နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင်အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကယ်ဆယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား အားပေးစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင်အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကယ်ဆယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား အားပေးစကားပြောကြား
Ministry of Information/ Naypyitaw / April 16, 2025

နေပြည်တော် ဧပြီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧပြီ ၁၄ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (တိုင်းဒေသကြီး)ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အိတ်ချိန်းရုံး)၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မန္တလေးဘူတာကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တိုင်းဒေသကြီး)ရုံး၊ ချမ်းမြသာစည်လေဆိပ်၊ စစ်ကိုင်းတံတား(အင်းဝ)တို့၏ ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၏ ပျက်စီးမှုအခြေအနေများ၊ ဝန်ထမ်းများအား ယာယီရွှေ့ပြောင်းနေရာချထားသည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကာ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လေဆိပ်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးခြင်း၊ ပြည်တွင်းလေကြောင်းခရီးစဉ် ဆိုက်ရောက်/ ထွက်ခွာနိုင်ရန်ယာယီခရီးသည် အဆောက်အအုံ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်ပခရီးစဉ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆိုက်ရောက်/ ထွက်ခွာယာယီခရီးသည် အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ လေယာဉ်ပြေးလမ်းပျက်စီးနေမှုအခြေအနေ၊ ယာယီလေကြောင်းထိန်းမျှော်စင်နှင့် ငလျင်ဒဏ် ထိခိုက်ခံထားရသော လေကြောင်းထိန်းမျှော်စင်၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မန္တလေးလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များကို ဧပြီ ၂၅ ရက်မှ စတင်ဖွင့်လှစ်ပြေးဆွဲနိုင်ရေးနှင့် ဝန်ထမ်းများအန္တရာယ် ကင်းရှင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးတို့အတွက် စနစ်တကျဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (တိုင်းဒေသကြီး)ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ ဝန်ထမ်းများ ယာယီအခြေပြုလျက်ရှိသော ပြည်ကြီးတံခွန်မြို့နယ် အိတ်ချိန်းရုံးသို့ သွားရောက်ကာ ရုံးအဆောက် အအုံပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေး စကားပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီး၌ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။ ယင်းနောက်မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးဘူတာကြီး၏ ပျက်စီးမှုအခြေအနေများကို ကြည့်ရှု၍ အမြန်ဆုံးပြန်လည် ပြုပြင်ဆောင်ရွက်ရန်မှာကြားပြီး ယာယီနေရာချထားပေးသည့် မြန်မာ့မီးရထားရိပ်သာ(မန္တလေး)သို့ ရောက်ရှိကာ မြန်မာ့မီးရထား ဝန်ထမ်းမိသားစုများအတွက် နေရာထိုင်ခင်း၊ စားသောက်ရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးရုံး(မန္တလေး)၌ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ရုံးအဆောက်အအုံ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုမှတစ်ဆင့် ချမ်းမြသာစည် လေဆိပ်အဟောင်းနေရာနှင့် ခရီးသည်အဆောက်အအုံ (Terminal)တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတံတား(အင်းဝ)သို့ ရောက်ရှိပြီး ဧရာဝတီမြစ်အတွင်း ပြုတ်ကျသွားသည့် သံပေါင်ခုံးခြောက်ခုံးနှင့် တံတားကမ်းကပ်ခုံပြိုကျမှုများကို ကြည့်ရှုစစ်ဆေးကာ ပိတ်ဆို့သံပေါင်ခုံးများကို အမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရေးနှင့် ရေလမ်းကြောင်းဖွင့်လှစ်နိုင်ရေး၊ ရထားလမ်းတံတားကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီတိုင်းတာ တွက်ချက်စစ်ဆေးမှုများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ယင်းနောက်စစ်ကိုင်းတံတား (အင်းဝ)၏ သံပေါင်ခုံးအချို့ ပြိုကျပျက်စီးခဲ့သောကြောင့် သွားလာမှု ယာယီပြတ်တောက်နေခြင်းကို တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် မန္တလေး(ရွှေကြက် ယက်) ဆိပ်ကမ်းနှင့်စစ်ကိုင်းဆိပ်ကမ်းသို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ရေယာဉ်များ၊ ပုဂ္ဂလိကပိုင်ကုန်တင်တွဲဆွဲ ရေယာဉ်ကြီးများဖြင့် ကုန်တင် မော်တော်ယာဉ်ကြီးများနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး ယန္တရားကြီးများအား သယ်ယူပို့ဆောင်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်