ဒီနှစ်မှာ ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ထုတ်ကုန်တွေပြသရောင်းချပေးလျက်ရှိလို့ မော်လမြိုင်မြို့က ဒေသခံတွေနဲ့ မော်လမြိုင်မြို့ကို ရောက်ရှိလာကြတဲ့ ဧည့်သည်တွေအားလုံး တိုင်းရင်းသားရိုးရာအစားအစာတွေ၊ အလှအပပစ္စည်းမျိုးစုံကို လာရောက်ကြည့်ရှု လေ့လာဝယ်ယူစားသုံးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် (ဒေါ်ခင်မာအေး(ညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်သမဝါယမဦးစီးဌာန))

ဒီနှစ်မှာ ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ထုတ်ကုန်တွေပြသရောင်းချပေးလျက်ရှိလို့ မော်လမြိုင်မြို့က ဒေသခံတွေနဲ့ မော်လမြိုင်မြို့ကို ရောက်ရှိလာကြတဲ့ ဧည့်သည်တွေအားလုံး တိုင်းရင်းသားရိုးရာအစားအစာတွေ၊ အလှအပပစ္စည်းမျိုးစုံကို လာရောက်ကြည့်ရှု လေ့လာဝယ်ယူစားသုံးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် (ဒေါ်ခင်မာအေး(ညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်သမဝါယမဦးစီးဌာန))


Ministry of Information/ Naypyitaw / March 20, 2026
image_latest


(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းဆိုင်များကို မတ် ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ မော်လမြိုင်မြို့ သမန်ဗရမ်းကွင်းတွင် စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသလျက်ရှိပါသည်။ မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်များနှင့် ရိုးရာအစားအသောက်အရောင်းဆိုင်များ ခင်းကျင်းဖွင့်လှစ်ရောင်းချပြသထားရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ ဒေသခံများ၏ ရင်တွင်းစကားများကို ယခုကဲ့သို့ ကြားသိရသည် -

ဦးဉာဏ်လင်းထွေး (အတွင်းရေးမှူး၊ မွန်ပြည်နယ်အစိုးရအဖွဲ့)

(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ကို မွန်တိုင်းရင်းသားလူမျိုးများ၊ မွန်အမျိုးသားအဖွဲ့တို့က မွန်တိုင်းရင်းသားမျိုးနွယ်စု မွန်စာပေနှင့်ကိုယ်ပိုင်ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မွန်ပြည်နယ်ရဲ့ ပစ္စုပ္ပန်ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်မှုမှသည် အနာဂတ်ဘဝပိုမိုပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပြည်နယ်အဖြစ်သို့ရောက်ရှိစေရန်နဲ့ ယဉ်ကျေးမှုရိုးရာဓလေ့များကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းမျှဝေနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။

ဖျော်ဖြေရေးအနေနဲ့ မတ် ၁၈ ရက်ကနေ ၂၀ ရက်အထိ မွန်ရိုးရာ ယဉ်ကျေးမှု အဆို၊ အကတွေနဲ့ ပါဝင်ဆောင်ရွက်သွားမှာပါ။ ပြခန်းတွေအနေနဲ့ လယ်ယာကဏ္ဍကြီးကိုးခန်း၊ စက်မှုကဏ္ဍကြီး ၁၀ ခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး ၁၀ ခန်း၊ ပညာရေးကဏ္ဍကြီး ခုနစ်ခန်း၊ ကျန်းမာရေးပြခန်းရှစ်ခန်းနဲ့ MSME ထုတ်ကုန်ပြခန်း ၂၃ ခန်း ပြခန်းစုစုပေါင်း ၆၇ ခန်းကို ပြသခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်း တောင်သူတွေကို စိုက်နည်းစနစ်ပြောင်းလဲကျင့်သုံးစေဖို့နဲ့ တစ်ဧကအထွက်နှုန်းတိုးတက်စေဖို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က မျိုးစေ့ချကိရိယာ (Seeder) အလက် ၅၀၀ နဲ့ ပေါင်ကြီး တင်ကိရိယာ ၁၀ လက်ကို အခမ်းအနားနဲ့ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေးနဲ့ အလွယ်တကူလေ့လာကြည့်ရှုနိုင်စေဖို့ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနဲ့ အများပြည်သူတွေ အပန်းဖြေအနားယူနိုင်စေဖို့ မော်လမြိုင်မြို့ ကမ်းနားလမ်းဖွံ့ဖြိုးရေး/ မြစ်ကမ်းသာစီမံကိန်း (ဝါရီရူ)ကိုလည်း မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒေါ်ခင်မာအေး(ညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်သမဝါယမဦးစီးဌာန)

ဒီနှစ် မွန်ပြည်နယ်နေ့ပြခန်းမှာ ချောင်းဆုံက MSME လုပ်ငန်းရှင်များအသင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ပေးထားတဲ့ MSME လုပ်ငန်းရှင်သုံးဦးပါရှိပါတယ်။ ဒီလိုထောက်ပံ့ပေးခြင်းအားဖြင့် မွန်ပြည်နယ်အတွင်းမှာတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေ တိုးတက်စေပြီး ဝင်ငွေတိုးစေမှာဖြစ်ပါတယ်။ နှစ်တိုင်းတော့ သမဝါယမထုတ်ကုန်ပစ္စည်းတွေပြသလျက်ရှိပြီး ဒီနှစ်မှာ ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ထုတ်ကုန်တွေပြသရောင်းချပေးလျက်ရှိလို့ မော်လမြိုင်မြို့က ဒေသခံတွေနဲ့ မော်လမြိုင်မြို့ကို ရောက်ရှိလာကြတဲ့ ဧည့်သည်တွေအားလုံး တိုင်းရင်းသားရိုးရာအစားအစာတွေ၊ အလှအပပစ္စည်းမျိုးစုံကို လာရောက်ကြည့်ရှုလေ့လာ ဝယ်ယူစားသုံးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဦးသိန်းထိုက်(ဒုတိယညွှန်ကြားရေးမှူး-ပြခန်းတာဝန်ခံ)

ပြခန်းများထဲမှာ လယ်ယာကဏ္ဍကြီးကိုးခန်း၊ စက်မှုကဏ္ဍကြီး ၁၀ ခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး ၁၀ ခန်း၊ ပညာရေးပြခန်းခုနစ်ခန်း၊ ကျန်းမာရေးပြခန်းရှစ်ခန်း၊ MSME ထုတ်ကုန်ပြခန်းမှာ လုပ်ငန်းရှင် ၂၂ ဦး၊ မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်က ဒေသထွက်ကုန်တွေနဲ့ ရိုးရာအစားအစာအရောင်းပြခန်း ၁၀ ခန်း၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီက ဒေသထွက်ရိုးရာအစားအစာတစ်ခန်း၊ စောဦး စာအုပ်အရောင်းဆိုင် တစ်ခန်းစုစုပေါင်း ၇၈ ခန်း ပါဝင်ပြသလျက်ရှိပါတယ်။ ပညာရေး၊ ကျန်းမာရေးပြခန်းတွေမှာ သက်ဆိုင်ရာဦးစီးဌာနတွေက ပြည်သူ့အကျိုးဆောင်ရွက်နေမှုတွေကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ဖို့ ခင်းကျင်းပြသထားပါတယ်။ MSME ထုတ်ကုန်ပြခန်းမှာ ဒေသထွက်ပြည်ပပို့ထုတ်ကုန်တွေ၊ ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်တွေ၊ Agro-Based အခြေခံထုတ်ကုန်တွေကို ပြသထားပါတယ်။

အခုနှစ်မှာ အရင်နှစ်ထက်ပိုမိုထူးခြားလာတာက ပန်း ၁၀ မျိုးမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သိန်းသန်းမြန်မာမှုပန်းပုလုပ်ငန်း၊ ငှက်သိုက်လုပ်ငန်း၊ ကိုရီးယားနိုင်ငံကိုတင်ပို့တဲ့ ဆားကုန်ကြမ်း၊ အိမ်တိုင်းမှာမရှိမဖြစ်အသုံးပြုသေးတဲ့ ပလတ်စတစ် ရေတိုင်ကီမျိုးစုံ၊ ခေါင်းလျှော်ရည်မျိုးစုံ၊ ဆီးချိုသမားတွေအတွက် ဆီးချိုထိန်းဆန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်ပေးတဲ့ စပါးခွံလောင်စာတောင့်၊ လွှစာတောင့်၊ အပင်တွေအတွက် သဘာဝဇီဝမြေဩဇာအပင်အထူး၊ ရော်ဘာအထူး၊ ကော်ဖီအထူးတွေကိုလည်း ပါဝင်ပြသထားပါတယ်။

ဦးသိန်းသန်း(သိန်းသန်းမြန်မာမှုပန်းပုလုပ်ငန်း)

ပြပွဲမှာ ကျွန်းနက်ဘုရားဆင်းတုတော်၊ နှစ်ထပ်ပန်းကနုတ်၊ မော်ဒန်ပုံပန်းပုရုပ်၊ တိရစ္ဆာန်ပုံပန်းပုရုပ်တွေ စသည်ဖြင့် အမျိုးပေါင်း ၃၀ ကျော်စုံလင်စွာ ပြသရောင်းချသွားမှာဖြစ်ပါတယ်။ မုဒုံမြို့နယ်အတွင်း လူငယ်ပန်းပုပညာရှင်တွေပေါ်ထွက်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ပြည်နယ်ကပေးတဲ့ စက်မှုလက်မှုထူးချွန်ဆုလည်း ရရှိထားပါတယ်။ ပန်းပုရုပ်တွေကို ပြည်တွင်းသာမက ပြည်ပကိုလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဒေသခံတွေသာမက အနယ်နယ်အရပ်ရပ်ကလာရောက်ကြတဲ့ တိုင်းရင်းသားပြည်သူတွေလည်း မြန်မာမှုတွေကို လာရောက်လေ့လာစေချင်ပါတယ်။

ဒေါ်စန်းချိုနွဲ့(မြတ်ဧကရီဆံသားအလှကုန်လုပ်ငန်း)

ဒေသထွက်သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်ထုတ်လုပ်ရောင်းထားတာဖြစ်ပါတယ်။ သဘာဝပစ္စည်းတွေဖြစ်တဲ့ ရှားစောင်း၊ အောင်မဲညို၊ တရော်ကင်ပွန်းခေါင်းလျှော်ရည်သုံးမျိုး ၊ Hair Coat ၊ ဆံသားပေါင်းဆီ၊ ဆံသားလိမ်းဆီ စုစုပေါင်း ခြောက်မျိုးပြသရောင်းချမှာပါ။ လောလောဆယ် မြန်မာပြည်အနှံ့ တင်ပို့ရောင်းချလျက်ရှိပြီး City Mark တွေမှာလည်း ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ ပစ္စည်းအရည်အသွေးကို အာမခံပါတယ်။ ၂၀၂၅ ခုနှစ်က စက်မှုလက်မှုထူးချွန်ဆုလည်း ရရှိထားပါတယ်။ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးကြပါ။ ပြည်ပဈေးကွက်ကိုလည်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ပြည်တွင်းဖြစ် ထုတ်ကုန်တွေကို လာရောက်အားပေးပါလို့ ပြောကြားလိုပါတယ်။

မအိသဲဖြူ(မူရစ်ကြီးကျေးရွာ၊ ချောင်းဆုံမြို့နယ်)

မွန်ပြည်နယ်နေ့ပြခန်း‌တွေရောက်ရင် ဒေသထွက်အစားအစာ‌‌တွေ၊ သဘာဝအလှကုန်ပစ္စည်းတွေ၊ ရေမွှေးကအစ အစုံမြင်တွေ့ရပြီး စိတ်ကြိုက်ဝယ်ယူလို့ရတဲ့အပြင် ရိုးရာအကအလှတွေ၊ မွန်တူရိယာတွေ အနီးကပ်ကြည့်ခွင့်ရလို့ တအားပျော်ပါတယ်။ မွန်လူမျိုးတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။

တွေ့ဆုံမေးမြန်း - မြင့်မြတ်သီတာ(ပြန်/ဆက်)

ဓာတ်ပုံ - စည်သူ(ပြန်/ဆက်)