ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များ ပြသပေးနေမှုနှင့်၊ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချပေးမှုအပေါ် ပါဝင်ဆင်နွှဲကြသူအချို့၏ ဝမ်းသာပီတိ စကားသံများ

ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များ ပြသပေးနေမှုနှင့်၊ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချပေးမှုအပေါ် ပါဝင်ဆင်နွှဲကြသူအချို့၏ ဝမ်းသာပီတိ စကားသံများ


Ministry of Information/ Naypyitaw / February 16, 2022
image_latest


နေပြည်တော်   ဖေဖော်ဝါရီ   ၁၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ ဂုဏ်ပြုယာဉ်များနှင့်အတူ ပါဝင်ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာအစား အစာရောင်းချသူများ၊ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများ၊ ဂုဏ်ပြုယာဉ် တာဝန်ခံများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါ သည်။

ဦးစိုးပိုင်မြင့် (လူမှုရေးရာဝန်ကြီး ၊ မကွေးတိုင်းဒေသကြီး)

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုင်းဒေသကြီး  ဂုဏ်ပြုယာဉ်နဲ့အတူ ရိုးရာယဉ်ကျေးမှုအဖွဲ့တွေက လှသောအညာမြေသီချင်းနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ပြည်ထောင် စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဂုဏ်ပြုယာဉ် ၄၆ စီးထဲမှာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက ပထဆုရရှိတဲ့ အတွက် တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင် နိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ မကွေးတိုင်းဒေသကြီးဟာ နိုင်ငံရဲ့  အားကိုးရတဲ့ ရေနံတွင်းတွေ ပေါများတဲ့အတွက် ရေနံမြေဒေသလို့လည်း ပြောလို့ရပါတယ်။ ဂုဏ်ပြုယာဉ် အမှတ် (၁) မှာ မကွေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ရေနံမြေတွေကို ကိုယ်စား ပြုပြီးရေနံတွင်း တူးစင်တွေ၊ ရေနံစင်တွေ၊ ရေနံကန်တွေကို ပြသထားတာဖြစ်ပါတယ်။

ဂုဏ်ပြုယာဉ် အမှတ်(၂)မှာ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ရဲ့ အထက်ခြေတော်ရာ၊  အောက်ခြေ တော်ရာကို ပြသထားပြီး မန်းရွှေစက်တော်ဘုရားကြီးကို မြန်မာနိုင်ငံအနှံ့ လှည့်လည် အပူဇော်ခံတဲ့အနေနဲ့ ယာဉ်ရဲ့ မုခ်ဦးအပိုင်းမှာ ဂုဏ်ပြုပူဇော်ထားပါတယ်။ မကွေးတိုင်းဟာ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးဆိုတဲ့အတိုင်း ယာဉ်ရဲ့ ရှေ့ခန်းမှာ ဆီအိုးကြီးကိုလည်း ပြသ ထားပါတယ်။ ဆီအိုးကြီးရဲ့ အောက်ခြေမှာတော့ မကွေးတိုင်းမှာရှိတဲ့ ခရိုင်ငါးခုပါတဲ့ မကွေးတိုင်းဒေသကြီး မြေပုံနဲ့ စလေရုပ်စုံကျောင်းက မြန်မာမှုအနုလက်ရာတွေကို ဖော်ပြထားပါ တယ်။ ဘေးပတ်ပတ်လည်မှာတော့ ဒေသထွက်ကုန်တွေဖြစ်တဲ့ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းဝါ၊ မြေပဲ၊ နေကြ၊ ဝါတို့ကို သရုပ်ဖော်ပြသထားပါတယ်။ ကျွန်တော်တို့ဒေသက ဝါအထူး  အထွက် တိုးအောင် စီမံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံဘဏ္ဍာ မြန်မာ့ဝါနဲ့ ချည်မျှင်ရှည် စိုက်ပျိုးတောင်သူ ဝင်ငွေတိုး ဆိုတဲ့အတိုင်း ယာဉ်ရဲ့နောက်ပိုင်းမှာ ဝါတောင်းတွေ၊ ချည်မျှင် ရှည်ဝါတောင်းတွေကိုပုံဖော်ထားပါတယ်။ ယာဉ်ရဲ့ နောက်ပိုင်းမှာတော့ စက်မှု လုပ်ငန်းတွေမှာ ဆီကြိတ်စက်တွေနဲ့ ကြိတ်နေတာမှန်ပေမယ့် ရွာတွေမှာ ရိုးရာ ယဉ်ကျေးမှုအရ နွားနဲ့ကြိတ်တဲ့ ဆုံလည်တွေလည်း ရှိနေသေးတယ်ဆိုတာ သိချင်စေတဲ့အတွက် ပြသထားပါတယ်။ နောက်မှာတော့ ရက်ကန်းရက်တာ အစစ်ကို ဖော်ပြထားပါတယ်။ ဒီနေ့ ရက်ကန်းရက်တာ လူနှစ်ယောက် စာပြီးသွားပါပြီ။ ဂုဏ်ပြုယာဉ် အမှတ်(၃)မှာ မကွေးတိုင်း ဒေသကြီးရဲ့ ရိုးရာတွေကို သရုပ်ဖော်ပြသ ထားတာဖြစ်တဲ့အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ဗိဿနိုး ပျူမြို့ဟောင်းဒေသကို ယာဉ်ရဲ့ မုခ်ဦးမှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ တိုင်းဒေသ ကြီးထဲမှာရှိတဲ့ အထင်ကရနေရာတွေဖြစ်တဲ့ သမိုင်းဝင်မကွေးမြသလွန်ဘုရား၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ် ကိုလည်းဖော်ပြထားပါတယ်။ ကမ္ဘာမှာကြားခဲ့တဲ့ မြိုင်ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ပြကွက်မှာတော့ မြေအိုးတွေနဲ့ထမင်းချက် တဲ့ပြကွက်၊ ကြက်ဖခွပ်တာတို့ကိုတော့ ရိုးရာ ယဉ်ကျေးမှု ဓလေ့အနေနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

မောင်ခွန်ဘုန်းမြတ်သွင် (စစ်ကိုင်းတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့)

ကျွန်တော်တို့အဖွဲ့ကတော့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ အောင်လံတဝေဝေ ရွှေစစ်ကိုင်းဌာနေ သီချင်းနဲ့ ကပြဖျော်ဖြေပေးခဲ့ပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အနေနဲ့ အခုလို စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွှဲခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ဆုံး ရက်ဖြစ်တဲ့အတွက် ဒီနေ့မှာ ဗျာအကအပြင် အရင်ရက် တွေက ကပြဖျော်ဖြေခဲ့ တာတွေနဲ့မတူတဲ့ ကွဲပြားခြားနားတဲ့ အကတွေနဲ့ ကပြဖျော်ဖြေ တင်ဆက်သွားမှာပါ။ စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားတင်မကဘဲ ရတုအဆက်ဆက် ပါဝင်ဆင်နွှဲခွင့် ရချင်ပါတယ်။ ဒေသအသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဆုံဖို့ဆိုတာ မလွယ်ပါဘူး။ အခုလို တစ်နေရာတည်းမှာ တွေ့ရတဲ့ အတွက်ဝမ်းသာပါတယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဖော်ဆောင်ခွင့်ရတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်။ ပြည်ထောင်စုဆိုတာ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်ဦးပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေမရှိဘဲ စုပေါင်းနေထိုင်နိုင် တာကို ပြည်ထောင်စုစိတ်ဓာတ်လို့ ခံယူထားပါ တယ်။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးကို ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးကြတဲ့ အတွက်လည်း တာဝန်ရှိသူ တွေကို ကျေးဇူးတင်ပါတယ်။

မဥမ္မာမင်းခိုင် ( နေပြည်တော်လက်ဆောင်ပစ္စည်းဆိုင်)

ကျွန်မတို့ နေပြည်တော်လက်ဆောင် ပစ္စည်းဆိုင်မှာ နေပြည်တော်ဒေသထွက် တင်ရောင်းတာ မဟုတ်ဘဲ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဒေသ ထွက်ကုန်တွေလည်းပါ ပါတယ်။ အခု ရောင်းချပေးနေတဲ့ လက်ဆောင်ပစ္စည်း တွေကတော့ပဲယို၊ ကတွတ်ယို၊ ပဲချောင်း၊ မြေပဲကြက်ဥ၊ မြေပဲစာဥ၊ မျှစ်ချဉ်၊ ဖရုံယို၊ ချင်းမန်ကျည်းဖလိပ်၊ ယိုကိုးမျိုး၊ ဝေဖာချောင်း၊ မုန့်ဩဇာ၊ ပုန်းရည်ကြီး၊ ကျောက် ဖရုံယို၊ မန်ကျည်းဖလိပ်၊ မုန့်ကြိုးလိမ် တို့ကို ရောင်းချပေးပါတယ်။ ရောင်းအား အကောင်းဆုံးကတော့ ယို ကိုးမျိုးပါ။ ဒီနေ့က ပွဲတော်နောက်ဆုံးရက်ဆိုတော့ လာရောက် ကြည့်ရှုတဲ့လူကလည်းများတော့ ယိုကိုးမျိုးက ရောင်းရတာ ကုန်သလောက်ဖြစ် နေပြီ။ မနေ့က နံနက် ပိုင်းပဲ ရောင်းအားနည်းပြီး သုံးရက် အတွင်းမှာညနေပိုင်းတွေကတော့ အများ ဆုံးရောင်းရပါတယ်။ အစက ဒီလောက် ရောင်းရမယ်လို့ မမျှော်မှန်းထားဘူး။အခုထိ ၁၅ သိန်းဖိုးလောက် ရောင်းရတယ်။ အခုလို တော်တော်များများ လာရောက် အားပေးကြတဲ့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။

ဦးဆန်းဝင်း (ဒုတိယဆုရရှမ်းပြည်နယ်ဂုဏ်ပြုယာဉ်)

ကျွန်တော်တို့ ဂုဏ်ပြုယာဉ်အမှတ်(၁) မှာ ယာဉ်ရဲ့ အရှေ့ပိုင်းမှာတော့ ရှမ်းပြည်နယ်မြေပုံကို ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ ပြည်ထောင်စုစိတ်ဓာတ် သန္ဓေတည် မွေးဖွားရာ ပင်လုံကျောက်စာတိုင်ကို ဖော်ပြထားပါတယ်။ နောက်ပြီး ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှာရှိတဲ့  ဟိုက်ပါရေတံခွန်ကို သရုပ်ဖော်ပြထားပါတယ်။ ဂုဏ်ပြုယာဉ်အမှတ် (၂) မှာတော့ ရှမ်းပြည်နယ် က ထွက်ရှိတဲ့သီးနှံတွေကို ဖော်ပြထားပြီး ပြည်နယ်ရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ကွန်တိုလက်ဖက် စိုက်ခင်းကို သရုပ်ဖော်ပြသထားပါတယ်။ ဘေးဘက်မှာတော့ အာလူးခင်း၊ လက်ဖက် ခင်းတို့ကို ဗီနိုင်းနဲ့ သရုပ်ဖော်ပြသထားပါတယ်။ ဂုဏ်ပြုယာဉ် အမှတ်(၃) မှာတော့ ရှမ်းပြည်နယ်နဲ့ ရိုးရာအမွေအနှစ် တွေကိုဖော်ပြထားပါတယ်။ ရှေ့ပိုင်းမှာ ရှမ်းပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ ကိန္နရီ၊ ကိန္နရာရုပ်ကို သရုပ်ဖော်ပြသထားပြီး နောက်ပိုင်းမှာတော့ အင်းရိုးရာ ဆွမ်းပို့တဲ့ လှေနဲ့ ငါးဖမ်းလှေကို ပြသထားပါတယ်။ အလယ်မှာတော့ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကိုယ်စားပြုပြီး မီးပုံးပျံကို ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ တောင်ကြီးမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ တောင်ချွန်းကို ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြု ယာဉ်အနေနဲ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်တွေနဲ့အတူနောင်အင်းလေးသီချင်းနဲ့ ပါဝင်ဆင်နွှဲခဲ့ပြီး ဒုတိယဆုကို ရရှိခဲ့ပါတယ်။ ဒုတိယဆုရရှိ တဲ့အတွက် ကျွန်တော်တို့ ရှမ်းပြည်နယ်အတွက် ဂုဏ်ယူပါတယ်။

ဒေါ်မြင့်အေး (နန်းဩကျေးရွာ၊ ဇေယျာသီရိမြို့နယ်)

မနက်က ဥပုသ်စောင့်ပြီး ဂုဏ်ပြုယာဉ်တွေကို ခင်းကျင်းပြသတာ နောက်ဆုံးရက်လို့ သိရတဲ့အတွက် အန်တီတို့အဖွဲ့ ၁၄ ယောက် လာရောက် ကြည့်ကြတာပါ။ အန်တီတို့က အသက် လည်းကြီးပြီဆိုတော့ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့မြို့တွေကိုသွားရောက်လည်ပတ ဖို့က မလွယ်တော့ အခုလို မြင်တွေ့ခွင့်ရတာ ဝမ်းသာတယ်။ အသက် ၅၅ နှစ် အတွင်းမှာ ဒီလိုယာဉ်တွေကို ပထမဆုံး မြင်ဖူးတာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် က ကိုယ်မတွေ့ဖူး၊ မမြင်ဖူးတဲ့ အထင်ကရနေရာတွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို တစ်နေရာတည်းမှာ မြင်တွေ့ခွင့်ရလို့ ဗဟုသုတတွေ လည်းရပါတယ်။

ဦးစိုးအောင် (တတိယဆုရ ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ်)

စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ်အနေနဲ့ မမပုသိမ်သူသီချင်းနဲ့ ကပြဖျော်ဖြေခဲ့ပါ တယ်။ ဂုဏ်ပြုယာဉ်တွေကို ကွင်းကြီးထဲမှာ နေ့မနား ညမအား နေပူခံ၊ အအေးခံပြီး တည်ဆောက်ရေးလုပ်ငန်း၊ တပ်ဆင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရပေမယ့် တတိယဆုရရှိတဲ့အတွက် အဲဒီအမောတွေအားလုံး ရပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ် သုံးစီးထဲကမှ အမှတ်(၁) ယာဉ်ကတော့ အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ရှေးဟောင်းသမိုင်းဝင် မော်တင်စွန်းဘုရားကို ဒေသရဲ့ အထိမ်း အမှတ်အဖြစ် ဖော်ပြထားပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ငွေဆောင်၊ ချောင်းသာ၊ ကမ်းသာယာ၊ ဂေါ်ရင်ဂျီကျွန်းတို့ရဲ့ ကမ်းခြေအလှတို့ကို ဖော်ဆောင်ပြသထားပါတယ်။ အမှတ်(၂) ယာဉ်မှာဆိုရင် စပါးရိတ်သိမ်းနေတဲ့ တောင်သူကြီးလင် မယားပုံနဲ့ နောက်မှာတော့ ခေတ်မီတဲ့ ရိတ်သိမ်းခြွေလေ့စက် အသုံးပြုပြီး ထွက်လာတဲ့ စပါးတွေကို ခေတ်မီဆန်စက်ကြီးတွေနဲ့ ထုတ်လုပ်ကာ နိုင်ငံခြား တင်ပို့တဲ့ ဆန်တွေအဖြစ် အထူးပြု သရုပ်ဖော်ပြသထားပါတယ်။ အမှတ်(၃)ယာဉ်မှာ ဧရာဝတီတိုင်း ဒေသကြီးက ထွက်ရှိတဲ့ ရှေးနှစ်ပေါင်းများစွာက အထင်ကရဖြစ်တဲ့ ပုသိမ်ထီး၊ ပုသိမ် ဟာလဝါတို့ကို ဖော်ပြထားပါတယ်။ ထွက်ကုန်တွေအပေါ်မူတည်ပြီးတော့ ယိမ်းအကနဲ့အတူ ပုသိမ်ထီး အကြီးတွေ၊ အသေးတွေနဲ့ ပုသိမ်ဟာလဝါတွေ၊ တိုင်းဒေသကြီးရဲ့ ထွက်ကုန်ပစ္စည်းတွေကို သရုပ်ဖော်ပြသ ထားပါတယ်။

တွေ့ဆုံမေးမြန်း- မျိုးဆက်သစ်

ဓာတ်ပုံ- ကိုထိန်အေး