မကွေးပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ လွှဲပြောင်းပေးအပ်မှု အခမ်းအနားကျင်းပ

မကွေးပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ လွှဲပြောင်းပေးအပ်မှု အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 27, 2020
image_latest


နေပြည်တော် နိုဝင်ဘာ ၂၇

ဂျပန်နိုင်ငံ အစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်သည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝမ်းမြောက်စကားပြောကြားရာတွင် ဂျပန်နိုင်ငံအစိုးရသည် မြန်မာ နိုင်ငံအား ချစ်ခင်ရင်းနှီးစွာဖြင့် ကျန်းမာရေးကဏ္ဍပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ယခု ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့် တင်ရေး စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မကွေးပြည်သူ့ဆေးရုံကြီးသည် ပြည်သူများ အားကိုးအားထား ပြုကာ ကုသမှုခံယူလျက်ရှိသော ဆေးရုံကြီး ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံကြီးအား ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံအတွက် ထပ်မံလိုအပ်သည့် MRIs (magnetic resonance imaging) နှင့် CT (computed tomography) scan စက်များအပါဝင် စက်ကိရိယာပစ္စည်းများကို မှာယူထားရှိပါကြောင်း၊ ယခု သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦကြီးကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောက်လုပ်နိုင်ခဲ့သည့်အတွက် မကွေးမြို့နှင့် အနီးတစ်ဝိုက်မှ ပြည်သူများအတွက် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း။

ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုများဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်ခဲ့ပြီး ယခုလက်ရှိတွင်လည်း ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့တို့၏ အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇) ထပ်ဆောင်နှင့် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံ သစ်ကြီး တည်ဆောက်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပံ့ပိုးမှုများ လည်းပေးအပ်လျက် ရှိပါကြောင်း၊ ထိုသို့ ပံ့ပိုးမှုများပေးအပ်သည့် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အား ပြည်သူများကိုယ်စား အထူးကျေးဇူးတင် ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများတွင် ပံ့ပိုးမှုများပေးအပ် လျက်ရှိသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် "ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်" ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ပံ့ပိုးမှုများ ပေးအပ်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့သည် မကွေး တိုင်းဒေသကြီးအတွက် အဓိကကျသော ဆေးရုံကြီးဖြစ်ပြီး ယခုပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အဆင့်မြှင့်တင်ရေး စီမံကိန်းကြီးသည် တိုင်းဒေသကြီးအတွက် လွန်စွာ အကျိုးရှိသော စီမံကိန်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၏ မိခင်သေဆုံးမှုနှင့် မွေးကင်းစ ကလေးသေဆုံးမှု နှုန်းများသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက မြင့်မားနေသောကြောင့် ယခု သားဖွား မီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ ဆောက်လုပ်ပြီးစီးခဲ့ခြင်းမှာ မိမိတို့ တိုင်းဒေသကြီး အတွက် အကျိုးများစွာရှိမည် ဖြစ်ပါကြောင်း။

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းကို ထောက်ပံ့ပေးလျက်ရှိသော ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးနှင့် ချိတ်ဆက်တိုင်ပင်ကာ လုပ်ငန်းများ ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Counselor Mr. Takimi Kazuyuki က ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့သည် တိုင်းဒေသကြီးအတွက် အရေးကြီးသော ဆေးရုံကြီးဖြစ်ပြီး လူနာခုတင်သုံးစွဲမှုများပြားသော ဆေးရုံကြီးဖြစ်ပါ ကြောင်း၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ပိုမို အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေးနှင့် နေထိုင်မှုအရည်အသွေး ပိုမို မြင့်မားစေရေး ရည်ရွယ် ဆောင်ရွက် နေခြင်းဖြစ် ပါကြောင်း၊ "သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ" ကို ပြီးစီးပြီးနောက် ဆေးပစ္စည်းကိရိယာများ ကိုလည်း ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ကူ ညီပေးလျက်ရှိသည့်အပြင် အခြားကျန်းမာရေး ကဏ္ဍများ အတွက် ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့မှာ ဂျပန်ယန်းငွေ (၂,၂၈၁)သန်း ဖြစ်ပါသည်။ ယခုလွှဲပြောင်းပေးအပ်ခဲ့သည့် "သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ" တွင် သားဖွားနှင့် မီးယပ်ဆေးကုသဆောင်၊ မွေးကင်းစကလေးကုသဆောင်၊ အရေးပေါ်ဌာနနှင့် ခွဲစိတ်ခန်း တို့ပါဝင်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,