ပြည်ထောင်စာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း
ပြည်ထောင်စာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း
Office of the Auditor General of the Union/ NPT / August 04, 2025
ပြည်ထောင်စာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စာရင်းစစ်ချုပ်ရုံး၊ ယာယီဝန်ထမ်းအိမ်ရာ(၁) အတွင်း၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယာယီဝန်ထမ်းအိမ်ရာ (၁) အတွင်းရှိ သတ်မှတ်နေရာ၌ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေး၍ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ က သတ်မှတ်နေရာအသီးသီး၌ ကံ့ကော်ပျိုးပင်များကို စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သရက်၊ အုန်းချို၊ ပိန္နဲ၊ ကံ့ကော်၊ ခရေ စသည့်အရိပ်ရ နှစ်ရှည်ပင်များနှင့် စက္ကူပန်းပင်၊ နွယ်သာကီ၊ ပန်းအိနှင့် ခရာဝါ စသည့်ပန်းအလှပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ယာယီဝန်ထမ်းအိမ်ရာ (၁) အတွင်းရှိ လမ်းဘေးဝဲ/ယာနှင့် အိမ်ရာပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်သာယာလှပသော ပရဝုဏ်ဖြစ်စေရေး၊ ဝန်ထမ်းများနှင့် မိသားစုများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေစေနိုင် ရေး၊ သာယာလှပသောပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်စေရေး၊ မိမိတို့နေထိုင်ရာပတ်ဝန်းကျင် ထာဝရစိမ်းလန်းစိုပြေစေရေးတို့အတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပြီး အရိပ်ရပင် (၁၂၀) ပင်နှင့် ပန်း အလှပင် (၂၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်ဒဏ်ခံခဲ့ရသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား Container House များ တွင် နေရာချထားမှုနှင့် အခြေချနေထိုင်မှုအခြေအနေ၊ လျှပ်စစ်မီးနှင့်သောက်သုံးရေသွယ်တန်းပြီးစီးမှုနှင့် မိလ္လာများ စီစဥ်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။