မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ဆည်စောင့်နေ့စား အလုပ်သမား တစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ဆည်စောင့်နေ့စား အလုပ်သမား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / October 31, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်း ကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေကမိုးကျေးရွာရှိ ဆည်စောင့်ဝန် ထမ်းအိမ်ရာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါဝန်ထမ်းအိမ်ရာနေ ပုန်းမကြည်ဆည်စောင့် နေ့စားအလုပ်သမားဖြစ်သူ ဦးအုန်းလွင်(၅၆)နှစ်သည် ၎င်း၏နေအိမ်လိုင်းခန်း၌ မိသားစုဝင်များနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအုန်းလွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
