မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာကြား၌ ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာကြား၌ ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / March 25, 2026
နေပြည်တော် မတ် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်းရှင်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီးနှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် တပ်ကုန်း-ကျောက်ဆည်ခရိုင် ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာကြား၌ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်များ တင်ဆောင်လာသည့် Shayan အမျိုးအစား ဆိုင်ကယ် ၂ စီးနှင့် Kenbo အမျိုးအစား ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ခွန်လိမ္မာ ၊ ၄၀ နှစ်၊ (ဘ) ဦးထွန်းလှိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်းကျေးရွာနေသူအား ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်များအား ရှာဖွေစစ်ဆေးခဲ့ရာ ဆာလာအိတ် ၆ အိတ်အတွင်းမှ ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
