နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များကို အဖွဲ့အစည်းအသီးသီးက ထပ်မံထုတ်ပြန်

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များကို အဖွဲ့အစည်းအသီးသီးက ထပ်မံထုတ်ပြန်


Ministry of Information/ Naypyitaw / August 26, 2025
image_latest


နေပြည်တော် ဩဂုတ်၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားပြီး မန္တလေး-လားရှိုး ရထားလမ်းပေါ်၌တည်ရှိသည့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက် သောင်းကျန်းသူများက စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချ လျက်ရှိသည့်အပြင် အဖွဲ့အစည်းအသီးသီးကလည်း အဆိုပါအကြမ်းဖက်လုပ်ရပ် အပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များကို ဩဂုတ် ၂၅ ရက်မှစ၍ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ယနေ့တွင်လည်း မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဖွဲ့တို့က TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်းထုတ်ပြန်ချက်များ ထပ်မံထုတ်ပြန်ကြသည်။ အဆိုပါထုတ်ပြန်ချက်များတွင် အများပြည်သူခရီးသွားလာရေးနှင့် ကုန်သည်များကူးသန်းရောင်းဝယ် ဖောက်ကားရေးအတွက် အရေးပါပြီး ခေတ်အဆက်ဆက်ထင်ရှားကျော်ကြားခဲ့သည့် သမိုင်းဝင်အထင်ကရတံတားကြီးအား စစ်ရေးပစ်မှတ်မဟုတ်ဘဲ ရက်စက်ယုတ်မာစွာ မိုင်းထောင်ဖျက်ဆီးခဲ့ကြသည့် TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ မိုက်မဲမှားယွင်းသောလုပ်ရပ်အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ငြိမ်းချမ်းရေးကို လိုလားသောတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်ထပ်တူ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားကြသည်။

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးသည် မြန်မာနိုင်ငံ၏အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဖြစ်ပြီး အဆိုပါဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင်အမှတ်(P-16)နှင့် ကမ်းကပ်ခုံ(AB-2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိတံတား သံဘောင်နေရာနှင့် တံတား၏ကမ်းကပ်ခုံ(AB-2)တို့ ပျက်စီးသွားခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။