ကျိုက်ထိုမြို့နယ် စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြား ရန်ကုန်-မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ
ကျိုက်ထိုမြို့နယ် စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြား ရန်ကုန်-မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ
Ministry of Home Affairs/ နေပြည်တော် / January 28, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြား ရန်ကုန်-မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးဘူတာနှင့် ကျိုက္ကသာ ဘူတာကြားရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် ခလွန်ချောင်းတံတားအမှတ်(၄၁)မိုင်တိုင်(၈၈)နေရာ၌ ရထားလမ်းကူး သံပေါင် ဘေလီတံတားအပေါ် မင်းကုန်း (Topcord) တစ်ခုတွင် ၆ လက်မခန့် ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရပြီး ရထားဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါနေရာ ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းခဲ့ရာ တံတားပေါ်တွင်ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်း ၁၀ လုံး ထပ်မံတွေ့ရှိရသဖြင့် အနီး ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်မဲ့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ရထားလမ်းကူးတံတားပျက်စီးမှုအား နယ်မြေခံမြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး ပြုပြင်လျက်ရှိကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲ ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။