ဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည်

ဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည်


Ministry of Information/ Naypyitaw / December 24, 2024
image_latest


ဖွံ့ဖြိုးတိုးတက်မှုသို့ သွားရာလမ်းတွင် ရက်စက်ကြမ်းတမ်းသည့် ဆိုးသွမ်းစက်ဝန်း (Vicious Circles) များ ပြည့်လျှမ်းနေသည်ဟု စီးပွားရေးပညာရှင်ကြီးတစ်ဦးက ဆိုသည်။ ဖွံ့ဖြိုးဆဲဘဝမှ ရုန်းထ နေရသည့် နိုင်ငံတစ်နိုင်ငံအဖို့ ဦးစွာပထမ လိုအပ်သည့်အချက်မှာ များပြားလှစွာသော ဆိုးသွမ်းစက်ဝန်းများမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်သည့်အား ရရှိဖို့ပင်ဖြစ်သည်။ ဆိုးသွမ်းစက်ဝန်းများမှ ရုန်းထွက်အား ရရှိရန်မှာလည်း သမားရိုးကျ လုပ်ရိုးလုပ်စဉ်များ ဖြင့်မရနိုင်ဘဲ ဖောက်ထွက်တွေး၍ ဆန်းသစ်သည့် လုပ်နည်း လုပ်ဟန်များဖြင့် လုပ်ဆောင်သင့်သည်ဟုလည်း သုတေသီတို့က ဆိုသည်။

ယနေ့ မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ရင်ဆိုင်နေရသည်။ တစ်ဖက်တွင်လည်း ပြည်ပနိုင်ငံအချို့၏ ဖိအားပေးမှု၊ ပိတ်ဆို့မှု၊ ဟန့်တားအနှောင့်အယှက်ပြုမှုများကို ကြုံတွေ့နေရသည်။ သို့ဖြစ်ရာ ကုန်ထုတ်လုပ်မှုကျဆင်းခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများပျက်စီးခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းတို့ ဆက်စပ်ဖြစ်ပေါ်လာပြီး ပြည်သူလူထုအနေ ဖြင့် အခြေခံကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းနှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲများတို့ကို ခံစားကြရသည်။

နိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများတွင် သဘာဝဘေးအန္တရာယ်ကြီးများ မကြာခဏကျရောက်ခြင်း၊ သဘာဝသယံဇာတအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲ နိုင်စွမ်းမရှိခြင်း၊ အကျင့်ပျက် အဂတိလိုက်စားမှုများရှိနေခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်း၊ စီးပွားရေးဈေးကွက်မတည်ငြိမ်ခြင်းတို့ပါဝင်ပြီး အခြေခံအဆောက်အအုံများ ညံ့ဖျင်းခြင်း၊ နည်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ ဖွံ့ဖြိုးရေးဆောင်ရွက်သည့် အင်စတီကျူးရှင်းများမရှိခြင်းတို့လည်း ပါဝင်သည်။ မိသားစုတစ်စု ဆင်းရဲနွမ်းပါးသည့် အကြောင်းရင်းများတွင် မိသားစုအတွင်း ဝင်ငွေရှာဖွေပေးသည့် အလုပ်လုပ်သူနည်းပြီး မှီခိုသူများခြင်း၊ ပညာရေး နှင့် ကျန်းမာရေးအခြေအနေတို့နိမ့်ပါး၍ ဝင်ငွေမရှာဖွေနိုင်ခြင်း သို့မဟုတ် အလွန်နည်းပါးစွာ ရှာဖွေနိုင်ခြင်း၊ အရက်သေစာ သောက်စား၊ လောင်းကစားလုပ်ခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်းကြောင့် အမှုအခင်းရင်ဆိုင်ရခြင်း၊ ပျင်းရိမှုကြောင့် အလုပ်မလုပ်သူများခြင်းတို့ ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့်ဖြစ်စေ၊ မိသားစုတစ်စုအနေဖြင့်ဖြစ်စေ ဆင်းရဲနွမ်းပါးမှုကို တွန်းလှန်ဖယ်ရှားပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာသုခတို့ကို ရရှိနိုင်ရန်အတွက် ထက်သန်သည့် စိတ်ဆန္ဒရှိရန်လိုသည်။ မိမိတို့ ဆင်းရဲနွမ်းပါးရသည့် အခြေခံအကြောင်းတရားများကို ဖယ်ရှားရန်နှင့် ကုစားရန်လိုသည်။ အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုသို့ ဦးတည်၍ အလုပ်လုပ်ရန်ပင်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းတွင် စုစုပေါင်းအမျိုးသားထုတ်ကုန်တန်ဖိုးနှင့် လူတစ်ဦးချင်းဝင်ငွေ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများ၊ လူနေမှုအဆင့်အတန်း၊ ဘဝနှင့်အလုပ်အပေါ်လူတို့၏ သဘောထား၊ အဆောက်အအုံပိုင်းဆိုင်ရာ အခြေအနေများ (Institutions) နှင့် အစိုးရ၏ မူဝါဒများဟူသော အခြင်းအရာ (၆) ရပ်တို့သည် အဆက်အစပ်မိမိ စနစ်တကျ အထက်သို့တိုးတက်ရွေ့လျားမှုများ ရှိနေသည်ကိုတွေ့နိုင်ပြီး ယင်းသို့တွေ့မြင်ရမှသာ တိုးတက်သည်ဟု ဆိုနိုင်ကြောင်း နိုင်ငံရေးဘောဂဗေဒ ပညာရှင်တစ်ဦးက ဆိုသည်။

နိုင်ငံတစ်နိုင်ငံဟူသည် မိသားစုတစ်စု၊ လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ပင် ရှင်သန်ရပ်တည်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လှုပ်ရှား ရုန်းကန် အလုပ်လုပ်ကြရသည်။ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည့် အခြေအနေမှ ရုန်းထွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် အဓိကကျသည့် အခြေခံအကြောင်းတရားကို ရှာဖွေကာ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် အစွမ်းကုန် ကြိုးပမ်းအလုပ်လုပ်ကြရပါမည့်အကြောင်း။    ။

HOT NEWS
January 4,