ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး(၄/၂၀၂၅)ကျင်းပ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး(၄/၂၀၂၅)ကျင်းပ


Ministry of Information/ Naypyitaw / November 01, 2025
image_latest


ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို ထိရောက်စွာအရေးယူသွားရန်လို

နေပြည်တော် အောက်တိုဘာ ၃၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး(၄/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်  ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင် များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  Video  Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း(၂)ကို မြို့နယ်ပေါင်း ၁၀၀ ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း အပိုင်းလိုက်ကျင်းပပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှအမည်စာရင်းတင်သွင်းထားရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း လုံခြုံစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး စီမံချက်နှင့်အညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီး၌ ပထမအကြိမ်မဲစာရင်းများကိုကြေညာထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အများအပြားလာရောက်ကြည့်ရှု၍ မဲစာရင်းစစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည် လျှောက်ထားခြင်းစသည့်  မဲစာရင်းမှန်ကန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြပြီဖြစ် ကြောင်း၊  လာမည့်ရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေး၊ မဲပေးစက်များလုံခြုံရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများလုံခြုံရေး၊ ဆန္ဒမဲပေးသူများလုံခြုံရေးများအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုစဉ်ဆက်မပြတ်ဆက်လက် စီမံဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်အပိုင်းလိုက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် လုံခြုံရေးစီမံချက်နှင့် ဆက်စပ်ဆောင်ရွက်ရမည့် သီးခြားစီမံချက် ရှစ်မျိုးတို့ကိုရေးဆွဲထားပြီးဖြစ်၍   လက်တွေ့ကျကျအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မဲစာရင်းဆိုင်ရာကိစ္စရပ်များအား စုံစမ်းမေးမြန်းနိုင်ရန် Call Center များ ဖွင့်လှစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ မဲဆန္ဒရှင်ပြည်သူများ၏ ဆက်သွယ်မေးမြန်းမှု ၇၃၂ ကြိမ် ဖြေရှင်းကူညီဆောင်ရွက်ပေး ခဲ့ပြီး  မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မဲစာရင်းကျန်ရှိမှုမရှိစေရေးမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ၂၈၃၇၅ ကြိမ်၊ လှည့်လည်နှိုးဆော်ခြင်း ၄၅၂၄၈ ကြိမ်၊ OSS ဖြင့်ဆောင်ရွက်ပေးခြင်း ၂၈၂၅၉၂ ကြိမ်ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည့် မဲစာရင်းတွင်ပါရှိပြီး သက်ဆိုင်ရာမြို့နယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် ရဲစခန်းအချုပ်၊ အချုပ်ထောင်၊ အကျဉ်းထောင်များ၌  အကြောင်းအမျိုးမျိုးကြောင့် ပြစ်မှုရင်ဆိုင်ဖြေရှင်းနေရသည့်အချုပ်သားများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ကြိုတင်ပေါင်းစပ်ညှိနှိုင်း၍ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကာလတွင်  လာရောက် လေ့လာကြမည့် ပြည်တွင်းပြည်ပလေ့လာရေးအဖွဲ့များ၊ မီဒီယာများနှင့်ပတ်သက်၍လည်း လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို   သေချာစွာစီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့်ကျူးလွန်သူ များအားဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်အထိ  ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု   ၄၀  တွင် တရားခံအမျိုးသား ၈၃ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၈ ဦး ရှိခဲ့ပြီဖြစ်သကဲ့သို့ ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများကျူးလွန်နေသူများကိုစုံစမ်းဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့်တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊   မိတ်ဖက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်၍  လက်ရှိရရှိထားသောတိုးတက်မှုများကို အခြေခံကာ  အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြရန်ပြောကြားသည်။

ထို့နောက်   တိုင်းဒေသကြီး/ပြည်နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် မိမိနယ်မြေအခြေအနေနှင့်ကိုက်ညီသည့်  လျာထားအစီအမံများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့်ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်က ဆွေးနွေးတင်ပြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။   

 သတင်းစဉ်

HOT NEWS
January 4,