(၁၂)ရာသီ စိုက်ပျိုးထုတ်လုပ်နိုင်သော Green House စနစ်ကို ပုဂ္ဂလိကနှင့် သမဝါယမစနစ်တို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်း
(၁၂)ရာသီ စိုက်ပျိုးထုတ်လုပ်နိုင်သော Green House စနစ်ကို ပုဂ္ဂလိကနှင့် သမဝါယမစနစ်တို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်း
Ministry of Cooperatives and Rural Development | Jan 14, 2025
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်မှ နိုဝင်ဘာလ (၁)ရက် အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို စာရေးသူတက်ရောက်ခဲ့စဉ်တွင် လေ့လာရေးခရီးစဉ်များလည်း သွားရောက်ခွင့်ရရှိခဲ့ပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် Lixian မြို့နယ်ရှိ လောင်းတူ (Longtou)ကျေးရွာသို့ သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ ယင်းကျေးရွာသည် ခရီးသွားအချက် အချာကျတဲ့နေရာမှာ တည်ရှိပြီး သဘာဝအရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုများဖြင့် ကျော်ကြား သောနေရာတစ်ခုဖြစ်ပါတယ်။
လောင်းတူ(Longtou)ကျေးရွာသည် လယ်ယာစက်မှုဇုန်နှင့် ယဉ်ကျေးမှုခရီးသွားဇုန် အကြား ပန်ဆိုင်လမ်း၊ ပေကျင်း ဒါ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၅.၅ မိုင်အကွာတွင် တည်ရှိကာ အကျယ်အဝန်းအားဖြင့် ၅၇၇ ဧကခန့်ရှိပြီး အိမ်ထောင်စု ၃၂၀၊ စုစုပေါင်း နေထိုင်သူ ၁၀၈၃ ဦး ရှိသည့်ကျေးရွာတစ်ရွာဖြစ်ပါတယ်။ အထူးသဖြင့် လူအများနှစ်သက်မြတ်နိုးရတဲ့ရိုးရာယဉ်ကျေးမှုနဲ့ ထူးခြားတဲ့ လက်မှုလုပ်ငန်းများကြောင့် ကျေးရွာကို လူသိများစေခဲ့တဲ့အကြောင်းအရင်းတစ်ချက် ဖြစ်ပြီး ယင်းအားသာချက်များကို အပြည့်အဝအသုံးချကာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခဲ့ ကြောင်း သတိပြုမိခဲ့ရပါတယ်။
ဟိုတယ်များ၊ တို့ဟူးလုပ်ငန်းများ၊ ရိုးရာမီးအိမ်လုပ်ငန်းများ၊ ကျောက်သားကြိတ်ဆုံ အမှုန့်ကြိတ်လုပ်ငန်း (ရိုးရာနည်းလမ်းဖြင့် ဂျုံမှ မုန့်လုပ်ရန် အဆင့်ဆင့်ကို) စက်ကိရိယာများဖြင့် ပြုလုပ်တဲ့လုပ်ငန်း၊ ပန်းပွင့်ပုံလမုန့် ပြုလုပ်ရာတွင် အရောင်ပါရှိသော သဘာဝအသီးအရွက်များ အသုံးပြု၍ Online မှ Livestreaming ဖြင့် ရောင်းချခြင်းလုပ်ငန်းနဲ့ တရုတ်ရိုးရာစက္ကူညှပ်လုပ်ငန်း တို့ကဲ့သို့သော စက်မှုလက်မှုလုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်လုပ်ငန်းများဖြင့် ခရီးသွား ဧည့်သည်များကို စွဲဆောင်လျက်ရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေ ဖို့အတွက် ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအား ပေါင်းစပ်၍ ကဏ္ဍစုံပါဝင်သော စက်မှုလုပ်ငန်း ပုံစံဖြင့် ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။
ရိုးရာယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ လက်မှုပစ္စည်းများထုတ်လုပ်ခြင်းနဲ့ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုသမိုင်းကြောင်းများအား အသိပညာပေးခြင်းစတဲ့ ပြပွဲအခမ်းအနား များကြောင့် ၂၀၂၃ ခုနှစ်တွင် ခရီးသွား (၃၀၀၀)ကျော် လာရောက်စေရန် စွဲဆောင်နိုင်ခဲ့ပြီး ရင်မင်ဘီ ယွမ် (၃၀၀,၀၀၀) ကျော် (အမေရိကန် ဒေါ်လာ ၄၃,၀၀၀ ခန့်) ဝင်ငွေတိုးမြှင့်စေခဲ့ကြောင်း သိရှိ ရပါတယ်။ စာရေးသူသည် Longtou village stone mill workshop ၊ ပန်းပုံစံလမုန့် ထုတ် လုပ်ခြင်းလုပ်ငန်းနဲ့ တရုတ်ရိုးရာစက္ကူညှပ်လုပ်ငန်းတို့ကို သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။
ထို့မှတဆင့် အကျယ်အဝန်းအားဖြင့် ၂၄၆ ဧက ဝန်းကျင်ရှိပြီး အိမ်ထောင်စု ၁၃၁ စုနဲ့ နေထိုင်သူ ၃၇၄ ဦးရှိတဲ့ လီကျချန်ကျေးရွာ (Lijiachang) သို့ သွားရောက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ကျေးရွာသားများ၏ နှစ်စဉ်တစ်ဦးချင်း ဝင်ငွေသည် ရင်မင်ဘီ ယွမ် ၃၂,၈၀၀ (အမေရိကန်ဒေါ်လာ ၄,၇၀၀ခန့်) ရှိကြောင်း သိရှိခဲ့ရပါတယ်။ မူကြိုကျောင်း တစ်ကျောင်းနှင့် စာသင်ကျောင်းများရှိပြီး စာဖတ်ခန်းများ၊ ယဉ်ကျေးမှုစင်တာများ၊ ကစားကွင်းများနှင့် ပန်းခြံများကဲ့သို့ အများပြည်သူဆိုင်ရာ ခေတ်မီအဆောက်အဦများလည်းရှိတာကိုတွေ့ရပါတယ်။
“သာယာလှပသော ကျေးရွာ” ဖော်ဆောင်နိုင်ရေးအတွက် အခြေခံအဆောက်အဦများ၊ သဘာဝပတ်ဝန်းကျင်သာယာလှပရေးနှင့် အများပြည်သူပိုင်အဆောက်အဦများ တိုးမြှင့်ဆောင်ရွက် ထားရှိတဲ့အပြင် စွန့်ပစ်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးချနိုင်ရန် အမှိုက်အမျိုးအစား ခွဲခြင်း၊ စုစည်းခြင်းနှင့် စနစ်တကျစွန့်ပစ်ခြင်းစနစ်များ ဆောင်ရွက်ထားရှိတာကို တွေ့ရှိခဲ့ရပါတယ်။ မိလ္လာစနစ်၊ ရေဆိုးစွန့်ပစ်မှုစနစ်တို့ကိုပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီး ယင်လုံအိမ်သာများ ဆောင်ရွက်ပေးခဲ့ပါတယ်။ လမ်းနှင့် လမ်းဘေးဝဲယာဝန်းကျင်ကို သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်ပန်းမန်များ၊ လယ်ယာစိုက်ခင်းများဖြင့် စိမ်းလန်းစိုပြေအောင် ဖန်တီးထားရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။
စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် Lijiachang ကျေးရွာတွင် “ မှိုစိုက်ပျိုး ထုတ်လုပ်ရေး စက်မှုဇုန်စီမံကိန်း” အပါအဝင် စီမံကိန်းလုပ်ငန်း (၃)ခု စတင်ဆောင်ရွက်ခဲ့ပါတယ်။ “ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး” လုပ်ငန်းအစီအစဉ်အရ စားသုံးနိုင်သည့် မှိုစိုက်ပျိုးရေး သရုပ်ပြကျေးရွာအဖြစ် ဖော်ဆောင်ခဲ့ပြီး မှို ၁၈ ဧကခန့် စိုက်ပျိုးထားရှိပါတယ်။ ၂၀၂၀ ခုနှစ်တွင် စံချိန်မီမှိုမျိုးချောင်း စိုက်ပျိုး ထုတ်လုပ်ရေး အလုပ်ရုံကို တည်ဆောက်ပြီးစီးခဲ့ပြီး၊ နေ့စဉ် မှိုစိုက်ပျိုးရန် မှိုမျိုးချောင်း ၁၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သဖြင့် ဒေသတွင်း “စားသုံးနိုင်သည့် မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတစ်ခု” အဖြစ် လူသိများလာခဲ့သည်ကို တွေ့ခဲ့ရပါတယ်။
ဒုတိယစီမံကိန်းမှာ “မြို့ပြတောင်သူများ”စိုက်ပျိုးရေးနှင့် သစ်တောဇုန် စီမံကိန်းဖြစ်ပြီး လယ်ယာစိုက်ပျိုးမှုအလေ့အထ ခေတ်မီသဘာဝဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ လယ်ယာစိုက်ပျိုးရေး ဇုန် သရုပ်ပြဧရိယာအဖြစ် လယ်ပိုင်ရှင်များ၏လယ်မြေများ စုပေါင်း၍ မြေ ၄ ဧကခန့်တွင် ဆောင် ရွက်ထားရှိခဲ့ခြင်းဖြစ်ပါတယ်။ တတိယစီမံကိန်းမှာ ဒေသဆိုင်ရာယဉ်ကျေးမှုနှင့် ခရီးသွားဧည့်သည် အရင်းအမြစ်များကိုအားပြုထားတဲ့ “လယ်ယာထုတ်ကုန်ပြပွဲနှင့် အရည်အသွေးမြှင့် ခေတ်မီလမ်းဘေး စားသောက်ကုန်ထုတ်လုပ်မှုစီမံကိန်း” ဖြစ်ပါတယ်။ အနားယူအပန်းဖြေစရာနှင့် စီးပွားဖြစ် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပေါ် အခြေပြုသည့်စက်မှုဖွံ့ဖြိုးရေးနှင့် ကုန်ပစ္စည်းအသစ်များ ထုတ်လုပ် နိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ အားကစားနှင့် ရိုးရာယဉ်ကျေးမှုတို့ တစ်ပါတည်းဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး အရောင်းမြှင့်တင်ရေးပွဲများ၊ အထိမ်း အမှတ် အခမ်းအနားများနဲ့ ဒေသဆိုင်ရာသင်တန်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။
ထို့ပြင် အဆိုပါကျေးရွာရှိ မှိုစိုက်ပျိုးထုတ်လုပ်ရေးစက်မှုဇုန်အပါအဝင် အခြားဟင်းသီး ဟင်းရွက်နှင့် ကောက်ပဲသီးနှံမျိုးစုံစိုက်ပျိုးထားရှိသည့် စိုက်ပျိုးရေးဇုန်များသည် Green House စနစ်ဖြင့် စိုက်ပျိုးထားရှိခြင်းဖြစ်ပြီး ၁ လုံးလျှင် ၈၆၆.၆၇ စတုရန်းမီတာကျယ်ဝန်းသည့် ဆိုလာ စွမ်းအင်အသုံးပြု Green House ၆၄ လုံးရှိကြောင်း သိရှိရပါတယ်။ Green House များအား Steel Structure ၊ ကွန်ကရစ်၊ အုတ်တို့ဖြင့် တည်ဆောက်ထားပြီး စိုက်ပျိုးသည့်သီးနှံအမျိုးအစား အလိုက် အလိုအလျောက်အပူချိန်/ ရေငွေ့ ထိန်းညှိပေးမည့်ကိရိယာများ၊ အကာအရံများကိုလိပ်သိမ်း/ဖြန့်ခင်း ပေးနိုင်သောစက်များတပ်ဆင်ထားရှိသည်ကို တွေ့ရှိရပါတယ်။ Green House ၆၄ လုံး တည် ဆောက်ခြင်းအတွက် ယွမ် ၇.၆၈ သန်းခန့် အပါအဝင် စိုက်ပျိုးရေးဇုန်တစ်ခုလုံးအတွက် စုစုပေါင်း ယွမ် ၂၁ သန်းခန့် ရင်းနှီးမြုပ်နှံ ဆောင်ရွက်ခဲ့ပြီး Lijiachang ကျေးရွာ၏ တရုတ်ကွန်မြူနစ်ပါတီ (Communitst Party of China-CPC) ဌာနခွဲက ဦးဆောင်ဦးရွက်ပြု၍ သွင်းအားစု၊ ထုတ်လုပ်မှုနှင့် ရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်များဖြစ်သော ကျေးရွာသားများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြောင်း သိရှိခဲ့ရပါတယ်။ ထုတ်လုပ်ရေးပစ္စည်းများ စုစည်းဝယ်ယူမှုမှသည် နေ့စဉ် ထုတ်လုပ်မှုအထိ လယ်သမား (၁၆၀)နှင့်တိုက်ရိုက် လုပ်ကိုင်ဆောင်ရွက်ပြီး နှစ်တစ်နှစ် ကုန်ဆုံးချိန် တွင် ရရှိသည့်အကျိုးအမြတ်ကို လယ်သမားများ၏အစုရှယ်ယာငွေစာရင်းများသို့ ထည့်သွင်းပေးရပါ တယ်။ နှစ်စဉ် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက် တန်ချိန် ၉၆၀ ခန့် ထွက်ရှိကြောင်းလည်း သိရှိခဲ့ရပါတယ်။
ထို့နောက် ပေကျင်းမြို့မှာရှိတဲ့ Siji Yangkun Agricultural Technology Development Companyသို့ သွားရောက်လေ့လာခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့တဲ့ အဆိုပါ ကုမ္ပဏီတွင် ဝန်ထမ်းဦးရေ (၁၀၀)ခန့်ရှိပြီး စိုက်ပျိုးရေးနှင့် သီးပင်စားပင်များအား ပိုးမွှားအန္တရာယ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို အဓိကလုပ်ကိုင်သည့်ကျွမ်းကျင်ပညာရှင်အဖွဲ့များလည်း ရှိတာ တွေ့ရှိရပါတယ်။ နည်းပညာအခြေပြု စိုက်ပျိုးရေးကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်တွေ့ပညာပေးမှုတို့ကို စက်ရုံအလုပ်ရုံအခြေပြု စိုက်ပျိုးရေးနှင့် စက်မှုစွမ်းအားအသုံးချ စိုက်ပျိုးရေးလုပ်ငန်းပုံစံတို့အား ပေါင်းစပ်ဆောင်ရွက်ပြီး ၇၉ ဧကခန့်တွင် လုပ်ငန်း လည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။ “ဂေဟစိုက်ပျိုးရေးနည်းပညာဇုန်”၊ “Pengcheng ဂေဟဗေဒဆိုင်ရာဇုန်”၊ “ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးအထူးဇုန်”နဲ့ “အကြီးစားစိုက်ပျိုးမွေးမြူရေး ဇုန်”တို့ ပါဝင်ပြီး နှစ်စဉ်မျိုးစေ့ သန်း ၅၀ ခန့်အထိ စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တွင် Siji Yangkun၏စိုက်ပျိုးရေးထုတ်ကုန်များ၏ စုစုပေါင်းရောင်းအားသည် ရင်မင်ဘီယွမ် ၅ သန်း (အမေရိကန်ဒေါ်လာ ၀.၇သန်းခန့်) အထိရှိကြောင်း သိရှိခဲ့ရပါတယ်။
ကုမ္ပဏီအနေဖြင့် စက်မှုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုများမှတဆင့် လယ်သမားများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် e-commerce စနစ်ဖြင့် ရောင်းချမှုများ ဆောင်ရွက်လာနိုင်ရန် အမျိုးသမီးများအတွက် လေ့ကျင့်သင်ကြားမှုအခွင့်အလမ်းများ ဖန်တီးပေး ခြင်း၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းကာ အဖွဲ့ဝင်များအား နှစ်စဉ်ထောက်ပံ့ငွေများပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းလမ်းများ ညွှန်ပြပေးခြင်းနှင့် ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက် ရရှိစေရေး လယ်သမားများအား မက်လုံးပေးစည်းရုံးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။ ၂၀၂၃ ခုနှစ်တွင် အနီးအနားရှိ ထုတ်လုပ်ရေးစခန်း (၉)ခုမှ ကျေးလက်အိမ်ထောင်စု (၁,၀၀၀) ကျော်ကို အထောက်အကူပြုနိုင်ခဲ့ပြီး ကိုယ်ပိုင်ဒီဇိုင်း ရေးဆွဲထုတ်လုပ်ထားသည့် ဆိုလာဖန်လုံအိမ် (၃၂၆) ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
စိုက်ပျိုးမှုဧရိယာ ၇၄၁ ဧက ဝန်းကျင်ခန့်အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး စူပါမားကက်များနှင့် ပူးပေါင်း၍ Offline ရောင်းအား ဈေးကွက်ကို ဖော်ဆောင်ခဲ့တဲ့အပြင် ပေါင်းစည်းလယ်ယာစနစ်ကို ကျင့်သုံးခဲ့ကာ livestreamers များနှင့်ပူးပေါင်း၍ Online မှ ရောင်းချသည့်စနစ်ကို ဆောင်ရွက်ပေးခဲ့ ပါတယ်။ ထို့ကြောင့် သခွားသီး၊ ခရမ်းသီး၊ ပန်းသီး၊ ဖရုံသီး၊ ကန်ဇွန်းဥ၊ ငရုတ်သီးစသည့် သီးနှံစုံနှင့် ဟင်းသီးဟင်းရွက် ၁,၅၀၀ တန်ခန့် ရောင်းအားတိုးမြင့်ခဲ့ပြီး လယ်ယာလုပ်ငန်းရှင်များ၏ ဝင်ငွေကို ရင်မင်ဘီယွမ် ၁၀.၈၁သန်း (အမေရိကန်ဒေါ်လာ ၁.၅၄ သန်းခန့်) ထိ တိုးမြှင့်ရရှိစေခဲ့ကြောင်း သိရှိရပါတယ်။
ထို့အပြင် Siji Yangkun သည် သရုပ်ပြသမှုနှင့် လက်တွေ့ပညာပေးမှုကို ပေါင်းစပ်သည့် နည်းလမ်းဖြင့် Daxing ခရိုင်ရှိ အနီးအနား မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများနှင့် ပူးပေါင်းကာလက်တွေ့သရုပ်ပြစိုက်ခင်းများအား လာရောက်လေ့လာလည်ပတ်နိုင်ရန် ဖွင့်လှစ်ထားရှိ ပါတယ်။ ကျောင်းသားများအနေဖြင့် အခမဲ့သွားရောက်လေ့လာ၊ ပါဝင်စိုက်ပျိုးနိုင်ပြီး၊ ဆရာမများ၊ ကျောင်းသားများနှင့် မိဘများထံမှလည်း ကောင်းမွန်သော တုံ့ပြန်မှုများ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ၂၀၂၃ ခုနှစ်တွင် လာရောက်လည်ပတ်သူ (၄,၀၀၀) ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ယခင်နှစ်ကထက် လာရောက်လည်ပတ်သူ (၂,၀၀၀) ကျော် ပိုမိုလာခဲ့သည်ဟု သိရှိရပါတယ်။
စာရေးသူအနေဖြင့် Siji Yangkun Agricultural Technology Development Co.,Ltd၏ စက်မှုအခြေပြုဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုများမှတစ်ဆင့်လယ်သမားများ ဝင်ငွေတိုးပွား စေရန် ရည်ရွယ်ချက်ဖြင့် e-commerce စနစ်ဖြင့် ရောင်းချမှုများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများ ညွှန်ပြပေးခြင်း၊ သမဝါယမအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှုများ၊ Daxing ခရိုင်ရှိ မူလတန်းကျောင်း၊ အထက်တန်းကျောင်းများနှင့် ပူးပေါင်းကာ လက်တွေ့သရုပ်ပြ စိုက်ပျိုးထားရှိမှုအား လာရောက် လေ့လာလည်ပတ်နိုင်ရန်စီစဉ်ထားရှိမှုတို့ကိုလေ့လာခွင့်ရရှိခဲ့ပြီး စိုက်ပျိုးဧက ၇၉ဧကပေါ်တွင် ခေတ်မီ နည်းပညာများနှင့်ပေါင်းစပ်ကာ သီးနှံမျိုးစုံစိုက်ပျိုးနေမှုများအား သွားရောက်ကွင်းဆင်း လေ့လာခွင့် ရရှိခဲ့ပါတယ်။
လေ့လာသုံးသပ်ချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်တွင် တွေ့မြင်ခဲ့ရသည့် Green House စနစ် စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာခွင့်ရရှိရာမှ သုံးသပ်တွေ့ရှိသည့်အချက်များကတော့-
(က) ပုဂ္ဂလိကမှ နှစ်ရှည်ရင်းနှီးမြှုပ်နှံခြင်း၊
( ခ ) တောင်သူများမှ သမဝါယမစနစ်ပုံစံဖြင့် လုပ်ငန်းများ ပါဝင် ဆောင်ရွက်ခြင်း
( ဂ ) ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးလာစေရေးအတွက် စိုက်ပျိုးရေးဇုန်များ ဖော် ဆောင်နိုင်ရန် အထောက်အပံ့ပေးသည့် မူဝါဒနှင့် ဘဏ်လုပ်ငန်းကဏ္ဍမှ သက်မွေးလုပ်ငန်းဆိုင်ရာ ချေးငွေလမ်းကြောင်းများ (Professional Loan Channels) များ ဖန်တီးထားရှိခြင်း၊
(ဃ) Smart Agricultural စနစ်ဖြင့် စီမံဆောင်ရွက်ခြင်း၊
( င ) ၁၂ ရာသီ စိုက်ပျိုးထုတ်လုပ်မှုစနစ်ဖြင့် ဆောင်ရွက်ခြင်း
( စ ) နည်းပညာနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ/ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ Resarch & Development ရှိခြင်း၊
(ဆ) ဈေးကွက်သေချာခြင်း စသည်တို့ကို လေ့လာသုံးသပ်တွေ့ရှိရပါတယ်။
Green House စိုက်ပျိုးရေးစနစ်၏ အကျိုးကျေးဇူးများ
(က) ရွေ့လျားနိုင်သော အမိုး/ အကာများ တပ်ဆင်ထား၍ နေရောင်ခြည်၊ အပူချိန်၊ နှင့် ရေငွေ့ကို လိုအပ်သလို ထိန်းညှိနိုင်ခြင်း၊
( ခ ) ရာသီမရွေး ရာသီပေါ်သီးနှံများအား စိုက်ပျိုးနိုင်ခြင်း၊
( ဂ ) ရေပေးဝေမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်၍ ရေအသုံးချမှု လျှော့ချနိုင်ခြင်း၊
(ဃ) ပိုးမွှားနှင့် ရောဂါကျရောက်မှု ထိန်းချုပ်နိုင်ခြင်း၊
( င ) အချိန်တိုအတွင်း အရည်အသွေးမြင့် သီးနှံများ ထုတ်လုပ်နိုင်ခြင်းကြောင့် စီးပွားရေး တွက်ချေကိုက်ခြင်း၊
( စ ) စိုက်ပျိုးရေးသွင်းအားစုနှင့် ရေကို လိုအပ်သလောက်သာ အတိအကျ အသုံးပြု နိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း တွေ့ရှိရပါတယ်။
အထူးသဖြင့် ၁၂ ရာသီပတ်လုံးစိုက်ပျိုးနိုင်တဲ့ Green House စနစ်သုံး စိုက်ပျိုးရေး လုပ်ငန်းများကို အားကျဖွယ် တွေ့မြင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံတွင် Green House စနစ်ဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများအား တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိတာကို တွေ့ရပြီး လေယာဉ်ပေါ်မှ စီးမိုးကြည့်လျှင်ပင် အဖြူရောင်ပိုက်လုံးကြီးများချထားသည့်အလား Green House စိုက်ခင်းများကို တစ်မျှော်တစ်ခေါ် တွေ့မြင်ရပါတယ်။ စာရေးသူတို့နိုင်ငံတွင်လည်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရွာသစ်ကျေးရွာတွင် Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁ လုံးလျှင် (8m x 30m) ကျယ်ဝန်းသည့် ဆိုလာစွမ်းအင်အသုံးပြု Green House ၆ လုံးဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ Green House (၆) လုံး အတွက် ငွေကျပ် (၆၂.၄၉၆) သန်းဖြင့် Steel Structure၊ ပလက်စတစ်အမိုးဖြင့် တည်ဆောက် ထားရှိပြီး ဆလပ်၊ နှမ်းရွက်၊ ငရုတ်၊ သခွား၊ မုန်ညှင်း စသည့်သီးနှံစုံ စိုက်ပျိုးကြပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ သီးနှံစုံစိုက်ပျိုးခြင်းအတွက် ငွေကျပ် (၄.၃၂၇)သန်းရင်းနှီးစိုက်ပျိုးခဲ့ရာ အကျိုးအမြတ် အနေဖြင့် ငွေကျပ်(၇.၀၁၂)သန်းရရှိခဲ့ပြီး မိသားစုဝင်ငွေတိုးပွားစေခဲ့ပါတယ်။ လက်ရှိမှာလည်း ဆက်လက်စိုက်ပျိုးလျက်ရှိပါတယ်။ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးလာစေရန် လိုအပ် နေသေးသည်ဖြစ်ရာ Green House စနစ်အား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ သမဝါယမ စနစ်ဖြင့် စုဖွဲ့ဆောင်ရွက်မည်ဆိုပါက ယခုထက်ပို၍ တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။
ခန့်ဇော် (ကျေးလက်)