တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ၊ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ၊ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / November 25, 2023

နေပြည်တော် နိုဝင်ဘာ ၂၄
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါ လာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ များ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် တူးမြောင်းကျေးရွာ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၄၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၃၄၂ ဦး၊ ခွဲစိတ်ရောဂါ ၃၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၈၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၉၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၅၇ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန် လိုအပ်သူငါးဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား စက်လှေများ စီစဉ်ပေးပြီး နေ့လယ်စာ ထမင်းဘူးများ ပေးအပ်သည်။
အလားတူ ဧရာဝတီမြစကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့ ရှိ ဧရာဝတီဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဓနုဖြူမြို့ အမှတ် (၂)ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ အခြေပြု၍ ဓနုဖြူမြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၄၃၀ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၀၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၂ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၇၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀၊ မျက်စိရောဂါ ၇၅ ဦးနှင့် သွားရောဂါ ၁၂ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာ ၁၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရပါသည် -
ဒေါ်ဌေးဌေး (တူးမြောင်းကျေးရွာ၊ လပွတ္တာမြို့နယ်)
လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာမှာနေပါတယ်။ အစာအိမ်ရောဂါဖြစ်တာ နှစ်နှစ်လောက် ကြာပါပြီ။ အပြင်မှာလည်း ဆေးမကုသနိုင်လို့ အခုတပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့လာရောက်ကုသလို့ ကျွန်မ လာရောက်ပြသခြင်း ဖြစ်ပါတယ်။ မပျောက်ခင်ကတော့ စိုးရိမ်တာ ပေါ့။ ကိုယ့်မှာက ပိုက်ဆံကလည်း မရှိတော့ အဲလိုမျိုးဖြစ်တဲ့အချိန်မှာ နောက်ကိုယ်က ရေဒီယို အမြဲ နားထောင်တော့ဆေးကုသရေးတပ်မတော်အဖွဲ့ကြီးက ကလေးလေးမွေးပေးတာကြားတော့ သံလွင်မောင်ဆိုတဲ့ နာမည်ပေးတာ။ အဲဒီမှာကတည်းက ဝမ်းသာပြီးတော့ ပြချင်နေတာ။ ကိုယ်က လည်း တပ်မတော်ကို အားပေးတယ် ဂုဏ်လည်းယူတယ်၊ ကျေးဇူးလည်းတင်တယ်။ လက်တွေ့ခုပြ တာဆိုတော့ ဝမ်းလည်းသာတယ်။ ကြည်နူးတယ်။ အခုရောဂါတစ်ဝတ်သက်သာတယ်လို့ ခံစား ရပါတယ်။ ဆေးကုသရေးအဖွဲ့က ကောင်းကောင်းမွန်မွန် ရည်ရည်မွန်မွန်နဲ့ ဆက်ဆံပါတယ်။ အာထရာဆောင်းလည်း ရိုက်ပေးပါတယ်။ ဆေးတွေလည်း အခမဲ့ပေးတယ်ဆိုတော့ ဝမ်းလည်း သာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာဝန်ကြီးများကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလိုကုသပေးတဲ့အတွက် ဒီထက်မက ကျန်းမာချမ်းသာပြီး နယ်လှည့်ဆေးကုသရေးမှာလည်း အောင်မြင်ပါစေ။ ဒီထက်မက ပြည်သူတွေချစ်ခင်အားပေးမှုကို ရပါစေ။ အခုလိုကုသပေးတဲ့အတွက် အခုဆိုရင် တပ်မတော် သားတွေဟာ နေရာဒေသအသီးသီးမှာ ရှေ့တန်းတာဝန်များကို သွားရောက်ထမ်းဆောင်နေရတယ်လို့ ကြားသိရပါတယ်။ အဲဒီလို တပ်မတော်သားတွေဟာ မအားလပ်တဲ့ကြားကနေ ကျွန်မတို့ ကျေးရွာကို လာရောက်ပြီး ဆေးကုသပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ တပ်မတော်သားတွေ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အန္တရာယ်ကင်းဘေးရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဂုဏ်လည်းယူပါတယ်၊ တပ်မတော်ကြီးကို ဒီထက်အဓွန့်ရှည်အောင်မြင်ပါစေလို့ မေတ္တာပို့ပါတယ်။
မချူးနိုနိုလင်း(အလယ်ကိုင်းကျေးရွာ၊ ဓနုဖြူမြို့နယ်)
မျက်နှာမှာ အဖုတွေဖြစ်နေလို့ဆိုပြီး အရေပြားလာပြတာပါ။ တွေ့ရာမျက်နှာသစ်နဲ့ မသစ်ကြပါနဲ့။ နောက်ပြီးတော့ အပြင်သွားလို့ရှိရင် ပါးစပ်နှာခေါင်းစည်းတွေ တပ်ဆင်ပါ။ ဖုန်မှုန့်တွေကြောင့်လည်း မျက်နှာမှာအဖုတွေ ဖြစ်တယ်လို့ပြောတယ်။ ဆေးထုတ်ပေးလိုက်တယ်။ စာအုပ်ထဲမှာ ဆေးနာမည် ရေးပေးတယ်။ သိပ်ပြီး ပိုက်ဆံမတတ်နိုင်တဲ့သူတွေ၊ နောက်ပြီးတော့ အဆင်မပြေတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ သွားနဲ့ခံတွင်းပါရဂူ၊ အရိုးအကြောပါရဂူ၊ မျက်စိပါရဂူတွေလည်းပါတယ်။ နှာခေါင်းခွဲစိတ်ပါရဂူတွေလည်း ပါပါတယ်။ လာရောက် ကုသပေးတဲ့အဖွဲ့ကိုလည်း ကျွန်မက ပြည်သူတွေ ကိုယ်စားကျေးဇူးတင်ပါတယ်။ ပရဟိတမျိုးတွေလည်း ဆက်ပြီးလုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
သတင်းစဉ်

