ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / December 16, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ကြားသိရသည် -

(၁) ကျွန်တော်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီသင်တန်းကို လာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီပညာရပ်တွေကို အကောင်းဆုံးကြိုးစားသင်ယူမယ်လို့ ခံယူထားပါတယ်။ ဒီသင်တန်းမှာ သင်ပေးလိုက်တဲ့ သင်ခန်းစာတွေကို ကောင်းကောင်းအသုံးချပြီး နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်သွားမယ်လို့ ခံယူထားပါတယ်ခင်ဗျ။

(၂) ကျွန်တော်တို့က နိုင်ငံသားဖြစ်တဲ့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် တာဝန်ဆိုတာရှိတယ်။ အဲဒီတော့ဒီဥပဒေကလည်း ၂၀၂၄ ခုနှစ်မှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ကျွန်တော်လာရောက်တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ ပထမဆုံးပြောရရင် အင်မတန်မှ ဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ ဒီသင်တန်းတွေဟာ အပြင်မှာမဖွင့်ပါဘူး။ ကျွန်တော်တို့ ပိုက်ဆံရှိလည်း တက်လို့မရပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့ စိတ်လည်းတကယ်ပါမှ တက်ရောက်လို့ရမှာပါ။ ဒီသုံးလတက်ရောက်လိုက်တာနဲ့ ကျွန်တော်တို့ အစစအရာရာ အဘက်ဘက်ကနေအကျိုးပြုပြီး ကူညီသွားမှာဖြစ်ပါတယ်။ ကျွန်တော် အင်မတန်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့တွေ စည်းကမ်းတွေကို လိုက်နာရင်းယောကျ်ားကောင်းပီသသွားတာပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း ဆန္ဒနဲ့တစ်ပြေးညီ လာရောက်တက်ရောက်တာဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်ခြင်းမရှိသေးတဲ့ ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေကိုလည်း လာတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အဆင်ပြေသွားမှာပါလို့။ ကျွန်တော်တို့က ယောကျ်ားတွေပါပဲ။ သင်တန်းဆင်းပြီးသွားရင်လည်း ဘယ်တပ်ရင်းကို တာဝန်ကျမလဲတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ရထားတဲ့ အင်ဂျင်နီယာဘွဲ့နဲ့ အဲဒီတပ်မှာ အကျိုးပြုပြီးတော့ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

သတင်းစဉ်

HOT NEWS
January 4,