ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာအင်မရန်ဟိုက်ဒါအား ခန့်အပ်ရန် သဘောတူညီ

ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာအင်မရန်ဟိုက်ဒါအား ခန့်အပ်ရန် သဘောတူညီ


Ministry of Information/ Naypyitaw / February 15, 2024
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ အင်မရန်ဟိုက်ဒါအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

မစ္စတာ အင်မရန်ဟိုက်ဒါကို ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့၌ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ရှိ အစိုးရကောလိပ်တွင် အထက်တန်းကို တက်ရောက်အောင်မြင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ရှိ အစိုးရကောလိပ်မှ ဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ရှိ ပန်ဂျပ်တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာနှင့် စာပေပိုင်းဆိုင်ရာ မဟာဘွဲ့ကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊ ကာတင်တက္ကသိုလ်မှ လူ့အခွင့်အရေးဆိုင်ရာ မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

၎င်းသည် ဝင်ငွေခွန်ဌာနတွင် လက်ထောက်ကော်မရှင်နာအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန်မဟာမင်းကြီးရုံး၊ စပိန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးတို့၌ သံတမန်ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဂျစ်ကစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စတာ အင်မရန်ဟိုက်ဒါသည် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ လက်ရှိအချိန်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုအာရှနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဆိုင်ရာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦးရှိသည်။

သတင်းစဉ်