မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP) ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP) ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / July 03, 2020
image_latest


နေပြည်တော်  ဇူလိုင် ၃

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး စီမံကိန်း(NFASP) ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က  စီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းတစ်ခုလုံး အောင်မြင်စေရေးအတွက် ထိန်းချုပ် စီမံခန့်ခွဲနိုင်ရေးနှင့် စဉ်ဆက်မပြတ် စိစစ်သုံးသပ်ဆောင်ရွက်ရေး အလွန် အရေးကြီးကြောင်း၊ စီမံကိန်း၏ သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်းဦးဆောင်ကော်မတီ၊ လုပ်ငန်းအကောင် အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲထားမှုအလိုက် ဘတ်ဂျတ် လိုအပ်မှုကို လျာထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းဦးတည်ချက်နှင့် လက်တွေ့ဆောင်ရွက်မှု ကိုက်ညီမှုရှိစေရေး အထူးဂရုပြု ဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးမြှင့်စေခြင်းနှင့် သီးနှံအမယ်စုံစိုက်ပျိုး ခြင်းလုပ်ငန်း၊ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်ဖွံ့ဖြိုး တိုးတက်လာခြင်းလုပ်ငန်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း၊ ဆည်ရေသောက် စနစ်တည်ဆောက်ခြင်းနှင့် ဆည်ရေ သောက်စနစ် အတွင်းရှိ ရေမြောင်းများ ပြန်လည်တူးဖော်ရေး ရေငန်တားတာများ ကြံ့ခိုင်မှု ရှိစေရန် ဆောင်ရွက်ရေးလုပ်ငန်း၊ စီမံကိန်းကြီးကြပ်ကွပ်ကဲခြင်း ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် စောင့်ကြည့် အကဲဖြတ် သုံးသပ်ခြင်း လုပ်ငန်းစဉ်များ၊ ဒေသဆိုင်ရာ သုတေသနစင်တာများနှင့် သုတေသနခြံများ အဆင့်မြှင့်တင်ခြင်း စီမံကိန်းဆိုင်ရာများ၊ လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာများကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများက  အ‌သေးစိတ်ရှင်းလင်း တင်ပြကြသည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း(NFASP)ကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြန်မာနိုင်ငံအောက်ပိုင်း၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများ၊ ဧရာဝတီမြစ်ဝ ကျွန်းပေါ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသများနှင့် ကမ်းရိုးတန်းဒေသများ (တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ)တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။ စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံအမယ်စုံ ပိုမိုစိုက်ပျိုး လာနိုင်စေရန်၊ ရွေးချယ်ထားသော တန်ဖိုးမြှင့် ကွင်းဆက် တစ်လျှောက်မှ စိုက်ပျိုးရေးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် စျေးကွက် ယှဉ်ပြိုင်မှုများ တိုးမြှင့်လာနိုင်စေရန်နှင့် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များ ဆောင်ရွက်ပေး နိုင်ရေးတို့ကို ရည်ရွယ်၍ အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

NFASP စီမံကိန်းကို ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေရယူကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ စီမံကိန်းကာလ (၅နှစ်ခွဲ)အတွင်း  အကောင်အထည် ဖော်ဆောင်ရွက်မည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP)အရ စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှု တိုးမြှင့်လာနိုင်ခြင်း၊ ကွင်းဆက်တစ်လျှောက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး စျေးကွက် ယှဉ်ပြိုင်နိုင်မှု တိုးမြင့်လာနိုင်ခြင်း၊ အစားအစာဘေးကင်း လုံခြုံမှုနှင့် အာဟာရပြည့်ဝရေးအတွက် ပံ့ပိုးပေးနိုင်ခြင်း၊ Covid-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ရေတိုရေရှည် ကုစားပေးနိုင်မည့် အစီအမံများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,