ ကြေးငွေရယူ၍ နောင်တရားအားလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းသည် သဘာဝမြေဩဇာစက်ရုံကြီးကို (၃၁-၃-၂၀၂၄) ရက်နေ့တွင် စမ်းသပ်လည်ပတ် နိုင်ခဲ့ပြီး အသင်းသားနှင့် အခြားတောင်သူများကို စက်ရုံထုတ် နောင်တရားသဘာဝမြေဩဇာများ  ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။ အာလူးစိုက်ခင်းများတွင် သဘာဝမြေဩဇာများ အသုံးပြုလာခြင်းကြောင့် စားသုံးသူပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသော အာလူးများကို စားသုံးနိုင်ကြတော့မည်လည်းဖြစ်ပါသည်။ နောင်တရား ဒေသ အာလူးအပါအဝင် နှစ်တိုသီးနှံစိုက်ပျိုးနေကြသော တောင်သူများအနေဖြင့် သမဝါယမ အသင်းသားများအဖြစ် ပါဝင်လျက်ရှိနေခြင်းကြောင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြပြီး အသင်းသားအကျိုး အပြည့်အဝခံစားကြရခြင်းနှင့်အတူ သမဝါယမအသင်းကြီး၏ ရေရှည်စဉ်ဆက် မပြတ် အောင်မြင်မှုတွေ ရှိနေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

အာလူးကို လူတိုင်းစားသုံးကြလျက်ရှိရာ အသားများနှင့်ရော၍ ချက်ပြုတ်စားသောက် ကြသလို ကြော်၍တစ်မျိုး၊ ထောင်း၍တစ်ဖုံ၊ ပြုတ်-သုပ်၍တစ်ဖန် စားလေ့ရှိကြပါသည်။ စိုက်ပျိုးသူ တောင်သူများအနေဖြင့် လူသားတို့၏အာဟာရဖြစ်ရေးအတွက် ကုသိုလ်ရသည့်သီးနှံမျိုးကို စိုက်ပျိုး ထုတ်လုပ် နေကြသည်ဟူ၍မှတ်ယူကာ ကုသိုလ်လည်းရ- ဝမ်းလည်းဝ နေကြမည်ဖြစ်ပေသည်။

အာလူးစားသုံးခြင်းဖြင့် သွေးဖိအားကောင်းခြင်း၊ အရိုးနှင့်နှလုံးကျန်းမာရေး ကောင်းမွန် စေပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပါသည်။ အစာခြေစနစ်ကောင်း ခြင်း၊ ပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း၊ အရေပြားကျန်းမာရေးကောင်းမွန်ခြင်း၊ ခုခံစွမ်းအားကောင်း မွန်ခြင်းနှင့် ကင်ဆာရောဂါကာကွယ်မှုတွင် ကူညီပေးခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင် သည်ဟု သုတေသနမှတ်တမ်းများအရ သိရှိရပါသည်။ အာလူးစိုက်ပျိုးခြင်းသည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုနေသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း သမဝါယမ စနစ်ပုံစံဖြင့် ဆောင်ရွက်နေခြင်းကြောင့် တစ်ဦးချင်းစီဝင်ငွေတိုးကာ နောင်တရားဒေသမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်လည်းဖြစ်ပေသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း အာလူးလယ်ယာကုန်ထုတ် နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသည်လည်း အာလူးမျိုးကောင်းမျိုးသန့်များအား အအေးခန်းစနစ်ဖြင့် ထိန်းသိမ်းသိုလှောင်နိုင်ရန် အအေးခန်းစက်ရုံကို (၉-၅-၂၀၂၄)ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့၊ မြောက်ချောင်းဖြူကျေးရွာတွင် တည်ဆောက်ခဲ့ကြပါသည်။ အဆိုပါသမဝါယမ အသင်းမှာ အာလူးစိုက်တောင်သူ(၄၁)ဦးတို့မှ အစုရှယ်ယာထည့် ဝင်ငွေကျပ်(၇၀၀၀)သိန်း၊ ခေတ္တ ချေးငွေကျပ်သိန်း (၇၆၀) နှင့် တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၄၀၀၀)သိန်း ရယူ၍ စုစုပေါင်းကျပ် (၁၁၇၆၀) သိန်း ရင်းနှီးမတည်ခဲ့ကြပါသည်။ တစ်ချိန်ကဆို ဆင်ဖြူကျွန်းနယ် တစ်ဝိုက် အာလူးစိုက်တောင်သူများအနေဖြင့် ထွက်ရှိအာလူးနှင့်မျိုးတို့အတွက် ရည်မှန်း၍ ဟဲဟိုး၊ နောင်တရားနှင့် အောင်ပန်းမြို့တို့ရှိ အာလူးအအေးခန်းစက်ရုံများသို့ နယ်ခြားမြေခြားခရီးဝေးကွာစွာ သွားရောက်သိုလှောင်ခဲ့ကြရပါသည်။ ယခုကဲ့သို့ အအေးခန်းစက်ရုံတည်ဆောက်နိုင်ခြင်းကြောင့် မိမိဒေသတွင်သာ အာလူးမျိုးများထားရှိရသည့်အတွက် လိုအပ်သည့်အချိန်တွင် အလွယ်တကူစိုက်ပျိုး နိုင်မည်ဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ သယ်ယူရမည့်အချိန်နှင့် သယ်ယူစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေကြရပြီဖြစ်ပေသည်။ ဆင်ဖြူကျွန်းနယ်တစ်ဝိုက် အာလူးစိုက်တောင်သူတွေလည်း ကိုယ်စီပြုံးပျော်နေကြသည်ဟု သိရပါသည်။

ဆင်ဖြူကျွန်းဒေသတွင် အာလူးစိုက်ဧက(၈၀၀)ခန့်ရှိကာ တစ်နှစ်လျှင်အာလူးတန်ချိန်( ၈၀၀) ခန့်ထွက်ရှိပြီး ဒေသတွင်းနှင့်အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ အအေးခန်းစက်ရုံမှာ အသင်းပိုင်ဖြစ်၍ အသင်းသားအာလူးစိုက်တောင်သူ၊ အခြား တောင်သူများနှင့် ငရုတ်စိုက်တောင်သူများထွက်ရှိသော အာလူးနှင့်ငရုတ်သီးနှံများကို သိုလှောင်ခ ပေးစနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ အာလူး(၁)ပိသာလျှင် တစ်လသိုလှောင်ခ (၉၀) ကျပ် တစ်တန်လျှင် (၁)လ (၅၅၀၀၀/-) ကျပ်နှုန်း၊ ငရုတ်သီး(၁)ပိသာလျှင် (၁)လ (၂၀၀/-) ကျပ်နှုန်း သတ်မှတ်၍ လက်ခံဆောင်ရွက်လျက်ရှိရာ အာလူး(၁၂၆၆၆၆)ပိဿာနှင့် ငရုတ်သီး (၁၃၆၉၆၀)ပိဿာ လက်ခံသိုလှောင်နိုင်ခဲ့သဖြင့် သိုလှောင်ခရဝင်ငွေကျပ် (၃၈၇.၉၁၉) သိန်းခန့် ရရှိလျက်ရှိသည်ဟု သိရပါသည်။

သို့ဆိုရာ အာလူးစိုက်ဒေသများတွင် အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ခဲ့ခြင်း ကြောင့် အာလူးမျိူးပွားတစ်သျှူးကာချာလုပ်ငန်းကို တိုးချဲ့အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပြီး အဆိုပါလုပ်ငန်းအောင်မြင်ပါက အာလူးစိုက်တောင်သူများ လိုအပ်နေသော အာလူးမျိုး များကို နိုင်ငံခြားမှဈေးကြီးပေးဝယ် တင်သွင်းနေရမှုကင်းလွတ်ပြီး ဒေသတွင်းရှိ အာလူးစိုက်တောင်သူ များ ဈေးနှုန်းသက်သာစွာဖြင့်  မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူရရှိရာ စိုက်ပျိုးနိုင်တော့ မည်ဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုနှင့်အတူ လူမှုစီးပွားဘဝများလည်း မြင့်မားလာကြတော့ မည်ဖြစ်ပါသည်။ သီးနှံပေါ်ချိန် ဈေးကွက်ချိုးနှိမ်မှုဒဏ်ကိုကျော်လွှားကာ ဈေးကောင်းရသည့်အချိန် တွင် သိုလှောင်သီးနှံများအား ဖြန့်ဖြူးရောင်းချခြင်းကြောင့် ကျေးလက်နေတောင်သူများ ဝင်ငွေတိုးပွား ရရှိလာနိုင်တော့မှာဖြစ်ပါသည်။ စိတ်ဆန္နတူ၊ လုပ်ငန်းတူသူများစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ လိုအပ်သောခေတ်မီစက်ကိရိယာများ အသုံးပြုလာနိုင်ခြင်း၊ အသင်းအဖွဲ့ဖြင့်ဆောင်ရွက် ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ခြင်း၊ ဒေသအကျိုးဖြစ်ထွန်းမှုနှင့် အသင်းသားတိုင်းကိုယ်စီ အမြတ်ဝေစုများရရှိခံစားနိုင်ခြင်း၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာ နိုင်ခြင်းစသည့် မွန်မြတ်ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြတော့မည်ဖြစ်ပေသည်။ သမဝါယမအသင်းပိုင် သဘာဝမြေဩဇာ စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလာနိုင် ခြင်းကြောင့် အရည်အသွေးကောင်းမွန်သော ကျန်းမာရေးနှင့် ညီညွတ်သောအော်ဂဲလ်နစ်သီးနှံများကို စားသုံးရသည့် ပြည်သူများအတွက်လည်း ကျန်းမာရေးသုခနှင့်ပြည့်စုံလာနိုင်တော့မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဒေသအလိုက်သီးနှံမျိုးတူစိုက်ပျိုးကြသည့် တောင်သူများအနေ ဖြင့် သမဝါယမအသင်းဖွဲ့စည်းပြီး လိုအပ်သောသွင်းအားစုများကို အသင်းကိုယ်တိုင် ထုတ်လုပ်-တင်သွင်းခြင်း၊ ကုန်ကြမ်းမှကုန်ချောထုတ်လုပ်သည့် ခေတ်မီအဆင့်မြှင့်စက်ကိရိယာ၊ သီးနှံတာရှည်ခံ Cold Storage စက်ရုံများတည်ဆောက်ခြင်း၊ စားသုံးသူပြည်သူများသို့ အသင်းအချင်းချင်းချိတ်ဆက်၍ ရောင်းချဖြန့်ဖြူးခြင်း၊ လိုအပ်သောရင်းနှီးထောက်ပံ့ငွေများအား နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့ ပေးခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ ဝင်ငွေ တိုးပွားလာခြင်း၊ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် ဝယ်ယူစားသုံးနိုင်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးတွင် သမဝါယမစီးပွားရေးစနစ်ဖြင့် အထောက်အကူပြုလာနိုင်ခြင်းစသည့် အကျိုးဖြစ်ထွန်းမှုများ ရှိလာကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ စိုက်ပျိုး ထုတ်လုပ်သူနှင့် စားသုံးသူပြည်သူအကြား ဈေးကွက်ခိုင်မာမှုနှင့် ဈေးနှုန်းထိန်းညှိမှုကို သမဝါယမ အသင်းများက တတ်စွမ်းသမျှ ပေါင်းစပ်ကူညီဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။

 

ကျမ်းကိုး။         ။ သမဝါယမဦးစီးဌာန၏ စာရင်းအချက်အလက်များ

 

K ဇင်သစ်

(မန်းတက္ကသိုလ်)