ပြည်ပနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း

ပြည်ပနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း


Ministry of Information/ Naypyitaw / July 07, 2025
image_latest


နေပြည်တော် ဇူလိုင် ၇

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇူလိုင်လ ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၉၈ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၉၈၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟို ကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Wen Feng နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ Pol. Col. Chinakorn Atsawaphum နှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့သို့ ရောက်ရှိကြသည်။

၎င်းသုံးနိုင်ငံပူးပေါင်းအဖွဲ့သည် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ နှစ်နိုင်ငံမှကိုယ်စားလှယ်များသည် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု(Telecom Fraud)များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင်လည်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။