ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၅/၂၀၂၀) ကျင်းပ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၅/၂၀၂၀) ကျင်းပ


Ministry of Information/ ​နေပြည်တော် / April 02, 2020
image_latest


နေပြည်တော် ဧပြီ ၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ မတ် ၃၀ ရက် မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့်ပြုလုပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၅/၂၀၂၀) သို့ တက်ရောက်သည်။

စနစ်တကျ တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိ

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဇန်နဝါရီလ ကတည်းက စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေများနှင့်အညီ လုပ်ငန်းစဉ်နှင့် နည်းဗျူဟာများကို မွမ်းမံပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများအား အိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း၊ ဟိုတယ်တွင် အသွားအလာ ကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာအဆောက်အဦ များတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်ခြင်းတို့ကို စနစ်တကျ တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့အသွား အလာကန့်သတ်ခြင်းလုပ်ငန်းများတွင် တိုက်ဆိုင်စစ်ဆေး စာရင်းပုံစံ(checklist)များအား အသုံးပြု၍ အသွားအလာကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိအား ဆန်းစစ်ပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းပြီး ရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ နှင့် အကယ်၍ ရောဂါဖြစ်ပွားခြင်းရှိ ပါကလည်း အခြားသူများထံ မကူးစက်စေရန်အတွက် အသွားအလာကန့်သတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံကြီးများ၏ ပြင်ပလူနာဌာန (OPD) များတွင် လူနာများအားလုံး စုပြုံပြသနေခြင်းမှ အဖျားရောဂါလူနာများအတွက် သီးသန့်ပြင်ပလူနာဌာနပြုလုပ်ခြင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင် စတင်ဆောင်ရွက်လျက်ရှိမှုကို အခြားဆေးရုံကြီးများက လေ့လာဆောင်ရွက်စေလို ပါကြောင်း၊ Video Conference အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှရယူလိုသည့် ပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းကဏ္ဍ များနှင့်ပတ်သက်၍ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသည် ကပ်ရောဂါကဲ့သို့ ဘေးအန္တရာယ် များရောက်သည့်အခါ အသက်ဆုံးရှုံးမှုမရှိစေရေး၊ စည်းစိမ်ဥစ္စာပစ္စည်းများ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် စီမံချက်များချမှတ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ဦးချင်းစီမှ ရောဂါမကူးစက်စေရေး ကာကွယ်နိုင်သည့် နည်းလမ်းများကိုသိရှိကာ အခြားသူများထံမှ ရောဂါကူးစက် ခြင်းမရှိစေရန်နှင့် မိမိတွင်ရောဂါရှိပါကလည်း အခြားသူများထံ မကူးစက်စေရန်တို့အတွက် ဆောင်ရွက်နိုင်ရန်မှာ အရေးကြီးပါကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်ရန်အတွက် ရောဂါကာကွယ် ရေးနည်းလမ်းများနှင့် သတင်းများအား ပြည်သူများထံ ထပ်ခါထပ်ခါ ပေးပို့နေရ မည်ဖြစ်ပါကြောင်း။

ကန့်သတ်စည်းကမ်းများကို တိကျစွာလိုက်နာ

အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိအား ကြီးကြပ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုများဖြင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ အသွားအလာကန့်သတ်ရာနေရာများတွင် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူများနှင့် ထိတွေ့ခဲ့သူများအား ထောက်လှမ်းရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောင့်ရှောက်ရေးနှင့် လူမှုအကာအကွယ်ပေးရေး စီမံချက်များရှိပြီး ယခုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေး

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ အသွားအလာကန့်သတ်ခြင်းဆောင်ရွက် ရာနေရာများ စီမံခန့်ခွဲရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပါဝင်ပံ့ပိုးနိုင် သည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်သည့်ကဏ္ဍများကို ဆွေးနွေးသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(လူမှုဝန်ထမ်းဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

HOT NEWS
January 4,