နေပြည်တော်လမ်းလျှောက်သင်္ကြန် သင်္ကြန်အတက်နေ့တွင် လာရောက်လည်ပတ်ကြသူများဖြင့် ကြက်ပျံမကျစည်ကား

နေပြည်တော်လမ်းလျှောက်သင်္ကြန် သင်္ကြန်အတက်နေ့တွင် လာရောက်လည်ပတ်ကြသူများဖြင့် ကြက်ပျံမကျစည်ကား


Ministry of Information/ Naypyitaw / April 17, 2024
image_latest


နေပြည်တော် ဧပြီ ၁၆

မြန်မာနှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မကြာသောအချိန်ကာလမတိုင်ခင် ပြည်သူတို့သည် ကိုယ်စိတ်နှလုံးပျော်ရွှင်အေးချမ်းစွာဖြင့် နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြော၍ ကောင်းခြင်းမင်္ဂလာတို့ ရောက်ရှိလာစေရန် မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ယနေ့ကျရောက်သည့် သင်္ကြန်အတက်နေ့တွင် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါနေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံဧရိယာအထိ သတ်မှတ်ပြီး တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်ဟူ၍ စိတ်ဝင်စားပျော်ရွှင်ဖွယ် ကျင်းပလျက်ရှိရာ ယနေ့ကျရောက်သည့် သင်္ကြန်အတက်နေ့တွင် သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် ပြည်တွင်းမှ ပြည်သူများနှင့်အတူ ကလေးငယ်များသာမက ပြည်ပမှ သင်္ကြန်ချစ်သူများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်းသို့ဝင်လိုက်သည်နှင့် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်းရေကစားမဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်တို့က ဆီး၍ကြိုဆိုနေကြကာ အဆိုပါမဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေကြသည့်အပြင် ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအဖွဲ့များကလည်း သင်္ကြန်တေးသီချင်းများဖြင့် ညီညီညာညာ ယိမ်းနွဲ့ကပြဖျော်ဖြေပေးကြပြီး မဏ္ဍပ်များက ပက်ဖျန်းလိုက်သည့် အတာရေကြားတွင် ပြည်သူများက သီချင်းသံစဉ် စည်းချက်များနှင့်အညီ လိုက်ပါယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်စွာ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် တိုင်းရင်းသားသင်္ကြန်ဇုန်ကို သင်္ကြန်ကို အခြေခံပြီး တိုင်းရင်းသားသွေးချင်းညီအစ်ကိုများအားလုံး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး ဖြစ်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုရရှိစေရန်အတွက် ထည့်သွင်းကျင်းပလျက်ရှိရာ တိုင်းရင်းသားသွေးချင်းညီအစ်ကိုများ၊ ပြည်သူများ ပါဝင်ဆင်နွှဲကြ ပြီး တိုင်းရင်းသားကိုယ်စားပြု Photo Booth များနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ကြသည့် သင်္ကြန်ချစ်သူများကို စတုဒိသာသင်္ကြန်ဇုန်တွင် ကျွေးမွေးကြသည့် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်များတွင် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာများနှင့် မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေကစားမဏ္ဍပ်မှ လူဦးရေ ၃၀၀၀ အတွက် ကြာဆံကြော်များကို အားပါးတရ နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့်မြင်ကွင်းက မြန်မာတို့၏ ချစ်စရာဓလေ့ကို စိတ်ကြည်နူးစွာ မြင်တွေ့ရသည်။

ထို့ပြင် အစားအသောက်များ အခက်အခဲမရှိစေရန် သန့်ရှင်းလတ်ဆတ်သော အစားအစာများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည့် ဆိုင်ခန်းများတွင် စားသောက်ကုန်များ ပြတ်လပ်သည့်အထိ ကြိတ်ကြိတ်တိုး ဝယ်ယူစားသောက်နေကြသည်ကိုလည်း တွေ့ရသည်။

ယခုနှစ် လမ်းလျှောက်သင်္ကြန်တွင် ထူးခြားဆန်းသစ်သည့်အစီအစဉ်တစ်ခုအဖြစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း ရေကစားမဏ္ဍပ်တို့၌ နိုင်ငံကျော်အနုပညာရှင်များအပြင် ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော်များ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ Tavrida. art အနုပညာအဖွဲ့မှ အနုပညာရှင်များက DJ, Music Band တို့နှင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများကို သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ဆင်နွှဲကြသူများအတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် မြင်တွေ့ရပြီး ပါဝင်ဆင်နွှဲကြသူများဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ လာရောက်ကြသည့် သင်္ကြန်ချစ်ပြည်သူအချို့က အသင့်သုံးမြန်မာ့ရိုးရာ သနပ်ခါးဘူးများကို ကိုင်ဆောင်၍ တစ်ဦးနှင့် တစ်ဦး ပျော်ရွှင်စွာ နောက်ပြောင်လိမ်းခြယ်နေကြသည့် ချစ်စရာဓလေ့တစ်ခုကိုလည်း ထူးခြားစွာတွေ့ရသည်။

ထို့ပြင် လူငယ်များနှင့် ကလေးများအတွက် အဓိကထားသည့် လူငယ်သင်္ကြန်ဇုန်တွင် Colour Party၊ Foam Party၊ Inflatable ကစားစရာ ရေကန်များ၊ လူကြီးများ၊ ကလေးများပါဝင် ဆော့ကစားနိုင်သည့် ရေလွှာလျှောစီးနှင့် ကလေးငယ်များအတွက် ပျော့အိကစားကွင်းများတွင်လည်း ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားသည့်အပြင် လူငယ်များ နှစ်သက်သဘောကျသည့် အစီအစဉ်တစ်ခုမှာ DJ Performance များဖြင့် ကပြဖျော်ဖြေသည့် အစီအစဉ် တစ်ခုဖြစ်သည်ကိုလည်း တွေ့ရသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများရေကစားနေစဉ် ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကုသစောင့်ရှောက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများကို ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကို လည်း မြင်တွေ့ရသည်။

သတင်း-ဟိန်းမင်းစိုး၊ သန်းမင်းအောင်

ဓာတ်ပုံ-ကိုကျော်ကြီးနှင့်အဖွဲ့

HOT NEWS
January 4,