ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 07, 2020
image_latest


နေပြည်တော် ဇူလိုင် ၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်း လွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်  ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ဆွေးနွေးပွဲကို ကျင်းပသည့် ရည်ရွယ်ချက်နှစ်ခုရှိပါကြောင်း၊ ပထမရည်ရွယ်ချက်မှာ   မဏ္ဍိုင်လေး ရပ်တွေ့ဆုံ ဆွေးနွေးမှုကို နှစ်စဉ် ပြုလုပ်လျက်ရှိရာ ယနေ့ ဆွေးနွေးပွဲတွင်လည်း မဏ္ဍိုင်လေးရပ်တွေ့ဆုံမှု ပြုလုပ်သွားနိုင်ရန်အတွက် အကြိုတွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊  ဆွေးနွေးပွဲ တက်ရောက်လာသည့် သတင်းမီဒီယာ သမားများအနေဖြင့်  မဏ္ဍိုင်သုံးရပ်နှင့် တွေ့ဆုံသည့်အခါ ပြောဆိုဆွေးနွေးလိုသည့်ကိစ္စ ရပ်များကို   ဆွေးနွေးညှိနှိုင်းသွားရန်ဖြစ်ပါကြောင်း၊  နောက်တစ်ချက်မှာ  ကိုဗစ်ကာလတွင်လုပ် ငန်းပေါင်း စုံမှာ အခက်အခဲများ တွေ့ကြုံကြရပါကြောင်း၊ လုပ်ငန်းများထိခိုက် မှုရှိသည့်အတွက် ထိခိုက်မှုကို ကုစားသည့် အစီအစဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊   ယနေ့တွေ့ဆုံပွဲတွင် ကိုဗစ်ကာလတွင် မိမိတို့အပိုင်းအလိုက် ထိခိုက်မှုများကို ကူညီဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန် ဖြစ်ပါကြောင်း။

 မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲနှင့်စပ်လျဉ်း၍   ရည်ရွယ်ချက် လေးချက် ရှိပါကြောင်း၊   ယင်းတို့မှာ နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊ သတင်း မီဒီယာ များ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝ ရရှိစေရန် အတွက် အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေ ပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့် သတင်းမီဒီယာ များအကြား တွေ့ဆုံ ဆွေးနွေးအဖြေရှာရန်၊ မဏ္ဍိုင်တစ်ရပ်ချင်းစီ၏ လုပ်ငန်းသဘာဝနှင့် သတင်းမီဒီယာ လုပ်ငန်း သဘာဝတို့ကို အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုလက်ခံကာ ပူးပေါင်း ညှိနှိုင်းခြင်း ဖြင့် ပိုမိုပွင့်လင်း မြင်သာမှုရှိသည့် ပြည်သူ့အကျိုးပြုအစိုးရစနစ် Good Governance ပေါ်ထွန်းရေးအတွက် အထောက်အကူပြုရန်နှင့် တတိယအကြိမ် မဏ္ဍိုင် လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲမှ ရလဒ်များကို ပြန်လည်သုံးသပ်ရန် ဖြစ်ပါကြောင်း။

 ထို့ပြင်  မိမိအနေဖြင့် ယနေ့တွေ့ဆုံပွဲတွင် ဆွေးနွေးလိုသည့် အကြောင်းအရာနှစ်ခု ရှိပါ ကြောင်း၊ ပထမ အချက်မှာ  မဏ္ဍိုင်သုံးရပ်သည်   မဏ္ဍိုင်အချင်းချင်း ထိန်းကျောင်းမှု ရှိပါကြောင်း၊ Check and Balance စနစ်ရှိပါ ကြောင်း၊ ဆိုလိုချင်သည်မှာ လူ့အဖွဲ့အစည်း တွင် အာဏာကို ကျင့်သုံးချင်သလို ကျင့်သုံး၍မရဘဲ ထိန်းသိမ်း ကြပ်မတ်သည့်စနစ် ဖြစ်ပါကြောင်း၊ ထို့အတူ စတုတ္ထ မဏ္ဍိုင်ဖြစ်သည့်   သတင်းမီဒီယာ ကိုယ်တိုင်လည်း မိမိ စွမ်းအားကို သုံးစွဲရာတွင် အများလက်ခံနိုင်စေရန်အတွက် စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာရမည် ဖြစ်ပါကြောင်း၊ စွမ်းရည်ပြည့်ဝခြင်းမရှိသည့် သတင်းမီဒီယာကို ကျန်သည့် မဏ္ဍိုင်များက လေးစားမှု အားနည်းနိုင်ပါကြောင်း။

ဒုတိယအချက်မှာ သတင်းမီဒီယာရေစီးကြောင်း ပြောင်းလဲမှုဖြစ်ပါကြောင်း၊   ပြောင်းလဲမှု သည် လျင်မြန်ပါ ကြောင်း၊ စတုတ္ထမဏ္ဍိုင် ပေါ်ထွန်းလာမှုမှာ  ပုံနှိပ်သတင်း စာကို အခြေခံ၍ ပေါ်ထွန်းလာခြင်းဖြစ်ပါကြောင်း၊  ယနေ့ခေတ်သည် ပုံနှိပ်ခေတ် မဟုတ် တော့ဘဲ အွန်လိုင်းမီဒီယာ၊ လူမှုမီဒီယာ၊ ဒစ်ဂျစ်တယ် နည်းပညာများ ပေါ်ထွန်း လာသည့် ခေတ် ဖြစ်လာပါကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်းက Citizen Journalist များ မွေးထုတ်ရမည်ဟု သတင်းမီဒီယာလောကတွင် ပြောဆိုကြသော်လည်း စမတ်ဖုန်းများ သုံးစွဲမှု၊ လူမှုမီဒီယာများ သုံးစွဲမှုနှင့်အတူ လူတိုင်းသည် Citizen Journalist များဖြစ် သွားပါကြောင်း။

ပြောင်းလဲမှုနှင့် လျော်ညီစွာ ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် စတုတ္ထမဏ္ဍိုင် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားနိုင်ရန် ပြောင်း လဲဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့သည် စတုတ္ထအကြိမ် မဏ္ဍိုင်လေးရပ်အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်ရန် အကြို ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ စတုတ္ထမဏ္ဍိုင်ထဲမှ တစ်ခုဖြစ်သည့် ဉပဒေပြုရေးမဏ္ဍိုင် လွှတ်တော်များသည်လာမည့် အပတ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကျင်းပနေသည့်ကာလတွင် စတုတ္ထအကြိမ် မဏ္ဍိုင်လေးရပ်အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပနိုင်ရန် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း။  

မိမိတို့ဝန်ကြီးဌာနသည် ကျန်သည့်မဏ္ဍိုင်သုံးရပ်၏ Focal Ministry ဖြစ်ပြီး ဆက်စပ်ပေးရပါကြောင်း၊ မီဒီယာသည် ထာဝရရှင်သန်နေရမည်ဖြစ်ပါကြောင်း၊ ဒီမို ကရေစီနိုင်ငံများရှိ မီဒီယာများသည် Self-Censorship မဟုတ်ဘဲ Self-Regulated အသိ တရားဖြင့် ဆောင်ရန်၊ ရှောင်ရန်ကို ခွဲခြားနားလည်ပြီး ဖြစ်လာ နိုင်သည့် အန္တရာယ်များကို ချိန်ဆရပ်တည်နိုင်ရန် အကြံပြုလိုပါကြောင်း၊ ရေရှည်တွင် မီဒီယာတိုင်းသည် Self-Regulated ဖြစ်ရမည်ဖြစ်ပြီး လွတ်လပ်၍ အမှီအခိုကင်းရန် လိုအပ်ပါကြောင်း။

မီဒီယာများသည် မည်သည့်ခေတ်၊ မည်သည့်စနစ်၊ မည်သည့်အခြေအနေတွင်မဆို လိုအပ်နေမည်ဖြစ် ပါကြောင်း၊ အကြောက်တရားကြောင့်လည်း ဘက်မလိုက်ရ ၊ တံစိုး လက်ဆောင်ကြောင့်လည်း ဘက်မလိုက်ရ ၊ သတင်းသည် စိတ်ကူးယဉ်မဟုတ်အရှိ အတိုင်း မှန်ကန်ရန်၊ မျှတရန် လိုအပ်ပါကြောင်း၊ သတင်းရင်း မြစ်များနှင့် အပြန်အလှန် ယုံကြည်မှုကိုလည်း တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ စတုတ္ထအကြိမ် မဏ္ဍိုင် လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲတွင် အဆိုပါအကြောင်းအရာများ ပါဝင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း တွဲဖက်အတွင်းရေးမှူး ဦးဇေယျာမြတ်ခိုင်၊ မြန်မာဂျာနယ် လစ်ကွန်ရက်ကိုယ်စား ဧရာဝတီသတင်းဂျာနယ်မှ သတင်း ထောက် ဦးထက်နိုင်ဇော် ၊ News Watch သတင်းဌာနမှ နေပြည်တော်တာဝန်ခံ ဦးမောင်မောင်ထွန်း၊ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရ၊ Mizzima သတင်းဌာနမှှ နေပြည်တော်တာဝန်ခံ ဦးသန်းထိုက်အောင်၊ RFA သတင်းဌာနမှ အယ်ဒီတာ ဒေါ်အေးအေးမွန်၊ ပြည်ထောင်စုနေ့စဉ်သတင်းစာမှ သတင်းထောက် ဦးကိုကိုလွင်၊ VOA သတင်းဌာနမှ သတင်းထောက် ဦးစည်သူနိုင် ၊ The Voice သတင်းဌာနမှ နေပြည်တော်တာဝန်ခံ ဦးအောင်ထက်တို့က  ဆွေးနွေးတင်ပြကြရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်  ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။        

ဆွေးနွေးပွဲတွင် တက်ရောက်သူများက  လွှတ်တော်များတွင် သတင်းများရယူသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများ ဝင်ထွက်သည့်ကိစ္စများ၊ သတင်းရယူသည့် ကိစ္စများနှင့် ပတ်သက်၍ တတ်နိုင်သမျှ အကန့်အသတ်များ လျှော့ချပေးရေး ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကိုဗစ်ကာလအတွင်း ရခိုင်ဒေသအတွင်း သတင်းရယူရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား စီစဉ်ဆောင်ရွက်ပေးရန်၊ သတင်း မီဒီယာများ၏ တိုက်ပိုင်ရှင်များ၊ အယ်ဒီတာချုပ်များကို ဖိတ်ခေါ်၍ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပပေးရန်၊ Social Media သည် Mainstream Media အနေအထားသို့ ရောက်ရှိလာပါသဖြင့် Social Media ကို အခြေခံသည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်း စဉ်းစားဆောင်ရွက်ပေးရန်၊ နေပြည်တော်တွင် သတင်းမီဒီယာများအတွက် သင်တန်းများ ဖွင့်လှစ်သည့်အခါ ပြန်ကြား ရေးဝန်ကြီးဌာနမှ ပူးပေါင်း ဆောင်ရွက်ပေးရန်၊ ရွေးကောက်ပွဲကာလတွင် သတင်းများ အဆင်ပြေစွာ ရယူနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းပူး ပေါင်းစီစဉ်ပေးရန်၊ သတင်း သမားများ သတင်းရယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ စီစဉ်ပေးရန်၊ ဝန်ကြီးဌာနများမှ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအား Messenger သို့မဟုတ် Viber တွင် Private Group ဖွဲ့စည်း၍ သတင်း ရယူရေးကိစ္စများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန်  စသည်ဖြင့် ဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့သည် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,