နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်အမှာစကားပြောကြား
Ministry of Information/ Naypyitaw / March 07, 2025

နေပြည်တော် မတ် ၆
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁)နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ သီးခြားဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပထမအကြိမ်ကော်မရှင်အစည်းအဝေး ကျင်းပပြီးချိန်မှစ၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားအများဆုံး ၅၄၅ မဂ္ဂါဝပ် ပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီး အများပြည်သူသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကာလတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်ခြင်းများကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရေး နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်ခဲ့ရာ ကော်မရှင်အနေဖြင့် ဦးစားပေးလုပ်ငန်းလမ်းညွှန်ချက်သတ်မှတ်ထားရှိပြီး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ခြင်းအပြင် ဝေးလံကျေးလက်ဒေသများအတွက် ဓာတ်အားစနစ် ပြင်ပသီးခြားဆောင်ရွက်နိုင်ရန်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍဖွံဖြိုးရေးအတွက် တင်သွင်းလာသည့်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်ခြင်း ရှိ/မရှိ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ရန်လိုအပ်သလို ပစ္စည်းများတပ်ဆင်ခြင်း၊ ဓာတ်အားထုတ်ယူသုံးစွဲခြင်းများကိုလည်း သတ်မှတ်ထားသည့် နည်းပညာပိုင်းဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
စွမ်းအင်ဝန်ကြီးဌာန၏ အားထုတ်ကြိုးပမ်းမှုကြောင့် ဓာတ်အားထုတ်လုပ်မှုအတွက် ဖြန့်ဖြူးပေးနေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ကို ယခင်ခွဲတမ်းထက် တစ်ရက်လျှင် ကုဗပေသန်း ၃၀ ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် ဓာတ်အားစနစ်အတွင်း ဓာတ်အားမဂ္ဂါဝပ် ၁၁၀ ခန့် ပိုမိုရရှိဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ သဘာဝဓာတ်ငွေ့သည် လျှပ်စစ်ကဏ္ဍအတွက်သာမက စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအပါအဝင် ဓာတ်မြေဩဇာထုတ်လုပ်ရန်အတွက်ပါ အသုံးပြုနေရသည့် မဟာဗျူဟာမြောက် လောင်စာဖြစ်သောကြောင့် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းရန်လိုအပ်သလို ရေနံနှင့်သဘာဝဓာတ်ငွေ့မြေအသစ်များ ရှာဖွေဖော်ထုတ်နိုင်ရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။
ယခင်က ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းများဆောင်ရွက်ခဲ့သည့်ဒေသများတွင် စွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာစီမံကြီးကြပ်မှုနှင့် စံသတ်မှတ်တွင်း (Standard Well) တူးဖော်သည့် စနစ်ဖြင့်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ လက်ရှိကမ်းလွန်စီမံကိန်းများမှ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ တိုးမြှင့်ရရှိဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သလို ကမ်းလွန်စီမံကိန်းအသစ်များကိုလည်း သတ်မှတ်ချိန်များအတိုင်းစတင်နိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လက်ရှိ ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ပြီး အရည်အသွေးပြည့်ဝသည့် စက်သုံးဆီများကို ပြည်တွင်းတွင် ပိုမိုထုတ်လုပ်ဖြန့်ဖြူးလာနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို လျှော့ချသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကသွင်းအားစုဖြစ်သည့် အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာများကို ပြည်တွင်းတွင် ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ ကြံ့ခိုင်မှုပြည့်ဝရေး၊ ယိုစိမ့်လေလွင့်ဆုံးရှုံးမှုမရှိစေရေး လိုအပ်သလို စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
ရေရှည်တွင်လျှပ်စစ်ကဏ္ဍ၌ ရုပ်ကြွင်းလောင်စာများအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးမြှင့်အသုံးပြုသွားရန်လိုအပ်မည်ဖြစ်၍ ယခုကတည်းက အစီအမံများ စနစ်တကျရေးဆွဲဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအနေအထားအရ ရေအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ရေအရင်းအမြစ်များကို အသုံးပြုပြီး ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း ကာလရှည်အစီအမံချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ရာ နိုင်ငံတော်အကြီးအကဲမှ ညွှန်ကြားထားသော ဘက်စုံအကျိုးဖြစ်ထွန်းစေမည့် အနိမ့်တမံရေအားလျှပ်စစ်ထုတ်ယူသည့်စနစ်ကို သေချာစွာစဉ်ဆက်မပြတ် လေ့လာဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း။
စီမံကိန်းကြီးများ မြန်ဆန်ပြီးစီးစေရေးအတွက် စီမံကိန်းမြေယာအခက်အခဲများကို ဖြေရှင်းကျော်လွှားရန်ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်အားစနစ်အတွင်း ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းအောင် ဆောင်ရွက်သွားခြင်းဖြင့် ဓာတ်အားခဆုံးရှုံးမှုလျော့နည်းပြီး နိုင်ငံတော်ဘဏ္ဍာလည်း တိုးတက်ရရှိစေမည်ဖြစ်သည့်အတွက် ရန်ကုန်၊ မန္တလေးနှင့်တိုင်းဒေသကြီး/ ပြည်နယ်များတွင် အထူးစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ပုံမှန်စစ်ဆေးဖော်ထုတ်သွားရန်လိုကြောင်း။
ထို့အပြင် မတ် ၁၇ ရက်မှ ၂၂ ရက်အတွင်း တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ကောလိပ်စာမေးပွဲများ တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုချိန်ကာလနှင့် စာကျက်မှတ်ချိန်ကာလများအတွင်း ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ကျယ်ပြန့်ပြီးသက်ဆိုင်ရာ Stakeholder အားလုံး ပေါင်းစပ်ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်သူများအားလုံး ပေါင်းစပ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူးက ကော်မရှင်အစည်းအဝေး(၁/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်တွဲဖက်အတွင်းရေးမှူး စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့က ကော်မရှင်အစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက် ကော်မရှင်အစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး၊ Renewable Energy – RE များ တိုးတက်ထုတ်ယူသုံးစွဲနိုင်ရေးဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ကော်မရှင်အစည်းအဝေး(၁/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများနှင့်ပတ်သက်၍ မိမိတို့ဒေသအတွင်း ဆောင်ရွက်ဆဲ/ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်