ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / August 01, 2025
image_latest


နေပြည်တော် ဩဂုတ် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစိုးရအဖွဲ့သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထားပန်ဆင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန်လိုကြောင်း၊ အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများမရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း၊ ပြည်သူများ၏လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲမပေးနိုင်သူများအား ကြိုတင်မဲများပေးနိုင်ရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန်လိုကြောင်း။

နိုင်ငံတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ပြီး ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့စီးပွားမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးတက်ထုတ်လုပ်နိုင်ရေး အားလုံးကအလေးပေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို စနစ်တကျအသုံးချရန်လိုသကဲ့သို့ တစ်ဧကပန်းတိုင် အထွက်နှုန်းများ တိုးတက်ရေးနှင့်သီးထပ်စွမ်းအားမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ သို့မှသာ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိမည်ဖြစ်သည့်အပြင် ပြည်ပသို့ပါတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

အလားတူ စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်သည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီဖူလုံရေးနှင့်ပတ်သက်၍ ဆီထွက်သီးနှံများမှ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် စားသုံးဆီများထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းဆီဖူလုံရေး၊ ဆီချွေတာနိုင်ရေးအတွက် ယခင်ကတည်းက ဆောင်ရွက်လျက်ရှိသော်လည်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံများ ထုတ်လုပ်မှုပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့်ဆောင်ရွက်၍ အထွက်ကောင်းအောင်စိုက်ပျိုးရန်နှင့် နေကြာစိုက်ပျိုးမှုအား ယခုထက် ပိုမိုတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရန်လိုကြောင်း၊နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆိုသည့်အတိုင်း လက်တွေ့ကျသည့်လုပ်ငန်းများတွင် ကျေးလက်စီးပွားရေးမြှင့်တင်ခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် ချင်းတွင်းမြစ် ရိုးတစ်လျှောက်တွင် စိုက်ပျိုးမြေများစွာရှိပြီး အဆိုပါစိုက်ပျိုးမြေများကို ထိရောက်စွာအသုံးချသွားရန်လိုကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် အသားငါးများ ပြည်တွင်း၌ ဖူလုံမှုရှိအောင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စသည်တို့ကိုလည်း ဒေသအလိုက်မွေးမြူသွားကြရန်လိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများကို နိုင်ငံတော်ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ရန်ပုံငွေများကိုချထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လုပ်ငန်းများဆောင်ရွက်ရန်အတွက် နှစ်စဉ်ချထားပေးသည့် နိုင်ငံတော်ရန်ပုံငွေများကို အကျိုးရှိစွာဖြင့်အသုံးချပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဆိုသည့်အတိုင်း နိုင်ငံတစ်ဝန်းပညာရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အတတ်ပညာသည် အတန်းပညာကိုအခြေခံသဖြင့် အတန်းပညာများမြင့်မားစေရေး မဖြစ်မနေအားပေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေး အလေးထားဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးအတွက် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာန အနေဖြင့် လေ့လာသုံးသပ်သုတေသနပြုလုပ်၍ ကုစားနိုင်မည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်လာမည့် အစိုးရအနေဖြင့်လည်း နိုင်ငံ၏ပညာရေးကဏ္ဍ မြင့်မားရေးကို ဆက်လက်အားပေးဆောင်ရွက် နိုင်ရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားခဲ့ရမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါကအရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေး ထိထိရောက်ရောက် ဖော်ဆောင်နိုင်မည့်မူဝါဒများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ဒေသများတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အားနည်းချက်များ ရှိနေသေးကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးနှင့်နှီးနွယ်ကြသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်သည့်အချိန်တွင်လည်း သက်ဆိုင်ရာတာဝန်ကျသည့် နယ်မြေဒေသများသို့ အမှန်တကယ်သွားရောက်တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ သွားရောက်သည့်ကာလတွင်လည်း အချိန်ကာလတစ်ခု သတ်မှတ်၍တာဝန်ပေးအပ်သွားရန်လိုကြောင်း။

နိုင်ငံတော်အကြီးအကဲမှ ချမှတ်ထားသည့် “ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ၊ ဆေးရုံတိုင်း ဆရာဝန်ရှိရမည် ဆိုသည့် မူဝါဒအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု ပစ္စည်းများဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်သာယာဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းစို့

ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းများ၊ မြစ်ချောင်းများတိမ်ကောမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခြင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြေသာယာရေးအတွက် မိမိတို့အနေဖြင့် သစ်တောသစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ယခင်က ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိသည့်အတွက် သစ်တောဖုံးလွှမ်းမှုများ တိုးတက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် နှစ်ရှည်ပင်များကို တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ “နိုင်ငံတော်သာယာဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းစို့ ဆိုသည့်အတိုင်း သစ်တောဧရိယာများ၌ နှစ်ရှည်ပင်များနှင့် အရိပ်ရလေကာပင်များကို တိုးချဲ့စိုက်ပျိုးသွားကြရန်လိုကြောင်း။

နိုင်ငံတော်အတွက် လက်ရှိအချိန်တွင် ဆောင်ရွက်ရန်လိုအပ်သည်များကို မိမိတို့ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်မည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် သီးသီးရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်ကျရောက်ခဲ့သည့်ဒေသများ၌ မိုးတွင်းကာလဖြစ်သဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များရှိသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ သင့်တင့်သည့်ကုန်ဈေးနှုန်းများဖြစ်စေရေး ဝန်ကြီးဌာနများအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်/များအလိုက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရမှုများနှင့်စပ်လျဉ်း၍ ထောက်ပံ့ရေးလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက် ပေးသွားကြစေလိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် ဓာတ်မြေဩဇာများအချိန်မီ ရရှိစေရေးအလေးထား ဆောင်ရွက် ရန်လိုအပ်ကြောင်းဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေများ ယခုထက်ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တောင်သူများ၏ စားဝတ်နေရေးအတွက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် စိုက်ဧကပြည့်မီစေရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးအတွက် ဓာတ်မြေဩဇာများ ကို တောင်သူများလက်ဝယ် အချိန်မီရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးအနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုကာလတွင် နိုင်ငံတော်အနေဖြင့် အခက်အခဲများကိုကျော်လွှားပြီး ဆောင်ရွက်နိုင်ခဲ့သည်များရှိပါကြောင်း၊ အစိုးရအဖွဲ့ဝန်ကြီးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့်ကာလအတွင်း နိုင်ငံတော်၏ရည်မှန်းချက်များနှင့် ဦးတည်ချက်(၄)ရပ်တို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။