နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / March 07, 2025

နေပြည်တော် မတ် ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ရောက်ရှိကြရာ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အမွှေးနံ့သာရည်ပက်ဖျန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက စိန့်ပီတာစဘတ်ကောင်စစ်ဝန်ချုပ်ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး ကောင်စစ်ဝန်ချုပ်ရုံးအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် စိန့်ပီတာစဘတ်မြို့တွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။
သိရှိလိုသည်များမေးမြန်း
ဦးစွာ မြန်မာကောင်စစ်ဝန်ချုပ်က ကောင်စစ်ဝန်ချုပ်ရုံးဆိုင်ရာအချက်အလက်များ၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ သင်တန်းသားများ သင်တန်းတက်ရောက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် စိန့်ပီတာစဘတ်မြို့သို့ စတုတ္ထအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး စိန့်ပီတာစဘတ်မြို့၏ အချက်အချာကျမှုနှင့် အရေးပါမှုများ၊ သမိုင်းအစဉ်အလာများရှိသည်ကို သိရှိခဲ့ရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ရန်အတွက် ယခင်ကတည်းက ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်မြို့တွင် စက်ရုံအလုပ်ရုံများများစွာရှိပြီး သယ်ယူပို့ဆောင်ရေးအတွက်လည်း အချက်အချာကျသည်ကို တွေ့ရကြောင်း။
လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း
အလားတူ ပညာသင်ကြားရေးတွင်လည်း ကောင်းမွန်မှုရှိသည်ကိုတွေ့ရကြောင်း၊ စိန့်ပီတာစဘတ်မြို့သည် မိမိတို့နိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ယခုအခါမန္တလေးမြို့မှနေ၍ ရုရှားနိုင်ငံနိုဗိုစီဗစ်မြို့နှင့် လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲပျံသန်းလျက်ရှိကြောင်း၊ ယခုစိန့်ပီတာစဘတ်မြို့နှင့်လည်း လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးမိသားစုများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် မိမိတို့နိုင်ငံအကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်ရှိမှုများမရှိစေရေးနှင့် အချိန်မီပြီးစီးစေရေး Check ၊ Recheck ၊ Counter Check များ ပြုလုပ်နေရန်လိုကြောင်း၊ နိုင်ငံအတွက် အကျိုးရှိနိုင်သည့်ကိစ္စရပ်များ၊ အကျိုးမပြုနိုင်သည့်ကိစ္စရပ်များကို ခွဲခြား၍ ဆက်လက်တင်ပြဆောင်ရွက်နိုင်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဆက်ဆံမှုများကောင်းမွန်တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ၌ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ ခရီးလမ်းအရဝေးကွာသည့်နေရာတွင် တည်ရှိခြင်းကြောင့် တွက်ခြေကိုက်သည့် ထုတ်ကုန်များတင်ပို့နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆက်သွယ်မှုများ ကောင်းမွန်မြန်ဆန်ရေး ဆောင်ရွက်ကြရန်လိုကြောင်း။
ဈေးကွက်ရှာဖွေဆောင်ရွက်
မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများကို အဓိကထားထုတ်လုပ်ပြီး CMP အထည်ချုပ်လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ရော်ဘာကုန်ကြမ်းများလည်းထွက်ရှိကြောင်း၊ ရော်ဘာကုန်ကြမ်းများနှင့် ရော်ဘာထွက်ကုန်များကို တင်ပို့နိုင်ကြောင်း၊ အလားတူ ဆန်၊ ကော်ဖီ၊ လက်ဖက်နှင့် အခြားစိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုလည်း တင်ပို့နိုင်သကဲ့သို့ သစ်တောထွက်ပစ္စည်းများကိုလည်း တင်ပို့နိုင်ကြောင်း၊ မိမိတို့နိုင်ငံမှ ထုန်ကုန်များ စိန့်ပီတာစဘတ်မြို့သို့ တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း။
ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်
စိန့်ပီတာစဘတ်မြို့တွင် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများနှင့် ဆေးဝါးများကောင်းမွန်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆေးများထုတ်လုပ်လျက်ရှိသော်လည်း ဆေးရုံများ၌အသုံးပြုသည့် ကင်ဆာကုသဆေးများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အဆိုပါကင်ဆာကုသဆေးအား ထုတ်လုပ်နိုင်ရေး နည်းပညာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ကုသမှုအတွေ့အကြုံများရရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သိပ္ပံနှင့် နည်းပညာရပ်များနှင့်ပတ်သက်၍ စိန့်ပီတာစဘတ်မြို့ရှိ တက္ကသိုလ်များတွင် မြန်မာပညာတော်သင်များ တက်ရောက်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရုရှားနိုင်ငံသည် အားကစားနှင့်ပတ်သက်၍လည်း ထိပ်တန်းတွင်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ့အားကစားမြှင့်တင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေးရန်လို
စိန့်ပီတာစဘတ်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်ကျောင်းသားများ စနစ်တကျပညာသင်ကြားနိုင်ရေးနှင့် အခြားလိုအပ်သည့်ကိစ္စရပ်များကို ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သင်တန်းကာလနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ပညာများသင်ယူရာတွင်လည်း အလေးထားသင်ယူသွားကြရန်လိုကြောင်း။
အကျိုးရှိစွာဖြင့် အသုံးချ
ကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း ရုရှားဘာသာစကားနှင့်ပတ်သက်၍လည်း လေ့လာဆောင်ရွက်သွားမည်ဆိုပါက အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ အချိန်များကို အကျိုးရှိစွာဖြင့် အသုံးချသွားရန်လိုကြောင်း မှာကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမိသားစုများနှင့် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


