စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Region & State Government/ Monywa / October 23, 2020

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ လာမည့် နိုဝင်ဘာ (၈)ရက်နေ့၌ မိမိတို့မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် ပြည်သူများ COVID-19 ရောဂါ ကူးစက်ခံရမှုမရှိစေဘဲ ဘေးကင်း၍ စိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့၏ လုပ်ငန်းလမ်းညွှန်ချက်များ၊ စံလုပ်ထုံးလုပ်နည်းများကို အသေးစိတ် ရေးဆွဲ၍ သရုပ်ပြခြင်း၊ သင်တန်းများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြို့နယ်(၃၇)မြို့နယ်၊ ရပ်ကွက်(၂၇၂)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၁၇၅၈)အုပ်စုရှိပြီး မဲရုံပေါင်း(၄၁၀၇)ရုံ နဲ့ မဲဆန္ဒရှင်ပေါင်း(၄၂၀၅၆၀၈)ဦးရှိပါကြောင်းနှင့် မဲရုံပေါင်း(၄၁၀၇)ရုံကို ကြီးကြပ်ကွပ်ကဲဖို့အတွက် မဲရုံမှူး(၄၁၀၇)ဦး၊ ဒုမဲရုံမှူး(၄၁၀၇)ဦး၊ မဲရုံအဖွဲ့ဝင်ပေါင်း (၄၈၁၉၇)ဦး အင်အားပြည့်မီစွာ ဖြည့်စွက်ခန့်အပ်တာဝန်ပေးအပ်နိုင်ဖို့တွင် ပညာရေးဌာန ဝန်ထမ်းများအပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းများလိုအပ်ပါကြောင်းနှင့် ထပ်မံ လိုအပ်မှသာ မဲစာရင်းမှာပါဝင်ပြီး အများပြည်သူ ယုံကြည်လေးစားခြင်းခံရသူများကို ဖြည့်စွက် ခန့်အပ်သွားကြရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီများ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ကြီးမှူးပြီး (၁၉-၁၀-၂၀၂၀)ရက်နေ့ မှ (၄-၁၁-၂၀၂၀) ရက် နေ့အထိ ဖွင့်လှစ်ပေးလျက်ရှိတဲ့ သင်တန်းများတွင် သတ်မှတ်အင်အား အပြည့်အဝ တက်ရောက်နိုင် ရေးအတွက် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီများမှ ကြီးကြပ်ဆောင်ရွက်ကြဖို့လိုကြောင်းနှင့် မဲရုံများသို့ သတ်မှတ်ချက်များအတိုင်း ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်တဲ့သူများကိုလည်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း ကူညီဆောင်ရွက် ပေးရမှာဖြစ်ပါကြောင်း။
အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအနေဖြင့်လည်း ရွေးကောက် ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို စီမံချက်စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်သူများ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်း များက ဆောင်ရွက်ရမည့် ကဏ္ဍများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးရမည့်ကိစ္စရပ်များကို ပွင့်လင်း မြင်သာစွာ တင်ပြဆေွးနွေး ပေးကြစေကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်နှင့် လုပ်ငန်းလိုအပ်ချက် များကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် ဝန်ကြီးများက ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးပေးကြပါရန်နှင့် မဲဆန္ဒရှင်များ မဲပေးခွင့် အပြည့်အဝရရှိကာ စနစ်တကျ စိတ်နှလုံး ချမ်းမြေ့စွာ မဲပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ” တိုက်တွန်းအမှာစကား ပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် နာဂဒေသနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးတို့အပြင် အောင်မြင်စွာ အားလုံးပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ရေးတို့အား အထူးအလေးထား၍ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် လိုအပ်ချက်များမရှိစေရေးအတွက် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိပါသည်။