ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / March 30, 2026
image_latest


နေပြည်တော် မတ် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးတို့သည် ရှေ့ဆောင်အရာရှိနှစ်ဦး ဦးဆောင်၍ အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးတို့သည် အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူသည်။

ထိုသို့ ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်ထဲကို စတင်ဝင်ရောက်ခဲ့သည့် ၁၉၇၄ ခုနှစ် အချိန်ကဆိုပါက ရာထူးတာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်မှာ ၅၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ်၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခုတာဝန်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊ ထိုသို့တည်ဆောက်သည့်နေရာတွင် ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ်အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း။

ထို့အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ လက်ရုံးတပ်ဖွဲ့များအတွက် တိုးတက်ပြုပြင် ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသောတာဝန်နှင့်အညီ တပ်မတော်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရကြောင်း၊ ထို့သို့ဆောင်ရွက်ခဲ့ရမှုသည် အားလုံးမျှော်လင့်မထားသည့် နိုင်ငံရေးအလှည့်အပြောင်းကြီးဖြစ်ကြောင်း၊ အဆိုပါကာလက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဆူပူအုံကြွမှုမျိုးစုံ၊ ပြည်ပက သွေးထိုးလှုံ့ဆော်မှုမျိုးစုံနှင့် အခက်ခဲ အကြပ်တည်းဆုံးအချိန်များကို ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊ အဆိုပါအခက်အခဲများကို တပ်နှင့်ပြည်သူလက်တွဲပြီး အားလုံးစုစည်းညီညွတ်စွာဖြင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် သန့်သန့်ရှင်းရှင်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် မကြာခင်အချိန်တွင် လွှတ်တော်မှ ရွေးချယ်တင်မြောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း။

ထိုသို့ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့သည့်အခြေအနေများတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်တာဝန်နှင့် ကာကွယ်ရေးဦးစီချုပ် (ကြည်း) တာဝန်တို့ကို တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူကြောင်း။

ထို့ကြောင့် ယခုလက်ရှိတာဝန်ယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ယနေ့တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံကို လွှဲပြောင်းပေးအပ်လိုက်ပါကြောင်း၊ နိုင်ငံတော်၊ ပြည်သူလူထုနဲ့ တပ်မတော်၏အကျိုး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာကနေ ဆက်လက်အကျိုးပြုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်ထဲ စတင်ဝင်ရောက်စဉ်ကတည်းက တွေ့ကြုံခဲ့ရသည့် တပ်မတော်ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက် လက်တွဲလုပ်ဆောင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။

မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ကမ္ဘာတည်သ၍ မြန်မာတည်ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးခန့်အပ်ကြောင်း ခန့်အပ်လွှာအား ဖတ်ကြားတင်ပြသည်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓါးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓါးကို ဂါရဝပြု ပြန်လည်ပေးအပ်သည်။

ယင်းနောက် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးက မိန့်ခွန်းပြောကြားရာတွင် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ်ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးပြီးတိုက်စွမ်းအားနှင့် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့် ပြည်သူတစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရပ်ဖက် - စစ်ဖက် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း။

မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့် အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အထက်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုး တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ကို ကတိပြုအပ်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန် လက်ခံထမ်းဆောင်သူဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးတို့သည် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြုချီတက်အလေးပြု၍ ပြန်လည်ထွက်ခွာသည်။

ယင်းနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၎င်းနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ရုံးဌာနအသီးသီးမှ ဂါရဝပြုပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား ကြည့်ရှုကြသည်။

ထို့နောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုမှုနှင့်အတူ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့မှ လိုက်ပါချီတက်၍ စစ်ရေးပြအခမ်းအနားဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။