ကျောက်တံခါး၊ အရာတော်နှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိ
ကျောက်တံခါး၊ အရာတော်နှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိ
Ministry of Home Affairs/ နေပြည်တော် / May 16, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအနီး တောမီးများလောင်ကျွမ်းနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးလောင်နေသည့် ပတ်ဝန်းကျင်သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ တောင်ကုန်းတစ်ခုပေါ်မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့က သိုဝှက်သိမ်းဆည်းထားသည့် LUGER ပစ္စတို ၁ လက်၊ M 22 ၂ လက်၊ AR 15 ကျည်အိမ်တပ်လျက် ၁ လက်၊ M4 ကာဘိုင် ကျည်အိမ်တပ်လျက် ၁ လက်၊ M 16 သေနတ် ၂ လက်၊ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ ကျည်အိမ်အရှည် ၆ ခု၊ ကျည်အိမ်အတို ၁ ခု၊ M 22 ကျည် ၇ တောင့်တို့အား မီးလောင်ပျက်စီးလျက် တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဆင်တလဲကျေးရွာ၏ မြောက်ပိုင်းရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်းမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ ဝိုင်ယာကြိုး ၁ ခွေတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ထင်းတန်းရပ်ရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်းမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သိုဝှက်သိမ်းဆည်းထားသည့် သံစလစ်အိုးဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၅ လုံးနှင့် ကမ်းနားလမ်းဘေးရှိ သစ်ပင်အောက်မှ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးတို့အား အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါ သိမ်းဆည်းရမိသည့် လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျသိမ်းဆည်းရှင်းလင်းခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။