ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့မှုကြောင့် ပညာရေးဝန်ထမ်း(အငြိမ်းစား) တစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့မှုကြောင့် ပညာရေးဝန်ထမ်း(အငြိမ်းစား) တစ်ဦး သေဆုံး


Ministry of Home Affairs/ Naypyitaw / August 26, 2025


   တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

   ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ သရက်ကိုင်းကျိုးကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၇ နာရီတွင် အဆိုပါကျေးရွာနေ ပညာရေးဝန်ထမ်း(အငြိမ်းစား)ဖြစ်သူ ဦးတင်စိုး(၆၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က မော်တော်ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ ကလေးများအား စာသင်ပေးနေသည်ကို မကျေနပ်၍ “အစိုးရဒေါက်တိုင်” ဟုပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်စိုးတွင် ဓားဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

   ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။